လက်နက်ကိုင်အဖွဲ့တွေကြောင့် ဒေသဖွံ့ဖြိုးမှုအားနည်းကြောင်း ပြောဆိုချက်အပေါ် အမြင်များ

2019-02-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗန်းမော်တပ်နယ်မှာ တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့စဉ်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗန်းမော်တပ်နယ်မှာ တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့စဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပြည်တွင်းငြိမ်းချမ်းရေးရရှိမှသာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေပေမယ့်လည်း လက်နက်ကိုင်အဖွဲ့အစည်းတွေက အဖျက်အမှောက်လုပ်နေတာတွေကြောင့် ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးဘဲ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးနေရတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၆ ရက်နေ့က ကချင်ပြည်နယ် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗန်းမော်တပ်နယ်မှာ အရာရှိစစ်သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ် မိန့်ခွန်းကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ သဘောထားအမြင်တွေကို RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~

လက်နက်ကိုင်အဖွဲ့တွေကြောင့် ဒေသဖွံ့ဖြိုးမှုအားနည်းကြောင်း ပြောဆိုချက်အပေါ် အမြင်များ

(ကျော်သူ)

■ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဗန်းမော်တပ်နယ်မှာ တပ်မိသားစုဝင်တွေနဲ့ တွေ့ဆုံရာမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဖျက်အမှောက်လုပ်ငန်းတွေကြောင့် ဒေသဖွံ့ဖြိုးတိုးတက်သင့်သလောက် မတိုးတက်ဘဲ နိုင်ငံဘဏ္ဍာငွေတွေ ဆုံးရှုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ဝက်ဘ်ဆိုဒ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းဘက်မှာ တပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေ နေ့စဉ်ဆိုသလိုဖြစ်ပွားနေပြီး နယ်မြေတည်ငြိမ်မှုလည်း မရှိတဲ့ဒေသဖြစ်နေပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ ဗန်းမော်တပ်နယ်မှာပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ် AA သတင်းပြန်ကြားရေး တာဝန်ခံ ခိုင်သုခက အခုလို ပြောပါတယ်။

"ချင်းပြည်နယ်မှာ အရင်တုန်းကစစ်ပွဲ ဘာမှမရှိခဲ့ဘူး၊ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာအဆင်းရဲဆုံး ပြည်နယ်ပဲ၊ ရခိုင်ပြည်နယ်လည်းဒီလိုပဲ တလျှောက်လုံး စစ်ပွဲဆိုတာမဖြစ်ခဲ့ဘူး၊ ရခိုင်ပြည်နယ်ဟာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်သွားတယ်၊ ဒါပေမဲ့ သယံဇာတတော့ အပြည့်ရှိတယ်၊ ဒါအစိုးရ အဆက်ဆက်ရဲ့စီမံခန့်ခွဲမှု မှားယွင်းတဲ့ကိစ္စတွေနော်၊ သူတို့က အာဏာရှင်စနစ်ကျင့်သုံးလို့ မတိုးတက်ဘူးဆိုတာကို ဖွင့်ဟဝန်ခံရမယ့်အစား တိုင်းရင်းသား လက်နက်ကိုင်တွေဖက်ကို အပြစ်ပုံချပြောနေတာက တစ်ဖက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အနှောင့်အယှက်တွေတောင် ဖြစ်နိုင်တယ်"

တအာန်းပလောင် လက်နက်ကိုင်အဖွဲ့ TNLA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းအပေါ် အခုလို ပြောပါတယ်။

"အကြောင်းပြချက်တစ်ခုဖြစ်လိမ့်မယ် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ကျွန်တော်တို့က ကူညီစရာရှိရင် ကူညီတယ်၊ တတ်နိုင်သလောက် ပြန်လည်ကြီးကြပ်တယ် တချို့စစ်ကန်ကထရိုက်တွေက လမ်းလုပ်ငန်းတွေ ဖွံ့ဖြိုးရေးလုပ်ငန်းတွေက ထိထိရောက်ရောက် ဆောင်ရွက်တာတောင်မရှိဘူး၊ စံချိန်စံညွှန်းတောင် မပြည့်ဘူး၊ ဘာအတွက် ဆုံးရှုံးတာလဲဆိုတာတော့ ကျွန်တော်တို့လည်း အတတ်မသိဘူးနော်"

KNPP ရဲ့ ဗဟိုကော်မတီဝင် ခူးညေးရယ်ကလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းအပေါ် အခုလို ပြောပါတယ်။

"တိုင်းပြည်ရဲ့ဘဏ္ဍာငွေက ဘယ်လောက်ဆုံးရှုံးတယ်ဆိုတာ မသိဘူးနော်၊ သူတို့ကဖွံ့ဖြိုးရေးတစ်ခုပဲ အကြောင်းပြပြီးတော့မှ လုပ်နေတာမျိးတွေ ရှိနေတယ်ပေါ့၊ ကျွန်တော်တို့က NCA လမ်းပေါ်မှာရှိမယ် ဒါပေမဲ့ အားလုံးပါဝင်ရေး ရပ်တည်တယ်၊ ခုပဲကြည့်ပေါ့ အရှေ့ပိုင်းမြောက်ပိုင်းစစ်ဌာနချုပ် ၅ ခုကို စစ်ဆင်ရေးရပ်စဲတယ်ပြောတယ် ဒါပေမဲ့ အနောက်ဘက် ရခိုင်ဘက်မှာ တိုက်နေတာရှိတယ်ဆိုတော့ အစိုးရက All incluside မလုပ်ချင်တာလား ဒါပဲရှိတယ်"

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်ထဲမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေလုပ်နိုင်ဖို့ ၂၀၁၉ ဧပြီလ ၃၀ ရက်နေ့အထိ အပစ်အခတ်ရပ်စဲပေးထားပြီး အမြန်ဆုံး ဆွေးနွေးဖို့လိုကြောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့နဲ့ စာချုပ်ပါ ကတိက၀တ်တည်ဖို့လိုကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဘက်မှာတော့ တပ်မတော်က ၄ လကျော်ကြာ အပစ်ခတ်ရပ်စဲတယ်လို့ ကြေညာခဲ့ပြီးနောက်ပိုင်း ဒီဇင်ဘာလ ၂၁ ရက်နေ့ကစလို့ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေက ငြိမ်သက်နေပါတယ်။

စစ်ရေးနိုင်ငံရေး လေ့လာသူတစ်ဦးဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူး ဝင်းနိုင်ကျော်ကလည်း

"ဖွံ့ဖြိုးရေးလုပ်ဖို့အတွက်ကလည်း အလှမ်းမဝေးပါဘူး တစ်ကယ်တော့ ဖြစ်ချင်ရင်လုပ်ချင်ရင် ဖြစ်ပါတယ်၊ ပြောနေမယ့်အစား ဘက်ပေါင်းစုံက လုပ်စေချင်တယ်၊ တိုက်တွန်းချင်တယ်၊ အမြန်ဆုံး တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဖွံ့ဖြိုးရေးရော NCA ရော NCA စာချုပ်ပါ တစ်ဆို့နေတဲ့ကိစ္စတွေရော ပြေလည်သွားမယ်လို့ထင်တယ်၊ အခုက မတွေ့ဆုံဘူးဖြစ်နေတယ်၊ ဆုံးဖြတ်ချက်ချနိုင်မယ့်သူတွေ တွေ့ဆုံဖို့ ပြောနေတာပါ၊ နည်းပညာရှုထောင့်ကကြည့်ရင် Third party လို့ခေါ်တာပေါ့ဗျာ၊ ဘယ်သူ့ဖက်မှ မလိုက်တဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်ဆိုရင် အကောင်းဆုံးပေါ့လေ၊ အခုဟာက မရှိဘူးဖြစ်နေတယ်"

တပ်မတော်မှာ တိုင်းရင်းသားပေါင်းစုံ တာဝန်ထမ်းဆောင်နေကြကြောင်း၊ ငြိမ်းချမ်းရေးကို မဖြစ်နိုင်တဲ့ တစ်ဖက်သတ်တောင်းဆိုမှုတွေနဲ့ မစဉ်းစားဘဲ ပြည်ထောင်စုစိတ်ဓာတ်နဲ့ တစ်နိုင်ငံလုံးအတွက် မျှမျှတတ စဉ်းစားပြီး စည်းလုံးညီညွတ်တဲ့ ပြည်ထောင်စုနိုင်ငံဖြစ်ရေး ဆောင်ရွက်သွားရမှာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့