စစ်တပ်နဲ့ဆက်စပ်တဲ့ ပြည်ပကုမ္ပဏီတွေ ဖိအားပေးခံနေရ

စမ်းစမ်းတင်(ဝါရှင်တန်ဒီစီ)
2021.03.09

စစ်အာဏာသိမ်းလည်းသိမ်း၊ သိမ်းတာကို မကျေနပ်လို့ ကန့်ကွက်ဆန္ဒပြသူတွေကို လူပါသေတဲ့အထိပစ်ခတ်နှိမ်နင်း၊ အရပ်ထဲလည်း လှည့်လည်ပစ်ခတ်၊ ဖမ်းဆီးသွားတဲ့လူတွေကိုလည်း နှိပ်စက်ညှင်းပန်းလို့ သေတဲ့လူသေရတာမို့ မြန်မာနိုင်ငံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းကြီးတွေ ဖိအားအကြီးအကျယ်အပေးခံရပါတယ်။

တချို့ကုမ္ပဏီတွေလည်း လုပ်ငန်းပမာဏ လျှော့ရင်လျှော့၊ ဒါမှမဟုတ် တချို့လည်း လုပ်ငန်းရပ်လိုက်ချိန်မှာ စစ်တပ်နဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ဖို့ တိုက်တွန်းသံတွေက ပိုကျယ်လောင်လာပါတယ်။

MOGE လို့အတိုကောက်ခေါ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို နိုင်ငံတကာက ပြစ်ဒဏ်ခတ်အရေးယူဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးရေးမှူး Tom Andrews က ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းလိုက်တာဟာ မြန်မာနိုင်ငံမှာ လုပ်ကိုင်နေတဲ့ ကမ္ဘာ့ရေနံကုမ္ပဏီကြီးတွေကို အချက်ပေးခေါင်းလောင်း ထိုးလိုက်တာပဲ ဖြစ်ပါတယ်။

ပြင်သစ် Total ဒါမှမဟုတ် အမေရိကန်အခြေစိုက် Chevron လိုရေနံကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တွေချီပြီး လုပ်ကိုင်နေကြတာပါ။ ခုတော့ နိုင်ငံအတွက် ဝင်ငွေအများဆုံးရတဲ့ MOGE ဟာ စစ်တပ်အောက်ရောက်သွားပါပြီ။

Chevron ပြောခွင့်ရသူကတော့ ဥပဒေတွေနဲ့ အရေးယူပိတ်ဆို့ရေးတွေလေ့လာနေတယ်ပြောပေမဲ့ Total က မှတ်ချက်ပေးဖို့ ငြင်းတယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းလို့ အနောက်နိုင်ငံတွေက ကြဉ်ထားချိန်မှာ ပြင်သစ် Total ဟာ ပြည်ပကနေ အစောဆုံး လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေထဲ ပါဝင်တဲ့ မှတ်တမ်းလည်းရှိပါတယ်။

သြစတေးလျက Woodside Petroleum ရေနံတူးဖော်ထုတ်လုပ်ရေးကုမ္ပဏီကတော့ ဝန်ထမ်းလျှော့ချနေတယ်လို့ ပြီးခဲ့တဲ့လက ပြောပါတယ်။ အီးယူ-ဥရောပသမဂ္ဂကလည်း မြန်မာစစ်တပ် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူဖို့ ပြင်ဆင်နေပါတယ်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကို ပစ်မှတ်ထားတာမို့ အီးယူကရင်းနှီးမြှုပ်နှံသူတွေနဲ့ ဘဏ်တွေဟာ စစ်တပ်နဲ့ဆက်စပ်တဲ့ လုပ်ငန်းတွေမှာ စီးပွားရေး ဝင်လုပ်လို့မရတော့ပါဘူး။

စစ်တပ်ပိုင် ကော်ပိုရေးရှင်းတွေဆိုတာကလည်း သတ္တုတူးဖော်ရေးလုပ်ငန်းကစလို့ အစားအသောက်နဲ့ စားသောက်ကုန် ထုတ်လုပ်ရေး လုပ်ငန်းတွေအလယ်၊ ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်းအထိ တမိုးလုံးဖျောက်ဆိတ် နိုင်ငံအနှံ့ စီးပွားရှာနေတာပါ။ နိုင်ငံတကာဖိအားတွေကြောင့် ဖြစ်ဖြစ် စစ်တပ်နဲ့ ဆက်ဆံလုပ်ကိုင်ရတဲ့ ကြိုးနီစနစ်တွေ ကြောင့်ဖြစ်ဖြစ်၊ ဆက်သွယ်ရေး၊ ဘဏ်လုပ်ငန်းစတဲ့ ဝန်ဆောင်လုပ်ငန်းတွေ အဆင်မပြေလို့ပဲ ဖြစ်ဖြစ် ပုံမှန် သူ့အရှိန်သူလည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ လုံးဝရပ်မသွားဘူးဆိုတာတောင် အရင်ကလို ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ အခက်ကြုံရနိုင်ပါတယ်။

အမေရိကန်အစိုးရက မြန်မာနိုင်ငံကို ပြစ်ဒဏ်ခတ်ထားတာ ၂၀၁၂ ကစတင်ဖြေလျှော့ပေးပြီးတဲ့နောက် ပထမဆုံး ဝင်လာတဲ့ အမေရိကန်ကုမ္ပဏီတွေထဲမှာပါတဲ့ Coca-Cola အချိုရည်ဆိုတာ တောကြိုအုံကြားထိ ရောက်တာမို့ လူထုနဲ့ နီးစပ်ပါတယ်။ ဒီလို စက်ရုံမျိုးပဲ ဖြစ်ဖြစ်၊ အထည်ချုပ် စက်ရုံပဲဖြစ်ဖြစ် ဖိနပ်စက်ရုံပဲဖြစ်ဖြစ် စက်ရုံအမျိုးမျိုးမှာ မြန်မာအလုပ်သမားတွေ ဝင်ရောက်လုပ်ကိုင်နေကြတာပါ။

အလုပ်လုပ်နေရင်းတောင် စားဝတ်နေရေးကျပ်တည်းတာမို့ ဖိအားတွေကြောင့် လုပ်ငန်းတွေ ရုပ်သိမ်းသွားရင် အောက်ခြေအဆင့်က အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရပါမယ်။နိုင်ငံရေးသုံးသပ်ချက် ဆောင်းပါးတွေရေးနေတဲ့ စာရေးဆရာမ ခင်နှင်းဦးကတော့ မြန်မာတွေဟာ ဒူပေဒဏ်ပေခံနိုင်တဲ့ အကြောင်း ဂျပန်ခေတ်ကို ဥပမာပေးပါတယ်။

"ဂျပန်ခေတ်တလျှောက်လုံး ဆားနဲ့ ထမင်း၊ ဆားနဲ့ ငပိစားလာတာ၊ အဝတ်အထည်ဆိုတာကလည်း ရှား၊ ဗမာတွေ ဒူပေဒဏ်ပေ ခံတောင့်ခံလာတာ မေ့လို့မဖြစ်ဘူး"

ဂျပန်ဆိုလို့ ဂျပန် Kirin အဖျော်ယမကာဟာ Myanmar Breweryနဲ့ Mandalay Beer မှာ ရှယ်ယာ ၅၁ ရာခိုင်နှုန်းစီ ပိုင်ပြီး ကျန်တဲ့ ရှယ်ယာတွေကို စစ်တပ်ပိုင် ဦးပိုင်က ပိုင်ပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့အတွက် လုပ်ငန်းတွေ ရပ်ဆိုင်းမယ်လို့ ပြီးခဲ့တဲ့လက ကြေညာပါတယ်။ ဒိန်းမတ်နိုင်ငံက Carlsberg ဘီယာကတော့ နိုင်ငံမတည်ငြိမ်တဲ့ အခြေအနေကြောင့် ဘီယာလျှော့ထုတ်နေတာလို့ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။