မြောက်ဦးတိုက်ပွဲအတွင်း တပ်မတော်က ဒေသခံ၂၇ ဦးကို ဖမ်းဆီးသွား


2019.04.11
latkar-village-622.jpg ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်က လက္ကာကျေးရွာမြေပုံ
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး VK

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးမှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော် အကြား ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ဆက်နွယ်ပြီး လက္ကာကျေးရွာက ဒေသခံ ၂၇ ဦးကို အစိုးရတပ်မတော်က ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။

■ ရခိုင်ပြည်နယ် မြောက်ဦးမြို့ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို ရက္ခိုင့်တပ်မတော် AA က မနေ့က မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် မွန်းလွဲပိုင်းခန့်အချိန်မှာ မြောက်ဦးမြို့ မြောက်ဘက် လက္ကာကျေးရွာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲဖြစ်ပွားတယ်ဆိုတာကို နှစ်ဖက်စလုံးက အတည်ပြုပေမယ့် ထိခိုက်မှုအခြေအနေကိုတော့ နှစ်ဖက်စလုံးက ထုတ်ဖော် ပြောဆိုတာမရှိပါဘူး။

တိုက်ပွဲဖြစ်ချိန် ၂ နာရီလောက်ကြာပြီးနောက် အစိုးရတပ်မတော်စစ်ကြောင်းက လက္ကာကျေးရွာအတွင်းကို ဝင်ရောက်စစ်ဆေးပြီး လူ ၂၇ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာသားတွေက RFA ကိုပြောပါတယ်။

မနေ့ကဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာပါဝင်တဲ့ ဦးခင်မောင်စောရဲ့ ဇနီး ဒေါ်မသိန်းရီက -

"ကျွန်မတို့ရွာထဲကလူက ၁၉ ယောက်ပေါ့နော်။ ဒီရွာမှာ လက်သမားတွေ၊ အိမ်တွေဘာတွေဆောက်ဖို့ ရောက်နေတဲ့သူတွေလည်းရှိပါတယ်။ ပြီးတော့ ဆယ်တန်းကျောင်းသားတစ်ယောက်လည်း ပါသွားပါတယ်။ အဲဒီလူတွေက AA နဲ့ ဘာမှမပတ်သက်ပါဘူး။ ကျွန်မတို့အတိအကျ အာမခံနိုင်ပါတယ်။ ရွာကလူကြီးတွေလည်း အကုန်လုံးအာမခံနိုင်ပါတယ်။ AA နဲ့ မပတ်သက်ပါဘူး။ ကျွန်မတို့က အဲလိုမျိုး ကြုံရာလုပ်စားနေကြတဲ့သူတွေပါရှင်"

တိုက်ပွဲ ၂ နာရီလောက်ဖြစ်ပွားပြီးနောက် AA အဖွဲ့က ကျေးရွာအတွင်းကို ထွက်ပြေးတိမ်းရှောင် သွားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ မနေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒေါ်မသိန်းရီကတော့ သူ့အမျိုးသားဟာ တိုက်ပွဲစတင်ဖြစ်ပွားနေချိန်မှာ သူနဲ့အတူရှိနေပြီး မိသားစုနဲ့အတူ ဘုန်းတော်ကြီးကျောင်းမှာ ထွက်ပြေးခိုလှုံနေခဲ့တယ်လို့ပြောပါတယ်။

ဒါ့အပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူတွေမှာ ဆယ်တန်းကျောင်းသား မောင်စိုးမိုးကျော် လည်းပါသွားခဲ့ပါတယ်။

မောင်စိုးမိုးကျော်ရဲ့ အဒေါ်ဖြစ်သူ ဒေါ်လုံးလုံးက -

"သူက ပြိုင်းချရွာကနေ ဒီမှာကျောင်းတက်နေတာပါ။ ပြိုင်းချကို သူကအလည်သွားတယ်။ အဲဒီမှာ ကျွန်မတို့နဲ့အတူ ဒီကိုပြန်လိုက်လာပါ။ သူတို့စစ်သားတွေက ရွာထဲဝင်လာတော့ ကျွန်မတို့က ဗုံးခိုကျင်းထဲ ပုန်းနေကြရပါတယ်။ အဲဒါကနေ အပြန်ကိုခေါ်ထုတ်ပြီး အင်္ကျီချွတ်ခိုင်းတယ်။ အပြင်မှာ နေပူခံခိုင်းတယ်။ ကျွန်မတို့ကတော့ ပြန်မပြောရဲဘူး။ ခေါင်းတောင်မဖော်ရဲဘူး။ ကျွန်မသားလေးက ဘာမှနားမလည်ဘူး။ အခုမှဆယ်တန်းပဲရှိသေးတာ"

မနေ့က တပ်မတော်က ဖမ်းဆီးသွားတဲ့သူတွေဟာ AA အဖွဲ့ဝင်တွေမဟုတ်ဘူးလို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒီရွာသားတွေနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်မတော် AA ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်း ရာမှာလည်း သူတို့ဟာ AA တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ပြောဆိုတယ်။

ဒီအချက်နဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုမေးမြန်းရာမှာ အခုလိုပြောပါတယ်။

"စစ်ဆေးချက်တွေနဲ့ အတည်ပြုထားတဲ့ဟာတွေအရတော့ AA ဘက်ကဖြစ်ပါတယ်။ နောက်ဆက်တွဲသတင်းတွေကိုလည်း ကျွန်တော်တို့ ထုတ်ပြန်ပေးပါမယ်"

မနေ့က ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၇ ဦးထဲမှာ လက္ကာရွာခံ ၁၉ ဦးနဲ့ အခြား အုတ်ဖိုကန်၊ မောင်ရီကန်၊ ပြိုင်းချ အစရှိတဲ့ အခြားကျေးရွာက ၈ ဦးဖြစ်တယ်လို့ရွာသားတွေကပြောပါတယ်။

ဒါပေမဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မနေ့ကထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးထားသူ ၂၃ ဦးလို့ ရေးသားထားတဲ့အတွက် RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သူတို့ဖမ်းဆီးထားတဲ့ စာရင်းထဲမှာ ၂၃ ဦးရှိပေမယ့် မြေပြင်အနေအထားမှာတော့ အရေအတွက်ပိုင်းမှာ ကွဲလွဲမှုရှိနိုင်တယ်လို့ပြောပါတယ်။

မနေ့က လက္ကာကျေးရွာကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်စစ်ဆေးရာမှာ အဖွဲ့(၂)ဆိုတဲ့ ခေါင်းစဉ်အောက်က လူ ၃၅ ဦးရဲ့အမည်စာရင်းကို လက်ရေးနဲ့ရေးထားတဲ့ စာရွက်တစ်ရွက်ကိုတွေ့ရှိခဲ့ကြပြီး အဲဒီစာရွက်မှာပါတဲ့သူတွေကို စစ်ဆေးခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။

ရွာသားတွေထဲက ခန္ဓာကိုယ်တစ်ခုခုမှာ ဒဏ်ရာရသူတွေပါ မပါသိရအောင် အင်္ကျီချွတ်ခိုင်းတာတွေ၊ ရွာလမ်းအတိုင်းလျှောက်ခိုင်းတာတွေ လုပ်ခိုင်းခဲ့ပေမယ့် ဒဏ်ရာနဲ့လူတွေကိုတော့ မတွေ့ခဲ့ရဘူးလို့ ကျေးရွာသားတွေကပြောပါတယ်။

နောက်ဆုံးမှာတော့ အဲဒီသိမ်းဆည်းရမိတဲ့စာရွက်မှာပါတဲ့သူအချို့နဲ့ ရွာခံမဟုတ်သူတွေကို ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့လည်းသိရပါတယ်။

တပ်မတော်ကသိမ်းဆည်းရမိတဲ့စာရွက်ဟာ AA အဖွဲ့ရဲ့ ဖွဲ့စည်းပုံစာရွက်မဟုတ်ဘဲ ဒေသတွင်းမှာ လတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေအရ ရပ်ရွာ သာရေးနာရေးကိစ္စရပ်တွေကို ခွဲဝေတာဝန်ယူနိုင်အောင် ဖွဲ့ထားတဲ့ အသင်းတွေဖြစ်တယ်လို့ ကျေးရွာသားတွေကပြောပါတယ်။

လက္ကာကျေးရွာက အမည်မဖော်လိုတဲ့ အစိုးရဝန်ထမ်းတစ်ဦးက လက္ကာကျေးရွာမှာ သာရေးနာရေးကိစ္စရပ်တွေ အတွက် အဲဒီဖွဲ့ထားတဲ့အသင်း လေးငါးခုလောက်ရှိတယ်လို့ပြောပါတယ်။

"ကျွန်တော်တို့ရွာမှာက ကင်းအဖွဲ့တွေဘာတွေဖွဲ့ထားတယ်။ အဲဒါက ရခိုင်ပြည်မှာ တိုက်ပွဲစဖြစ်ကတည်းကပါ။ နောက်ပြီးရင် ရွာမှာက ညကျရင် သူခိုးတွေလည်းဝင်တယ်။ နွားတွေဘာတွေခိုးတယ်။ အဲဒါကိုကာကွယ်ဖို့ အတွက် ရွာရဲ့ တောင်ဘက်၊ မြောက်ဘက်၊ အရှေ့ဘက်၊ အနောက်ဘက် အဲလို အဖွဲ့ လေးငါးခုလောက် ဖွဲ့ထားတယ်။ အခုအဖွဲ့က အနောက်ဘက်အဖွဲ့ ဖြစ်မယ်။ သူတို့ရထားတဲ့ အမှတ်အသားစာရွက်က။ ဒီအထဲမှာ ၃၅ ယောက်ပါတယ်။ ၃၅ ယောက်ထဲမှာ တစ်ချို့ကလည်း ကယ်ဆယ်ရေးစခန်းတွေကိုရောက်သွားပြီ၊ တစ်ချို့ကလည်း ရွာမှာရှိတယ်။ တစ်ချို့ကလည်း ရှင်ပြုပွဲတွေကိုသွားနေတဲ့လူတွေရှိတယ်။ ကျန်တဲ့သူတွေထဲက သူတို့သတ်မှတ်ထားတဲ့ စာရင်းထဲမှာပါတဲ့သူတွေကို အကုန်လုံးခေါ်ထုတ်တယ်။ AA နဲ့ပတ်သက်တယ်၊ AA တွေဆိုပြီးတော့ သူတို့က ကောက်ချက်ချတာပေါ့လေ။ ကျွန်တော်တို့ရှေ့မှာ အဲလိုမျိုးပြောတာ"

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက လိုအပ်တဲ့ စုံစမ်းမှုတွေလုပ်နေဆဲဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်တို့ လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်။ ပြီးရင် သူတို့အဖြစ်မှန်ပေါ်လာပါလိမ့်မယ်။ အခုလောလောဆယ်တော့ ကျွန်တော်က အဲလောက်ပဲပြောလိုပါတယ်။ ပြီးရင် ရဲမှာလည်း ဒီဟာနဲ့ပတ်သက်ပြီးတော့ စစ်ဆေးတဲ့ဟာတွေနဲ့ပတ်သက်တဲ့ ထုတ်ပြန်ပေးနိုင်တဲ့သတင်းတွေကို ထုတ်ပြန်မယ်ထင်တယ်ဗျ"

မနေ့ကမနက်အစောပိုင်းက မြောက်ဦးမြို့ အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲနဲ့ ဆင်အိုးချေနဲ့ လေညှင်းတောင် ကျေးရွာကြားက တပ်မတော်စစ်ကြောင်းတစ်ခုရှိတဲ့နေရာကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

ရက္ခိုင့်တပ်မတော်(AA)ရဲ့ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကတော့ အမြောက်တွေနဲ့ ပစ်ခတ်တဲ့နေရာဖြစ်လို့ ဝင်ရောက်ရှင်းလင်းတာလို့ RFA ကိုပြောပါတယ်။

မနေ့ကဖြစ်စဉ်ကြောင့် တပ်မတော်ဘက်က အရာရှိတစ်ဦးနဲ့ စစ်သည်အချို့ကျဆုံးခဲ့ပါတယ်။

အမှတ်(၃၁) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို တိုက်ခိုက်တဲ့ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဇနီး ၃ ဦး၊ မိခင်တစ်ဦး၊ ကလေးသူငယ် ၃ ဦးကို AA အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာရေးထားပါတယ်။

အဲဒီလူ ၇ ဦးနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော်(AA)ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို RFA က မေးမြန်းခဲ့ရာမှာ သူက -

"ဖမ်းဆီးထားတာမဟုတ်ဘူးဗျ။ သူတို့ကို အဲဒီဗမာစစ်တပ်က ရဲတပ်ရင်းကိုလေယာဉ်နဲ့ ဗုံးကြဲတဲ့အခါမှာ အဲဒီမှာ သူတို့က တိုက်ပွဲကြားထဲမှာရောက်နေတယ်။ အဲဒါကြောင့်မို့လို့ သူတို့ရဲ့ အသက်အန္တရာယ်အတွက်ပေါ့နော် လက်နက်ကြီးတွေ၊ ဗုံးဆံတွေကြားထဲကနေပြီးတော့ အသက်အန္တရာယ်ရှိတဲ့အတွက်မို့လို့ ကျွန်တော်တို့က လုံခြုံတဲ့နေရာကိုရောက်တဲ့အထိ သူတို့ကို ကယ်ထုတ်လာခဲ့တာပေါ့ ပြောရမယ်ဆိုရင်။ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့က ဒါအကောင်းဆုံးအကူအညီပေးခဲ့တာ။ သူတို့ကို ကျွန်တော်တို့က အခုပြန်ပို့ပေးဖို့အတွက် ကျွန်တော်တို့ဘက်ကစီစဉ်နေတယ်။ အမြန်ဆုံး သူတို့ကို ရပ်မိရပ်ဖတွေ၊ အမျိုးသမီးအဖွဲ့တွေ အဲလိုမျိုးတစ်ခုခုကို ပြန်ပြီးတော့ လွှဲပေးနိုင်အောင် ကျွန်တော်တို့ဘက်က ဒါအမြန်ဆုံး စီစဉ်နေတာရှိတယ်ဗျ"

ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်(AA)တို့အကြား တိုက်ပွဲတွေကြောင့် မတ်လ ၂၈ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင် ၂၇ ဦး၊ အရပ်သား ၁၂ ဦးသေဆုံးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောဆိုထားပါတယ်။

မနေ့က ဖြစ်စဉ်မှာလည်း ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးတာရှိတဲ့အတွက် သေဆုံးတဲ့ရဲတပ်ဖွဲ့အရေအတွက်ဟာ ၂၉ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။