တက်တူးပုံရိပ်တွေကို ပန်းပုပညာနဲ့ ပြန်လည်အသက်သွင်းသူ
2024.06.28
ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုစည်သူဟာ ကိုဗစ်ကပ်ဘေးကြောင့် တက်တူးပညာရှင်ဘဝကနေ ပန်းပုလောကထဲရောက်လာသူပါ။
“ကိုယ့်စိတ်ကြိုက်လုပ်ရတဲ့အရုပ်က ပိုပြီးတော့ လွတ်လပ်တာပေါ့နော်။ ထူးအိမ်သင် ရောင်းဖြစ်တယ်၊ ဗန်ဂိုး Diorama လေးတွေ ထုတ်ဖြစ်တယ်၊ ပြီးတော့ ဒုက္ကရစရိယ ဆင်းတု ထုတ်ဖြစ်တယ်”
စိတ်ကူးထဲက ရေးချင်တဲ့ပုံတွေကို ပန်းပုရုပ်အဖြစ် ထုဆစ်ဖန်တီးနေတဲ့ ရန်ကုန်မြို့က ကိုစည်သူပါ။
လူတွေရဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ အရုပ်ဖော်ရေးပေးရတဲ့ တက်တူးပညာရှင်တစ်ယောက်အဖြစ် ဆယ်နှစ်ကျော် ရပ်တည်ခဲ့ပြီးမှ ကိုဗစ်ကာလမှာ တက်တူးထိုးတဲ့အလုပ်ကို ကျောခိုင်းခဲ့ပါတယ်။
ဗင်းဆင့်ဗန်ဂိုး (Vincent Van Gogh) နဲ့ ထူးအိမ်သင် ပန်းပုရုပ်တွေ ထုဆစ်ရင်း ပန်းပုလောကထဲကို ကိုစည်သူ ထဲထဲဝင်ဝင် ရောက်လာခဲ့တာပါ။
"ဗန်ဂိုး (Van Gogh) ရုပ်တူကို ထုပြီးတော့ ထူးအိမ်သင် (ကိုငှက်) ကို သွားသတိရတယ်။ ကိုငှက်ကို သဘောကျလို့ ကျွန်တော် တက်တူးတွေလည်း ထိုးထားတယ်၊ ကိုငှက်ပုံ လုပ်မယ်ကွာဆိုပြီး ပုံတူ ထုဖြစ်တယ်။ ပထမရည်ရွယ်ထားတာက အပန်းဖြေဖို့အတွက် စိတ်ထဲမှာရှိတဲ့အရာကို ဖန်တီးတဲ့သဘောပါပဲ။ ဒီပုံကို လိုင်းပေါ် တင်လိုက်တဲ့အခါ ကြည့်တဲ့မိတ်ဆွေ အရမ်းများတယ်။ ရောင်းပါလားဆိုတဲ့သူတွေကြောင့် ကိုငှက်မိသားစုကို ခွင့်ပြုချက်တောင်းပြီး အရုပ် ၂၀ ထုတ်ရောင်းဖြစ်တယ်။ အဲဒါ ဒုတိယ မှတ်တိုင်ပေါ့နော်။ အဲဒီကနေစပြီးတော့ ဒီလိုင်းထဲကို ရောက်လာတာ"
ကိုစည်သူက သူ့လက်ရာတွေကို အကန့်အသတ်နဲ့ပဲ ထုတ်ရောင်းဖို့ စိတ်ကူးထားတာပါ။
"ပြီးခဲ့တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက ဒါထပ်မထုတ်တော့တဲ့အရာ၊ တန်ဖိုးရှိတဲ့အရုပ် ဖြစ်သွားပြီ။ အဲဒီလို ဖြစ်စေချင်လို့ Limited နဲ့ပဲထုတ်တာပါ။ မိုရှိတယ်ဆိုပြီး ပေါပေါလောလော ထုတ်ရောင်းနေရင် အဆင်မပြေဘူး။ လုပ်စားတဲ့ပုံစံမျိုးလည်း ကျွန်တော် မလုပ်ချင်ဘူး၊ မဖြစ်စေချင်ဘူး"
ကိုစည်သူဟာ ပန်းပုရုပ်တွေကို စိတ်တိုင်းကျဖန်တီးပုံဖော်တဲ့အပြင် ပြိုင်ပွဲတွေမှာ ပေးမယ့် ဆုရရုပ်တုတွေကိုလည်း လက်ခံထုဆစ်ပါတယ်။
"ပြီးခဲ့တဲ့အရာတွေကို ပိုင်ဆိုင်ထားတဲ့သူတွေက ဒါထပ်မထုတ်တော့တဲ့အရာ၊ တန်ဖိုးရှိတဲ့အရုပ် ဖြစ်သွားပြီ။ အဲဒီလို ဖြစ်စေချင်လို့ Limited နဲ့ပဲထုတ်တာပါ"
ပန်းပုပညာဟာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းချီ၊ ပန်းပုစတဲ့ ပန်းဆယ်မျိုးထဲမှာပါတဲ့ မြန်မာ့သုခုမ အနုပညာရပ်တစ်ခု ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ ပန်းပုပညာရပ်အရ သစ်သား၊ ဆင်စွယ်၊ အရိုး၊ ရွှံ့စေး၊ ဖယောင်းစတဲ့ ပစ္စည်းတွေနဲ့ ထုဆစ်ဖန်တီးကြပေမယ့် ကိုစည်သူကတော့ ရွှံ့နဲ့ပဲ ခေတ်ပေါ်နည်းပညာပစ္စည်းတွေ ပေါင်းထည့်ပြီး ခေတ်အလိုက်၊ ဒေသအလိုက် ထုဆစ်ဖန်တီးဖြစ်တယ်လို့ ပြောပါတယ်။
ကိုစည်သူဟာ နောင်မှာ မြန်မာ့သမိုင်းနဲ့ ယဉ်ကျေးမှုသမိုင်းတွေပါတဲ့ ပန်းပုရုပ်တွေ ထုဆစ်ဖန်တီးသွားဖို့လည်း စီစဉ်ထားပါတယ်။
"အခုထပ်ထုတ်ဖို့လုပ်နေတာ မြန်မာ့ဆေးမင်ကြောင်ရဲ့သမိုင်း၊ အဲဒီအရုပ်ထုတ်ဖို့ လုပ်နေတယ်။ တကယ်လုပ်ချင်တာက တက်တူးဆုတွေပဲလားဆိုတော့မဟုတ်ဘူး။ ရှေ့လျှောက်ပြီး အပ်ထည်လည်း လုပ်မယ်၊ ကိုယ်လုပ်ချင်တဲ့၊ ဖန်တီးချင်တဲ့ အရုပ်တွေကိုလည်း အရေအတွက်နဲ့ပဲ ကန့်သတ်ပြီး ထုတ်သွားဖို့ အစီအစဉ် ရှိပါတယ်"