ညှိနှိုင်းဆွေးနွေးမှု အားကောင်းတဲ့ အစိုးရဖြစ်ဖို့ ကရင်ဒေသခံတွေလိုလား

စောညွန့်သောင်း
2020-11-02
Share

ကရင်ပြည်နယ်မှာ အစိုးရအဆက်ဆက် ဒေသဖွံ့ဖြိုးရေး စီမံကိန်းတွေကို အကောင်အထည်ဖော်ရာမှာ ဒေသခံတွေရဲ့ သဘောထားကို ရယူဆောင်ရွက်ခဲ့တာ အားနည်းသလို ဒေသခံတွေ လက်မခံတဲ့ စီမံကိန်းတချို့ကို အကောင်အထည် ဖော်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့တွေ၊ ဒေသခံ ပြည်သူတွေက ထောက်ပြ ကြပါတယ်။

အဲဒီအချက်တွေကြောင့် ကရင်ဒေသအရေး တက်ကြွလှုပ်ရှားသူ အများစုက လက်ရှိ NLD အစိုးရကိုလည်း အားမလိုအားမရဖြစ် ဖြစ်နေပါတယ်။

ဒေသခံတွေရဲ့ ဘိုးဘွားပိုင် မြေယာတွေကို ပိုင်ဆိုင်မှုအထောက်အထား ခိုင်မာအောင် မဆောင်ရွက်ပေးနိုင်ဘဲ သိမ်းဆည်းခံရတာတွေရှိတာကြောင့် အစိုးရကို ဝေဖန်တာတွေ ရှိနေတာပါ။

ကရင့်ရေးရာ ကော်မတီအဖွဲ့မှ စောကျော်စွာက လာမယ့် အစိုးရသစ်အနေနဲ့ ဒေသခံတွေရဲ့ မြေယာ ပိုင်ဆိုင်မှုတွေကို ခိုင်မာအောင် ဆောင်ရွက်ပေးဖို့ မျှော်လင့်တယ်လို့ RFA ကို ပြောပါတယ်။

“သူတို့တွေမှာ မြေယာပိုင်တဲ့ အထောက်အထား မရှိဘူး၊ အဲဒီဟာတွေ ဒီလာမယ့်အစိုးရက ပိုင်ဆိုင်မှု မရှိဘူး ဆိုပြီးတော့ သိမ်းတဲ့ဟာမျိုး စာရွက်ပေါ်မှာ မတရားလုပ်တဲ့ဟာမျိုး မဟုတ်ဘဲနဲ့ တကယ် ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့အညီ ဆောင်ရွက်ပေးတာကိုတော့ လိုချင်ပါတယ်”

ဘားအံမြို့နယ်၊ လက္ခဏရွာ ဒေသခံတွေဟာ ၁၉၈၈ နဲ့ ၁၉၉၉ ခုနှစ်အတွင်း လယ်ယာမြေ သိမ်းဆည်းခံခဲ့ရပြီး အဲဒီထဲက ဒေသခံ စောထိပိုဆိုသူလည်း ပါဝင်ပါတယ်။

၂၀၁၆ ခုနှစ်မှာ နှစ်ဧကကျော် ပြန်ရထားတဲ့ စောထိပိုက ကျန်တဲ့ ရှစ်ဧက  အပြည့်အဝပြန်ရလိုပြီး ပိုင်ဆိုင်မှု ခိုင်မာအောင် အစိုးရက ဆောင်ရွက်ပေး စေလိုတယ်လို့ ပြောပါတယ်။

“လူထုစကားကို နားထောင်တယ်၊ လူထုအလုပ်အကိုင်အတွက် လုပ်ဆောင်ပေးနိုင်တဲ့ လုထုကို ကူညီ ထောက်ပံ့ပေးနိုင်တဲ့ အစိုးရသစ်ကို လိုချင်တာပေါ့”

လက်ရှိအစိုးရကို အားမလိုအားမရ ဖြစ်နေသူတွေထဲမှာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ တွေလည်း ပါဝင်ပါတယ်။

ထိုင်းကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး ဘားအံမြို့ အနီးမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ ၂၀၁၆ မတိုင်ခင်ကတည်းက ပြင်ဆင်ခဲ့တာကို လက်ရှိ ကရင်ပြည်နယ်အစိုးရက ဆက်လက် ကိုင်တွယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။

ကရင် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုလှုပ်ရှားမှုကွန်ရက်အဖွဲ့ အပါအဝင် အဲဒီဒေသမှာရှိနေကြတဲ့ ကျေးရွာပေါင်း (၁၉) ရွာက ဒေသခံ  သုံးထောင်ကျော်က လက်မခံကြောင်း ပြည်နယ်အစိုးရထံ လက်မှတ်ရေးထိုး တင်ပြထားပါတယ်။

အဲဒီလို ကန့်ကွက်တာကို ဦးဆောင်ကန့်ကွက်ခဲ့တဲ့ ကရင်မြစ်ချောင်း စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့က စောသာဘိုးဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံထားရပါတယ်။

စောသာဘိုးက ဒါဟာ ဒေသခံတွေအပေါ်  နှိပ်ကွပ်တာပဲလို့ မြင်ပါတယ်။

“ကရင်ပြည်နယ်အစိုးရက မူဝါဒတွေကို ဦးစားပေး ဖော်ဆောင်တဲ့အခါမှာ ဒေသခံတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှု တွေအားနည်းတယ်။ ဒေသခံပေါ်မှာ နှိပ်ကွပ်မှုတွေ၊ တရားစွဲမှုတွေရှိတယ်ဆိုတဲ့ဟာ တွေ့ရတယ်။ အစိုးရ တစ်ရပ်အနေနဲ့ ပြည်သူတွေကိုကာကွယ်ပေးရမယ်။ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ ပြည်သူတွေကို ဝန်ဆောင်မှုပေးရမယ်။ လုံခြုံမှုတွေရမယ်”


လာမယ့် အစိုးရသစ်လက်ထက်မှာ ဒီလိုဆောင်ရွက်ချက်တွေ မရှိစေလိုတော့ဘူးလို့ သူက ဆိုပါတယ်။

လျှပ်စစ်မီးရရှိဖို့ ကျောက်မီးသွေး စက်ရုံ တည်ဆောက်ရတာဟာ ကရင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖြစ်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်နန်းခင်ထွေးမြင့်က ၂၀၁၇ ခုနှစ် ဇွန်လ နဲ့ အောက်တိုဘာလတို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးပါတယ်။

လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး RFA က မေးမြန်းဖို့ ကြိုးစားပေမယ့် ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ပြည်နယ်အစိုးရဝန်ကြီးတို့နဲ့ ဆက်သွယ်လို့ မရသေးပါဘူး။

ပြည်နယ်အစိုးရအနေနဲ့ ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်မှုအား နည်းတယ်ဆိုပြီး ဝေဖန်သူတွေလည်း ရှိပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ကိုကျော်ခင်က ၂၀၂၀ အလွန် အစိုးရသစ်ကို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းဆောင်ရွက်တာမျိုး လိုလားနေပါတယ်။

“ဘယ်အစိုးရပဲတက်လာ တက်လာ ပြောချင်တာက လူထုမျက်နှာကြည့်ဖို့၊ ဘာစီမံကိန်းပဲလုပ်လုပ်၊ ဘာလုပ်ငန်းပဲဖြစ်ဖြစ် လုပ်ကြမယ်ဆိုရင် ပြည်သူတွေရယ်၊  အရပ်ဘက်အဖွဲ့စည်းတွေရယ် ပွင့်ပွင့်လင်းလင်း ဆွေးနွေး တိုင်ပင်ပြီးတော့ ငါ့တို့တွေ ဘယ်လို လုပ်ကြမလဲဟေ့ ဆိုပြီးတော့ တွေ့ဆုံပွဲတွေ လုပ်ပြီးတော့မှ အကောင်ထည်ဖော်ကြရင် ပိုကောင်းမယ်။ ကျနော်တို့လည်း အဲဒီလို လိုချင်တယ်”

ဒေသခံတွေကို ပွင့်လင်းမြင်သာစွာ ချပြမှုမရှိတဲ့ထဲမှာ မြဝတီမြို့ မြောက်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ရွှေကုက္ကို မြို့သစ်စီမံကိန်းလည်း ပါဝင်ပြီး ဒီစီမံကိန်းကြောင့်  ပြည်ပကနေ တရားမဝင် လာရောက်သူတွေ ရှိနေပြီး ဒေသခံတွေ သွားလာရေးမှာ မလုံခြုံတော့ဘူးလို့ ဝေဖန်သူတွေ ရှိနေပါတယ်။

အာဏာရ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး  မုံရွာအောင်ရှင်ကတော့ နယ်စပ်ဒေသ တလျှောက်မှာရှိတဲ့ ပြည်နယ်တွေကို တာဝန်ယူရသူတွေဟာ သတိထားပြီးတော့ လုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

“ကျနော်မှတ်မိတာ သတိထားမိတာက ကရင်ပြည်နယ်က တော်တော့်ကို သတိထားရပါတယ် ဒေါ်နန်းခင်ထွေမြင့် လုပ်နေရတာတွေလေ၊ ဘာကြောင့်လဲ ဆိုတော့ အဲဒီမှာ ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ တွေလည်းရှိတယ်။ နောက်တစ်ခုက တပ်မတော်ရဲ့ ထိန်းကွပ်မှုအောက်ကနေပြီးတော့ BGF လို ဟာမျိုးတွေလည်း ရှိနေတယ်။ ဒီကြားထဲ ထပ်ပြီးတော့ အခြား NGO အဖွဲ့အချို့က ဆန္ဒဖော်ထုတ် တာတွေလည်း တွေ့နေရတယ်။ ကရင်အစိုးရအနေနဲ့ လုပ်ရနိုင်ရတာ တော်တော်လေး ခက်ပုံရတယ် ကျနော်မြင်တာတော့လေ။”

အားလုံးမျှော်လင့်ထားသလိုတော့ မဖြစ်လာသေးတာတော့ သေချာတယ်ဗျာ။ ဘာဖြစ်လဲဆိုတော့ ဒီအကန့် အသတ်တွေက ရှိနေသေးတာကို။

အဲဒါကြောင့် နောက်တက်လာမယ့် နောက်တာဝန်ယူမယ့် ဒီဟာတွေကို ညှိနှိုင်းပြီးတော့ လုပ်ကြရမှာပဲ။ အခုနကပြောတဲ့ ပြည်သူလူထုရဲ့ဆန္ဒတွေကို မခံယူဘူးတို့ သဘောထားတွေ မမေးဘူးဆိုတာလည်း အဲဒါတော့လည်း အကန့်သတ်ရှိနေတယ်ဗျာ "

ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် တာဝန်ယူထားရတဲ့ ကရင်ပြည်နယ်မှာလည်း   ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ ရှိတဲ့အပြင်  တပ်မတော်က ထိန်းချုပ်တဲ့ နယ်ခြားစောင့် တပ်ဖွဲ့လည်း ရှိတာကြောင့် လုပ်ကိုင်ရ ခက်ခဲဖွယ် ရှိပြီး အရပ်ဘက်အဖွဲ့တွေရဲ့ ကန့်ကွက်မှုကိုလည်း ရင်ဆိုင်နေရတယ်လို့ နန်းခင်ထွေးမြင့်က ပြောပါတယ်။

“ဥပမာ ကျောက်မီးသွေးနဲ့ လျှပ်စစ်ကိစ္စတို့ ဆိုလို့ရှိရင်လည်း နောက်ဆုံးကျတော့ လက်လျှော့ခဲ့ရတာပဲဗျ။ အခြား ရွှေကုက္ကို ကိစ္စလိုဟာမျိုးတွေမှာ အများကြီးပဲ၊ စိန်ခေါ်မှု ပြဿနာတွေက အများကြီးပဲ။ အဲဒီ စိန်ခေါ်မှုတွေထဲက နေပြီးတော့ ကရင်ပြည်နယ် အစိုးရက အတော်အသင့် လုပ်နိုင်ကိုင်နိုင်ဖြစ်အောင် လုပ်နေရတာလို့ပဲ ကျနော်မြင်တယ်။ အားလုံး မျှော်လင့်ထားသလိုတော့ မဖြစ်လာသေးတာတော့ သေချာတယ်ဗျာ။ ဘာဖြစ်လဲ ဆိုတော့ ဒီအကန့် အသတ်တွေက ရှိနေသေးတာကို။ အခုနက ပြောတဲ့အကန့် အသတ်ရှိနေ သေးတယ်”

ကရင်ပြည်နယ် အစိုးရကို ဝေဖန်နေသူတွေရှိသလို ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ချက်တွေ ကြိုက်နှစ်သက်သူတွေလည်း ရှိပါတယ်။

ဘားအံမြို့ခံ စာရေးဆရာ ဦးသန်းထွဋ်ကတော့ လက်ရှိအစိုးရကို မကြိုက်တဲ့အချက်တွေ ရှိပေမယ့် ဆောင်ရွက်ချက်အတော်များများကို ကြိုက်နှစ်သက်တယ်လို့ ပြောပါတယ်။

"လက်ရှိအစိုးရက လမ်းစကို ဖော်ထားခဲ့ပြီးပြီ၊ လမ်းပန်းတွေဘာတွေ ဒါက အသိပဲ၊ နိုင်ငံတကာက ဆက်သွယ်မယ့် အာရှတို့အကုန်လုံးကို ဖော်ထားပြီးပြီး အတော်များများက တတ်နိုင်သလောက်၊ အခု မြို့ပေါ်မှာပဲကြည့်လိုက် ကမ်းနားလမ်းတစ်လျှောက်မှာ။ ကျနော်ခုနက ပြောသလို ရာနှုန်းပြည့် ကြိုက်တယ်လို့ ကျနော်မပြောဘူး အခုလက်ရှိ ကရင်အစိုးရအဖွဲ့ကို သို့သော်လည်း ကျနော် တော်တော်များများကို ခုနက ဂုဏ်ထူးမှတ် ပေးတယ်ဆိုတာလည်း အဲဒါတွေပါပဲ။ တစ်ရာ မဟုတ်သည့်တိုင်လည်း တော်တော်များများကို ကျနော် ကြိုက်နှစ်သက်တဲ့အတွက်ကြောင့် ကျနော် ဂုဏ်ထူးမှတ်ပေးပါတယ်။"

NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ဘားအံမြို့ခံ ဦးမြင့်စိုးက အရင်အစိုးရထက် စာရင်တော့ တိုးတက်မှုတွေရှိလာတယ်လို့ RFA ကို ပြောပါတယ်။

“အခုဆို လမ်းတွေ ကျယ်လာသလို လျှပ်စစ်မီးတွေလည်း ရကုန်ကြပြီး၊ ဒါကြောင့် အကောင်းဘက်က မြင်ပေးရမှာပေါ့၊ အဲလိုလုပ်တဲ့အချိန်မှာ ဘယ်တော့မှ ခြောက်ပြစ်ကင်း သဲလည်းစင်တော့ မရှိဘူး၊ အကောင်ထည်ဖော်တဲ့ အစိုးရကော တာဝန်ရှိသူတွေရဲ့ လှစ်ဟင်းမှု မှားယွင်းမှုတွေကတော့ အနည်းနဲ့အများ ရှိကြပါပဲ၊ အရင်ထက် စာရင်တော့ ပိုပြီးတော့ ကျယ်ပြန့်ထိရောက်လာတယ်လို့ ကျနော်မြင်ပါတယ်”

ဒါတွေကတော့ ရွေးကောက်ပွဲနီးလာချိန်မှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်တဲ့ ပြည်နယ်အစိုးရနဲ့ ပတ်သက်ပြီး မတူတဲ့ အမြင်တွေပဲ ဖြစ်ပါတယ်။

အထွေထွေရွေးကောက်ပွဲကတော့ လာမယ့် ရက်ပိုင်းအတွင်း ကျင်းပတော့မှာပါ။ ရွေးကောက်ပွဲအပြီး ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တဲ့သမ္မတက ပြည်နယ်အစိုးရဝန်ကြီးချုပ်တွေကို ခန့်အပ်မှာ ဖြစ်ပါတယ်။

------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့