ထောင်တွင်းသေဆုံးတဲ့ အောင်သပြေရွာသားရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေတွေ့


2019.06.06
htun-myint-win-622 မန္တလေး အိုးဘိုထောင်ထဲမှာ သေဆုံးခဲ့တဲ့ ကိုထွန်းမြင့်ဝင်းရဲ့ ရုပ်အလောင်းကို မိသားစုဝင်များက ၂၀၁၉၊ ဇွန် ၆ ရက်နေ့က သယ်ဆောင်လာကြစဉ်
Photo: San Nyein Oo

ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်မှုမှာ ပါဝင်တယ်ဆိုပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရစဉ် သေဆုံးခဲ့တဲ့ အောင်သပြေကျေးရွာက ကိုထွန်းမြင့်ဝင်းရဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာတွေတွေ့ရတယ်လို့ မိသားစုက ပြောပါတယ်။

RFA ဝိုင်းတော်သူ မခင်ခင်အိ တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

ထောင်တွင်းသေဆုံးတဲ့ အောင်သပြေရွာသားရဲ့ခန္ဓာကိုယ်မှာ ဒဏ်ရာတွေတွေ့

(ခင်ခင်အိ)

■ မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် အောင်သပြေကျေးရွာအနီးက ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်မှုမှာပါဝင်တယ်ဆိုပြီး အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံနေရစဉ်မှာ သေဆုံးသွားခဲ့တဲ့ အောင်သပြေကျေးရွာက ကိုထွန်းမြင့်ဝင်းရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေနဲ့ ကျေးရွာသားတချို့ ဒီကနေ့ မန္တလေးဆေးရုံကြီးမှာ သွားရောက်ကြည့်ရှုခွင့်ရခဲ့ပါတယ်။

ကိုထွန်းမြင့်ဝင်းရဲ့ ရုပ်အလောင်းမှာ ပြတ်ရှဒဏ်ရာတွေနဲ့ ထိုးနှက်ထားတဲ့ ဒဏ်ရာတွေကို တွေ့ခဲ့ရတယ်လို့  ရုပ်အလောင်းကို သွားရောက်ကြည့်ရှုခဲ့တဲ့ သေဆုံးသူရဲ့ အကိုဖြစ်သူ ဆရာတော် ဦးဝိမလက RFA ကို မိန့်ပါတယ်။

“ ဆရာဝန်ကြီးက ကြည့်ခိုင်းတော့ နားထဲက သွေးတွေယိုနေတယ်။ နားအနောက် ဇက်ပိုးဘေး နားထင်ဘေးမှာ ဒဏ်ရာတခုတွေ့တယ်။ သွေးတွေကလည်း တအားအိုင်နေတယ်။ နဖူးမှာလည်း ပေါက်ပြဲနေတဲ့ ဒဏ်ရာနဲ့ ဘယ်ဘက်နံရိုးမှာ အကွဲတခုရှိတယ်။ချုပ်ထားတယ်။ ကျောမှာလည်း ဒဏ်ရာတွေနဲ့ အသားတွေလည်း လန်နေတယ် ”

ဆရာတော်နဲ့အတူ လိုက်ပါသွားတဲ့ အောင်သပြေကျေးရွာသား ကိုသန်းထိုက်ကလည်း သေဆုံးသူ ကိုထွန်းမြင့်ဝင်းဟာ မတရားနှိပ်စက်ခံရလို့ သေဆုံးသွားတာလို့ထင်ကြောင်း ပြောပါတယ်။

“ အလောင်းမခွဲခင်မှာ ကျနော်တို့အားလုံး ကြည့်ကြတယ်။ အလောင်းကို ဓာတ်ပုံရိုက်ခွင့်မရဘူး။ ဘာမှရိုက်ခွင့်မပေးဘူး။ နားတဖက်က သွေးတွေထွက်ပြီး ပါးစပ်ကလည်း သွေးတွေထွက် မျက်နှာတခြမ်းကလည်း ရစရာမရှိအောင်စုတ်ပြတ်နေတယ် ”

ဒါ့အပြင် ဆေးစာမှတ်တမ်းကို ထောင်အာဏာပိုင်ကတဆင့် ထုတ်ယူဖို့နဲ့ သေဆုံးသူရဲ့အလောင်းကို ထုတ်ယူဖို့အတွက် အလောင်းကိုအကြောင်းပြပြီး ဆူပူမှုမလုပ်ပါဘူးဆိုတဲ့ ခံဝန်လက်မှတ်ထိုးခဲ့ရတယ်လို့ အောင်သပြေကျေးရွာသား ကိုသန်းထိုက်က ပြောပါတယ်။

“ ထောင်အရာရှိတွေက ဆေးစာမှတ်တမ်းကို သူတို့ဆီကတဆင့် ထုတ်ရမယ်ပြောရမယ်။ အလောင်းကိုလည်း သူတို့က လက်မှတ်ထိုးခိုင်းတာ ဒီအလောင်းကို အကြောင်းပြပြီး ဆူပူလှုပ်ရှားမှု မလုပ်ရဘူးပေါ့ ဦးပဇင်းကတော့ မထိုးချင်ဘူး။ ကျနော်တို့က အလောင်းကို ပြန်ရဖို့အတွက် တိုက်တွန်းမှ ဦးပဇင်းက ထိုးတယ် ”

သေဆုံးသူရဲ့ ဒဏ်ရာတွေနဲ့ပတ်သက်ပြီး အိုးဘိုအကျဉ်းထောင် ထောင်မှုးကြီး ဦးထွန်းထွန်းကတော့ ခုလိုပြောပါတယ်။

“ အကျဉ်းထောင်ထဲကတော့ မဖြစ်ပါဘူးဗျာ။ မဖြစ်ပါဘူး။ ဒါက မိသားစုဝင်တွေ သိပြီးသားပါဗျ။ ကျနော်တို့က သုံးရက်နေ့က လက်ခံရရှိပါတယ်။ အချုပ်သားအဖြစ်နဲ့ပါ။ သူကအပြင်မှာလည်း အရက်တော်တော်များများ သောက်လာတဲ့ အနေအထားရှိတယ်ခင်ဗျ။ ကျနော်တို့က အကျဉ်းထောင် လုပ်ထုံးလုပ်နည်းအရပေါ့ဗျာ။ အကျဉ်းသားအချုပ်သားတွေ လက်ခံရရှိရင် ကျန်းမာရေးဆေးစစ်တာလုပ်ရတယ်။ သူ့ကျန်းမာရေးဆေးစစ်ပြီးတော့ သူက ဖျားနာရောဂါရှိတဲ့အခါကျတော့ ၄ ရက်နေ့က ထောင်တွင်းဆေးရုံမှာ လိုအပ်တဲ့ဆေးဝါးတွေနဲ့ ကုသပေးပါတယ်။ ၅ ရက်နေ့ မနက် ၇ နာရီမှာ သေဆုံးသွားတယ်။ ကျနော်တို့က အကျဉ်းထောင် လုပ်နည်းလုပ်နည်းအတိုင်း မန္တလေးအထွေထွေဆေးရုံကြီးက မှုခင်းဆရာဝန်နဲ့ ရင်ခွဲစစ်ဆေးတယ်။ မိသားစုကို အကြောင်းကြားတယ်။ မိသားစုကလည်း သူတို့အစီအစဉ်နဲ့ သြင်္ဂိုလ်ချင်တယ်ဆိုလို့ တရားဥပဒေနဲ့ မကင်းတာတွေ မလုပ်ဖို့ ခံဝန်လက်မှတ်ထိုးခိုင်းရတယ်”

ကိုထွန်းမြင့်ဝင်း သေဆုံးတာနဲ့ပတ်သက်ပြီး အဖျားကြီးတာနဲ့ အရက်ကြောင်တာကြောင့်လို့ မန္တလေးဗဟိုအကျဉ်းထောင် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှုး ဦးချိုဝင်းထွန်းက ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

သေဆုံးသူနဲ့ပတ်သက်ပြီး မန္တလေးဆေးရုံက ရင်ခွဲရုံတာဝန်ခံ ဒေါက်တာဝဏ္ဏမောင်ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“ အပေါ်စာနဲ့တောင်းပါ။ သံရုံးကနေတဆင့်တောင်းပါ။ တရားဝင်စာနဲ့တောင်းရင် စာထုတ်ပေးမယ်”

သေဆုံးသူကိုထွန်းမြင့်ဝင်းရဲ့အမှုနဲ့ပတ်သက်ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်က….

“ ကျနော်တို့တော့ အဲဒါနဲ့ပတ်သက်ပြီး အသေးစိတ်မသိဘူး အသေးစိတ်သိဖို့က ခရိုင်ကို မေးကြည့်ရင်ကောင်းမယ်နော် ”

သေဆုံးသူ ကိုထွန်းမြင့်ဝင်းဟာ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်း ကန့်ကွက်မှုမှာ ပါဝင်တယ်ဆိုပြီး ဇွန်လ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာပါ။ ရဲစခန်းက ဇွန်လ ၃ ရက်နေ့မှာ အိုးဘိုအကျဉ်းထောင်ကို ပို့ခဲ့တဲ့နောက် ၂ ရက်အကြာမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။ ဒီ အမှုနဲ့ပတ်သက်ပြီး အစိုးရအနေနဲ့ သေသေချာချာခုံရုံးဖွဲ့စစ်ဆေးသင့်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

“ကျနော်တို့ကိုယ်တိုင် ထောင်ထဲမှာ နှစ်ပေါင်းများစွာနေခဲ့ရတာဆိုတော့ ကျနော်တို့ခေတ်ကတော့ ထောင်က လူသတ်လိုင်စင်ရထားတာ။ ထောင်ထဲမှာ သေမှုသေခင်းဖွင့်လိုက်ရင် ရတာပဲဆိုပြီးတော့ တော်တော်ပဲ စစ်အစိုးရလက်ထက်မှာ ပိုးစိုးပက်စက် လူတယောက်ကိုလုပ်ခဲ့တာ။ အခုက အရပ်သားအစိုးရလက်ထက်မှာ ဒါကတော့ မဖြစ်သင့်ဘူးလေ။ ဘယ်မှာသေတာလဲ။ ဘယ်လိုသေတာလဲ သေသေချာချာ ခုံရုံးဖွင့် စစ်ဆေးသင့်တယ်”

ကိုထွန်းမြင့်ဝင်းရဲ့ ရုပ်အလောင်းကို မိသားစုက ဒီကနေ့ အောင်သပြေကျေးရွာကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး မနက်ဖြန် သြင်္ဂိုလ်မယ်လို့လည်း သိရပါတယ်။

ဘိလပ်မြေစက်ရုံကို ကန့်ကွက်ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အောင်သပြေရွာသား ၁၅ ဦးကို ပုဒ်မ ၃၃၃ ပြည်သူ့ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်မှု၊ ပုဒ်မ ၄၃၅ ဆုံးရှုံးစေရန်အကြံနဲ့ အကျိုးဖျက်ဆီးမှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျုးလွန်ရာမှာ အားပေးကူညီမှုတို့နဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။