ကရင်အမျိုးသားအစည်းအရုံးနဲ့ မွန်ပြည်သစ်ပါတီ တိုက်ပွဲဖြစ်


2019.10.17
nmsp-soldier-622.jpg မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေတာကို တွေ့ရစဉ်
Photo: RFA

ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ မွန်ပြည်သစ်ပါတီတို့ ဒီကနေ့ မနက်ပိုင်းက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် စပ်ကြား ထိတွေ့မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်က အရာရှိတစ်ဦး ကျဆုံးခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားချိန်ဟာ မိနစ်ပိုင်းအတွင်းလောက်သာရှိပြီး KNU ဘက်ကတော့ ထိခိုက်ကျဆုံးမှုမရှိသလို အနီး အနားက ကျေးရွာတွေမှာလည်း ထိခိုက်မှုမရှိခဲ့ဘူးလို့ KNU တာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့က KNU ဂိတ်နံပါတ် ၄ မှာ ထားရှိတဲ့ အလံတိုင်ကို လာနုတ်ခဲ့တာကြောင့် အခုလိုဖြစ်တာလို့ KNU တပ်မဟာ ၆ တာဝန်ရှိသူ ပဒိုစောအယ်ဒါးက ပြောပါတယ်။

"မနက်ကတော့ နည်းနည်းဖြစ်သွားတာပေါ့နော် ကျွန်တော်တို့ ၁၅ ရက်နေ့တုန်းက သိပ်မလှမ်းမကမ်းလေးမှာပေါ့၊ အဲဒီမှာ ကျွန်တော်တို့အဖွဲ့က ဂိတ် ၄ မှာထားတဲ့ အလံတိုင်ကို လာဖြုတ်သွားတယ်လို့တော့ သိရတာပေါ့နော်၊ အလံကို ဖြုတ်ချပြီး နောက်တစ်ရက်မှာပဲ ဘယ်ကနေ ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်လည်း သေချာမသိဘူး ဖြစ်သွားတယ်၊ မနက်မိုးမလင်းခင်ပေါ့ အဲဒီမှာ နည်းနည်းနဲ့ နောက်မရမ်းချောင်းဖျားမှာ နည်းနည်းဖြစ်သွား တာပေါ့"

ကျွန်တော်တို့  တစ်ယောက် ဆုံးသွားတယ်

KNU ဘက်ကတော့ အဲဒီလို ပြောဆိုထားပေမယ့် မွန်ပြည်သစ် ပါတီဘက်ကတော့ ငြင်းဆိုထားပြီး သူတို့နယ်မြေ ထဲကို  KNU က ဝင်ရောက်ပစ်ခတ်သွားတာလို့ နိုင်ဉာဏ်ထွန်းက ပြော ပါတယ်။

မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် ဆက်ဆံရေးရုံး ဥက္ကဋ္ဌ နိုင်ဉာဏ်ထွန်း ကတော့ သူတို့ဘက်က ဗိုလ်အဆင့်ရှိတဲ့  အရာရှိတစ်ဦး ကျဆုံးခဲ့တယ်လို့ RFA ကို  ပြောပါတယ်။

"ကျွန်တော်တို့နယ်ထဲ ကိုယ့်နေရာနဲ့ကိုယ်နေတယ်၊ သူတို့ဝင်ပစ်တယ်ပေါ့။ မရမ်းချောင်းမှာတော့ မနက် ၄ နာ ရီလောက် ဝင်ပစ်တယ်။ နောက် ဗလဲဒွန်ဖိုက်ကျေးရွာမှာကျတော့ ၅ နာရီလောက် ဝင်ပစ်တယ်။ မရမ်းချောင်း မှာတော့ ဘာမှမဖြစ်ဘူးလေ ပစ်ပြီး သူတို့ ပြန်ဆုတ်သွားတယ်။ နောက်ပြီး ဘရားသူံးဆူဒေသ ဗလဲဒွန်ဖိုက် မှာတော့ ကျွန်တော်တို့ တစ်ယောက် ဆုံးသွားတယ်ပေါ့။ ကျွန်တော်တို့ ပြန်တမ်းဝင်အရာရှိတစ်ယောက်ပဲလေ "

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်မှု ကော်မတီ JMC ဗိုလ်မှူးကြီး ဝဏ္ဏအောင် က ဒီနေ့မနက် ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ တင်ပြလာတာမရှိသေးဘူးလို့ ပြောပါတယ်။

အရင်ကတော့ ဒီလိုဖြစ်စဉ်တွေမှာ အစည်းအဝေးတွေကနေ ညှိနှိုင်းဆွေးနွေးဖြေရှင်းခဲ့တာရှိတယ်လို့ သူက ဆိုပါတယ်။အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေးအဖွဲ့ JMC အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်

"အရင်တုန်းကတော့ ကိုယ်တို့အစည်းအဝေးရှိတဲ့အခါကြတော့ ဘာပဲဖြစ်ဖြစ် JMC ရဲ့လုပ်ငန်းစဉ်တွေကို အစည်းဝေးမှာ ညှိနှိုင်းဖြေရှင်းကြတာလေ။ အခုကတော့ အစည်းအဝေးလည်း ရပ်ဆိုင်းထားတဲ့ အချိန်ဖြစ်နေတဲ့ အခါကြတော့ နောက်ပြီးတော့ ဒီအကြောင်းအရာလည်း သူတို့ JMC ကို တင်ပြလာတာမရှိတော့ ဘာမှကိုမ သိရသေးတဲ့အတွက် ကိုယ်တို့လည်း ဘာမှပြန်ပြီးတော့ ဖြေကြားစရာမရှိသေးပါဘူး"

KNU ဟာ ၂၀၁၃ ခုနှစ်ကတည်းက အစိုးရနဲ့ NCA လက်မှတ်ရေးထိုး ထားတဲ့အဖွဲ့ဖြစ်ပြီး မွန်ပြည်သစ်ပါတီကတော့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့ကမှ အပစ်ရပ်လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီနဲ့ KNU တို့ဟာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်စပ်ဖြစ်တဲ့ ရေဖြူမြို့နယ်အတွင်းမှာ နယ်မြေအငြင်းပွားမှုနဲ့ တခါတရံ ပစ်ခတ်မှုဖြစ်ပွားနေတဲ့အဖွဲ့တွေ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုနေမျိုးထွန်း  တင်ပြသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။