ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ပဋိပက္ခ ပိုပြင်းထန်လာ


2020.06.12

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ အေအေအဖွဲ့ အကြား စစ်ရေးပဋိပက္ခတွေ တနေ့တခြား ပိုမိုပြင်းထန်လာနေပြီး တိုက်ခိုက်မှုတွေက မြို့ပေါ်တွေမှာပါ ရှိလာနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားတွေနဲ့ အစိုးရ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံး ရခိုင်ပြည်အတွင်းကနေ အမြန်ဆုံးထွက်ခွာသွားကြဖို့ ရက္ခိုင့်တပ်တော် (AA) က ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နောက် မနေ့က ဇွန်လ ၁၁ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့မဈေးရှေ့ လူမြင်ကွင်းမှာ တပ်မတော်အရာရှိတစ်ဦး ဓားနဲ့ထိုးပြီး လုပ်ကြံခံခဲ့ရတာပါ။

သူနဲ့အတူပါလာတဲ့ စစ်သည်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသလို လုပ်ကြံခံရတဲ့ တပ်အရာရှိကတော့ ဆေးကုသမှုခံယူနေရတယ်လို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။  ဒီဖြစ်ရပ်ဟာ  အေအေ ဒါမှမဟုတ် အေအေနဲ့ ဆက်စပ်ပတ်သက်သူတွေ လုပ်တာ ဖြစ်နိုင်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးတော့ တပ်မတော်အရာရှိ၊ စစ်သည်တွေကို လုပ်ကြံတဲ့ အလားတူဖြစ်စဉ်တွေဟာ ကျောက်တော်နဲ့ မြောက်ဦးမြို့တွေမှာ အရင်ကလည်း ဖြစ်ခဲ့တာကြောင့် ဒါဟာ သာမန်မြို့တွင်းလှုပ်ရှားမှု တစ်ရပ်သာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“ပုဏ္ဏားကျွန်း ဖြစ်စဉ်လိုဟာမျိုးကတော့ မြောက်ဦးဘက်မှာလည်း ဖြစ်တာပဲလေ။ မအီနဲ့ ကျောက်တော်တို့ဘက်မှာလည်း ဖြစ်ဖူးတယ်ထင်ပါတယ်။ ကျောက်တော်မှာလည်း ဘဏ်ကိုငွေလာထုတ်တဲ့ တပ်အရာရှိကို တိုက်ခိုက်တာတို့ပေါ့နော်။ မြောက်ဦးမှာလည်း မြို့တွင်းမှာ ပစ်တာတို့၊ ဖမ်းတာတို့ နှစ်ခါ သုံးခါတောင် မကဘူးဖြစ်ဖူးတယ် ထင်တယ်။ အဲတော့ ဒီလိုဖြစ်စဉ်တွေကတော့ သူတို့မြို့တွင်း ပြောက်ကျားတွေ လှုပ်ရှားပြီးတော့ တပ်မတော်ဘက်က အင်အားတချို့ သွားလာလှုပ်ရှားမှု မလုပ်ရဲအောင်ပေါ့ တစ်ယောက်ချင်း သွားလာလှုပ်ရှားမှု မလုပ်ရဲအောင် ဟန့်တားခြိမ်းခြောက်တဲ့ လုပ်ရပ်လို့ပဲထင်ပါတယ်”


အေအေအဖွဲ့ဟာ " ပြည်သူ့အာဏာပိုင်အဖွဲ့ " ဖွဲ့မယ်ဆိုပြီး ပြောဆိုထားတာတွေ ရှိတဲ့အတွက် အစိုးရ အုပ်ချုပ်ရေးအပေါ်  ဒီအဖွဲ့နဲ့ အစားထိုးလာနိုင်အောင် ဆောင်ရွက်ချက်မျိုး ဖြစ်နိုင်တယ်လို့လည်း ဦးမောင်မောင်စိုးက ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေရဲ့ စစ်ရေးပဋိပက္ခတွေ တစ်နေ့တခြား ပိုမိုပြင်းထန် လာနေသလို အေအေ အဖွဲ့ဝင်တွေလို့  သံသယ ရှိသူတွေကို တပ်မတော်ဘက်က ဖမ်းဆီးတာ၊ ပစ်ခတ်တာတွေ လုပ်ဆောင်သလို အေအေဘက်ကလည်း တပ်မတော်နဲ့ ပတ်သက်သူတွေကို ဖမ်းဆီးခေါ်ဆောင်နေတာပါ။

ပုဏ္ဏားကျွန်းမြို့မှာ တပ်မတော်အရာရှိ လုပ်ကြံတိုက်ခိုက် မခံရခင် ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့က ကမ္ဘောဇဘဏ်ကို အမည်မသိသူ လေးဦးက ဝင်ရောက်ပြီး ငွေကျပ်သန်း ၁၈၀ လောက် ဓားပြတိုက်သွားတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။

ဓားပြတိုက်သူတွေ ဘယ်သူဘယ်ဝါဆိုတာကို အာဏာပိုင်တွေဘက်က တရားဝင်ထုတ်ပြန်တာ မရှိသေးပေမယ့် ဒါဟာ တရားဥပဒေ စိုးမိုးရေး ပျက်ယွင်းလာတဲ့သဘောဖြစ်တယ်လို့ ဒေသခံတွေ သုံးသပ်ကြပါတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်လို့ RFA က ကမ္ဘောဇဘဏ် တာဝန်ရှိသူတွေကို မေးမြန်းရာမှာ လုံခြုံရေးကင်မရာ မှတ်တမ်းတွေနဲ့အတူ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်နေတယ်လို့ အီးမေးလ်ကတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ မြို့ပေါ်မှာ လူတွေကို အထိတ်တလန့်ဖြစ်စေတဲ့ ဖြစ်ရပ်တွေက အရင်ကလည်းရှိနေပြီး နောက်လည်း ဆက်ဖြစ်နေဦးမယ်လို့ သုံးသပ်ပါတယ်။

“ဥပဒေမစိုးမိုးဘဲနဲ့ လူတွေ အထိတ်တလန့် ဖြစ်ရတဲ့ဖြစ်ရပ်တွေ တစ်လတစ်ခါဆိုသလို ပုံမှန်ဖြစ်နေတယ်။ လျော့မသွားဘူး။ အဲတော့ နောက်ဆက်တိုက် လျော့သွားမယ်လို့တော့ ကျွန်တော်ကတော့ မထင်ဘူး။ နောက်တစ်ချက် ရှိတာက တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ အုပ်ချုပ်ရေးယန္တရားဘက်က ရဲတို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့က တုံ့ပြန်တာတို့၊ ကိုင်တွယ်တာတို့မှာ ဖြစ်ဝေးရန်ရှောင်လို ဖြစ်နေတဲ့အခါကျတော့ ဒီဖြစ်စဉ်တွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်တာတွေဖြစ်ဖြစ်၊ နိုင်ငံရေးနဲ့ မပတ်သက်ဘဲ ဖြစ်ဖြစ်ပေါ့လေ၊ ပုဂ္ဂိုလ်ရေးကြောင့် ဖြစ်ဖြစ် ကျွန်တော်ကတော့ ဆက်တိုက်ဖြစ်လာဦးမယ်လို့ ထင်တာပဲ”


ရက္ခိုင့်ဦးဆောင်ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက မြို့ပေါ်မှာ ဖြစ်နေတဲ့ ဖြစ်စဉ်တွေကြောင့် သာမန်အရပ်သားတွေအတွက် သိပ်ပြီးစိုးရိမ်စရာ မတွေ့ရဘူးလို့ ပြောပါတယ်။

“စစ်တွေမြို့ပေါ်မှာကတော့ သာမန် အလုပ်လုပ်နေကြတဲ့ လူတွေကတော့ ဘာမှစိုးရိမ်စရာ ရှိတယ်လို့ ကျွန်တော် မမြင်ဘူး။ ဒါပေမဲ့ တစ်ချက်ရှိတယ် ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ အေအေ ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ချက် အရဆိုရင် ဒီအုပ်ချုပ်ရေးပိုင်းနဲ့ သက်ဆိုင်တဲ့သူတွေကို သူတို့ ဘယ်လိုစဉ်းစားမလဲ မပြောတတ်ဘူးပေါ့နော်။ ကျန်တဲ့လူတွေကတော့ သိပ်ပြီးစိုးရိမ်ကြတာတော့ မတွေ့ပါဘူး”

လက်ရှိရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပွားလာနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဒီလိုဆက်သွယ်မေးမြန်းရာမှာ ပုဏ္ဏားကျွန်းစျေး ဓားထိုးတိုက်ခိုက်တဲ့ကိစ္စ၊ တပ်မတော်သားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ တစ်စုံတရာ ဖြေကြားမှုမရှိဘဲ ရခိုင်ဒေသမှာ မငြိမ်မသက်ဖြစ်လာတာဟာ မြန်မာ့တပ်မတော်က ရခိုင်ကျေးရွာတွေမှာ လက်နက်ကြီးတွေနဲ့ မဆင်မခြင်ပစ်ခတ်မှုတွေဖြစ်လာသလို မြို့ပေါ်နေရာတွေမှာလည်း မလုံခြုံဖြစ်လာကြောင်း၊ ဒီရက်ပိုင်း စစ်တွေဘဏ်တချို့ကို ဓားပြတိုက်တာဟာလည်း စစ်တွေဟာ အစိုးရလက်အောက်မှာ ရှိတဲ့နေရာဖြစ်လို့ တပ်မတော်ဘက်ကပဲ ကျူးလွန်တာဖြစ်နိုင်ကြောင်း၊ ပုဏ္ဏားကျွန်းစျေးမှာဆိုရင်လည်း ပြီးခဲ့တဲ့ရက်က ပြည်သူတွေပိုင်တဲ့ လက်ကိုင်ဖုန်းဆိုင်တွေကို တပ်မတော်သားတွေက ဖောက်ထွင်းပြီး လိုချင်တာ လုယက် ယူငင်သွားတာတွေရှိတယ်လို့ သိရကြောင်း ခိုင်သုခက ဖြေကြားပါတယ်။ဒီဖြစ်ရပ်တွေကို ကြည့်ရင် ရခိုင်ဒေသကို တပ်မတော်က မတည်မငြိမ်ဖြစ်အောင်လုပ်ဆောင်နေပြီး စစ်အုပ်ချုပ်ရေးဖြစ်အောင် ပုံဖော်နေတယ်လို့ ယူဆကြောင်းလည်း ခိုင်သုခက RFA ကို ပြောပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ကမ္ဘောဇဘဏ် ကိစ္စမှာ AA နဲ့ ပတ်သက်နေသလားဆိုတာ လောလောဆယ် အတိအကျ မပြောနိုင်သေးပေမယ့်၊  ပုဏ္ဏားကျွန်း ကိစ္စကတော့ AA နဲ့ AA အမာခံတွေ ရဲ့ လက်ချက် ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

AA အနေနဲ့ အစိုးရအုပ်ချုပ်မှုယန္တရားကို သူတို့ရဲ့ အုပ်ချုပ်မှုယန္တရားနဲ့ အစားထိုးဖို့ လုပ်တာလို့ သူတို့ကိုယ်တိုင် ပြောဆိုထားပြီး၊ တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင် အဓိက လုပ်နေတာဖြစ်‌တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

AA အနေနဲ့ အကြောက်တရားနဲ့ရော၊ လူမျိုးရေး အစွန်းရောက်တရားနဲ့ပါ  ဒီလို လုပ်ဆောင်နေတာလို့လည်း ပြောပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ အကြားတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်ကလည်း ပြီးခဲ့တဲ့ဇွန်လ ၈ ရက်နေ့အထိ တစ်သိန်းငါးသောင်းကျော်အထိ ရှိတယ်လို့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က ထုတ်ပြန်ထားပါတယ်။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ မနေ့က ဇွန်လ ၁၁ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၆၀ နဲ့ ထိခိုက်ဒဏ်ရာရသူ ၅၆၅ ဦးအထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။