ပါတီမှတ်ပုံတင်အမြန်ချပေးဖို့ မွန်ပါတီ တောင်းဆို


2019.07.09
mon-party-622.jpg မော်လမြိုင်မြို့ တော်ဝင်ဟင်္သာဟိုတယ်မှာ မွန်ကိုယ်စားပြုပါတီ ဖြစ်မြောက်ရေး စုပေါင်းသဘောတူ လက်မှတ်ရေးထိုးပွဲကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့စဉ်
.

မွန်ညီညွှတ်ရေးပါတီဟာ ပါတီထူထောင်ခွင့်ကျဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ထားပေမယ့် ဒီနေ့အချိန်ထိ မကျသေးတာကြောင့် အမြန်ဆုံးချပေးဖို့ မနေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ မော်လမြို့မှာ တွေ့ဆုံစဉ် တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အချက်အလက်တွေ စုံလင်ပေမယ့် ရွေးကောက်ပွဲကော်မရှင်က တရားဝင် မှတ်ပုံတင်ချမပေးသေးပဲ အချိန်ကြာတာလို့ မွန်ညီညွှတ်ရေးပါတီပြောရေးဆိုခွင့်ရှိသူ နိုင်လယိတမ က RFA ကို ပြောပါတယ်။

"မှတ်ပုံတင်ကျဖို့လည်း အချိန်တန်ပြီ ကျွန်တော်တို့ သိသလောက်က ပြည်ထဲရေးရဲ့မှတ်ချက် ရွေးကောက်ပွဲကော်မ ရှင်ထံရောက်နေပြီ၊ နောက်ကျွန်တော်တို့ ဘာလိုအပ်ချက်ရှိသလဲ မေးလိုက်တဲ့အခါကျတော့ လိုအပ်ချက်ရှိတဲ့ အချက်အလက်တွေ အားလုံးပြည့်စုံတယ်၊ လိုအပ်ချက် တစ်စုံတစ်ရာ ဘာမှမရှိဘူး၊  ကော်မရှင်က အစည်းအဝေး ထိုင်ဖို့ရာ အဖွဲ့ ဝင်တွေ  ခရီးလွန်နေတာဆိုတဲ့ကိစ္စနဲ့ သူတို့က အစည်းအဝေးမထိုင်ဖြစ်တဲ့အခါကျ မှတ်ပုံတင်က မကျနိုင်သေးဘူးပေါ့။ အမှန်မှာတော့ ကျဖို့အချိန်  တန်နေပြီပေါ့နော်"

ပါတီမှတ်ပုံတင်မရရှိသေးတာကြောင့် ကြုံတေ့ွရတဲ့ အခက်အခဲတွေကို နိုင်လယိတမ က အခုလိုပြောပါတယ်။

" ပါတီမှတ်ပုံတင်မရသေးတဲ့အခါကျတော့  ပါတီစည်းလုံးရေးလုပ်ငန်းတွေ  လုပ်ကိုင်ခွင့်မရှိသေးဘူး  အဲ့တာကြောင့် ပါတီကောင်းပြီးတော့ဘာမှ လှူပ်ခြားဆောင်ရွက်မူတွေ မလုပ်နိုင်ဘူး ဖြစ်နေတယ်။ မှတ်ပုံတင်မကျဘူးဆိုရင်တော့ ဘာမှလုပ်မရဘူး ရှင်းလင်းရေးတို့ ပါတီစည်းလုံးရေးတို့ ဘာမှလုပ်မရဘူး ဖြစ်နေတယ်"

ဒါပေမဲ့ ကော်မရှင်တာဝန်ရှိသူတွေကတော့ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားလာတာတွေကို ရွေးကောက်ပွဲကော်မရှင်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးတို့ထံ ထပ်မံပေးပို့ပြီး မှတ်ချက်တောင်းယူရတယ်လို့ ပြောပါတယ်။

လဝကနဲ့ ပြည်ထဲရေးဌာနတွေက အတည်ပြုချက် ပြန်မကျလာသေးတာကြောင့် အခုလိုကြန့်ကြာနေတာလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် က ပြောပါတယ်။

"ကျွန်တော်တို့ အဲဒါပြည့်စုံရင် ကျွန်တော်တို့ဘက်က ဘာမှမကြာဘူး ကျွန်တော်တို့ဘက်ကတော့ မြန်တယ်၊ ကျွန်တော်တို့ဘက်ကတော့  ပြည့်စုံရင် တောက်လျှောက်တစ်ပတ်ပဲကြာတယ်၊  အစည်းအဝေးတွေလုပ်ပြီးတော့  အချက်အလက်တွေတောင်းတာ မပြည့်စုံသေးလို့  လိုအပ်တဲ့ အချက်အလက်တွေ မပြည့်စုံသေးလို့"

မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုရာပါတီနဲ့ မွန်နိုင်ငံရေးအင်အားစု စတဲ့အဖွဲ့ ၃ခုပူးပေါင်းပြီး မွန်အမျိုးသားတွေကို ကိုယ်စားပြုတဲ့ပါတီတစ်ခုအဖြစ် မွန်ညီညွတ်ရေးပါတီကို ပြီးခဲ့တဲ့မေလကတည်းက တည်ထောင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။

လက်ရှိမှာ ပါတီမှတ်ပုံတင်ခွင့် ကြန့်ကြာနေတာကြောင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အကျိုးသက်ရောက်မှုတွေရှိနိုင်တယ်လို့ မွန်အမျိုးသားရေးတက်ကြွလှုပ်ရှားသူ မင်းအောင်ထူး က ပြောပါတယ်။

" ၂၀၂၀ရွေးကောက်ပွဲဆိုတဲ့ ရွေးကောက်ပွဲကာလဟာ တဖြည်းဖြည်းနဲ့ နီးလာတဲ့အခါကျတော့ သူ့ပါတီရဲ့လုပ်ငန်း စဉ်တွေ လုပ်ရတဲ့အခါမှာ အခတ်အခဲတွေ အများကြီးရှိနိုင်တယ် နဂိုကတည်းကိုက ဒီပါတီကလည်း အင်အားစု နှစ်စုသုံးစုဘက်ကနေ စုဖွဲ့ထားတဲ့ ဟာမျိုးဖြစ်တဲ့အခါကျတော့ ဒီပါတီ တွင်းပြန်လည်တည်ဆောက်ရေးရော ပါတီပြန်ထူထောင်ရေးနဲ့ ပတ်သတ်ပြီးတော့ ဒီပါတီဝင်တွေ စည်းရုံးတာရော စသဖြင့်  ဒီပရောဆက်တွေက အများကြီးရှိတဲ့အခါကျတော့ ပါတီတည်ထောင်ခွင့်နောက်ကျရင် ဒီဟာတွေကသေချာတယ်  ဒါတွေက အခက်အခဲ ဖြစ်နိုင်တယ်ပေါ့လေ"

မွန်ပြည်နယ်မှာ ၂၀၁၅အထွေထွေရွေးကောက်ပွဲကာလက မွန်ပါတီတွေ သဘောထားကွဲလွဲခဲ့တာကြောင့် ရွေးကောက်ပွဲမှာ ရှုံးနိမ်ခဲ့တယ်လို့ သုံးသပ်ကြတာရှိပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မွန်အမျိုးသားကိုယ်စားပြုပါတီ တစ်ခုပေါ်ပေါက်ဖို့ဆိုပြီး မွန်ရဟန်းသံဃာတော်တွေ၊ မွန်နိုင်ငံရေးသမားတွေနဲ့ မွန်လူငယ်တွေက အစည်းအဝေးတွေ အကြိမ်ကြိမ် ပြုလုပ်ပြီး မွန်ညီညွတ်ရေးပါတီကို ထူထောင်လိုက်တာဖြစ်ပါတယ်။

အလားတူ ကချင်၊ ကရင်၊ ချင်း စတဲ့ ပြည်နယ်တွေမှာလည်း တိုင်းရင်းသားပါတီတွေ အချင်းချင်းပူးပေါင်းပြီး လာမယ့်၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပါတယ်။

လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ တရားဝင်နိုင်ငံရေးပါတီ ၉၅ပါတီရှိပြီး ပါတီမှတ်ပုံတင်ချပေးဖို့ စိစစ်ဆဲပါတီ လေးခုရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင်ထံကနေ သိရပါတယ်။

(RFA သတင်းထောက် ကိုထက်မြတ်အောင် တင်ပြသည်)
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။