ကြားဖြတ်ရွေးကောက်ပွဲအခြေအနေ စုစည်းမေးမြန်းချက်


2018.10.24
by-election-2017-622.jpg ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မဲဆွယ်နေစဉ်
Photo: RFA

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် မဲဆန္ဒနယ် ၁၃ နေရာမှာ ယှဉ်ပြိုင်မှုပြင်းထန်မယ့် မဲဆန္ဒနယ်တစ်ချို့ ရှိကြောင်း ရွေးကောက်ပွဲဝင်မယ့် ပါတီတွေက ပြောပါတယ်။

၁၃ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ လက်ရှိအာဏာရပါတီဖြစ်တဲ့ NLD ပါတီအနေနဲ့ ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် ၂ က သတိထားစောင့်ကြည့်ရမယ်လို့ ပါတီဗဟို သုတေသနအဖွဲ့က ပြောပါတယ်။

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားဒေသတွေက ပါတီတချို့ကို မေးမြန်းပြီး RFA သတင်းထောက် မသီရိမင်းဇင် က  စုစည်းတင်ပြထားပါတယ်။

လာမယ့်် နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဆိပ်ကမ်းမဲဆန္ဒနယ် ၂ က သတိထားစောင့်ကြည့်ရမယ်လို့ NLD ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း က ပြောပါ တယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ခဲ့တဲ့နေရာတွေ ပြန်နိုင်မယ်လို့ ယုံကြည်ပေမယ့် ဆိပ်ကမ်းမဲဆန္ဒနယ်ကတော့ စောင့်ကြည့်ရမယ်လို့ ဦးမျိုးရန်နောင်သိမ်း က အခုလို ပြောပါတယ်။

"ကျနော်တို့က ၂၀၁၅ မှာ နိုင်ခဲ့တဲ့နေရာတွေ ပြန်နိုင်မယ်ပေါ့၊ ဆိပ်ကမ်းလို နေရာမျိုးတော့ စိုးရိမ်တယ်ပေါ့၊ ဘာကြောင့်လဲဆိုတော့ အပြောင်းအလဲကို မလိုလားတဲ့ တကယ့် အရာရှိကြီးတွေရှိတယ်၊ ဆိပ်ကမ်းလို နေရာမျိုးက ဝန်ထမ်းအများစု ရှိတဲ့နေရာဆိုတော့ အဲဒီလိုနေရာမျိုးက စောင့်ကြည့်ရမယ့် အနေအထားမျိုးတော့ ရှိတာပေါ့၊ ရွေးကောက်ပွဲကော်မရှင်က ဒီကိစ္စကို ဘယ်လိုကိုယ်တွယ်မလဲဆိုတာလည်း စောင့်ကြည့်ရမှာပေါ့"

အဲဒီဆိပ်ကမ်းမဲဆန္ဒနယ်မှာ NLD နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၈ ပါတီနဲ့ တစ်သီးပုဂ္ဂလတစ်ဦးတို့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က လစ်လပ်သွားတဲ့ ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ၁၀ နေရာ ဝင်ရောက်ယှဉ်ပြိုင်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတော့ ဆိပ်ကမ်း မဲဆန္ဒနယ်မှာ အနိုင်ရမယ်လို့ အပြည့်အဝယုံကြည်ကြောင်း ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်ထွန်းဦး က အခုလို ပြောပါတယ်။

"ဆိပ်ကမ်းကတော့ ကျနော်တို့ သေချာပေါက်နိုင်လိမ့်မယ်လို့ ကျနော်တို့ သုံးသပ်ထားပါတယ်။ကျနော်တို့ ကိုယ်စားလှယ်လောင်းက ဆိပ်ကမ်းမှာကြီးပြင်းမွေးဖွားလာတဲ့သူ ဖြစ်ပါတယ်။ ဆိပ်ကမ်းက ပြည်သူတွေက သူ့ကို မသိတဲ့သူ မရှိပါဘူး၊ သူသာ ရွေးချယ်မယ်ဆိုရင် အားပေးထောက်ခံမှု အပြည့်ရလိမ့်မယ်လို့ သူ့ကို သူလည်း ယုံကြည်တယ်၊ ကျနော်တို့ စစ်တမ်းတွေအရလည်း သိရှိရပါတယ်၊ သူဟာ ဒေသသားဖြစ်ပါတယ်"

ဒါ့အပြင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ တာမွေနဲ့ မြင်းခြံမဲဆန္ဒနယ်တွေဟာ ယှဉ်ပြိုင်မှုပြင်းထန်နိုင်မယ်လို့ သုံးသပ်ကြောင်းလည်း ဦးသိန်ထွန်းဦး က ဆက်ပြောပါတယ်။

"ယှဉ်ပြိုင်မှုပြင်းထန်မယ့်နေရာကတော့ မြင်းခြံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာမှာ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်နေရာလွတ်သွားတဲ့ တာမွေမဲဆန္ဒနယ်ပေါ့နော်၊ ဒီနှစ်နေရာလောက်ပဲ ယှဉ်ပြိုင်မှုက ပိုပြင်းထန်တာပေါ့"

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီ ရှုံးနိမ့်ခဲ့တဲ့ ရှမ်းနဲ့ ရခိုင် ၂ နေရာလုံး လစ်လပ်မဲဆန္ဒနယ်တွေ ရှိလာတဲ့အတွက် အခုကြားဖြတ်ရွေးကောက်ပွဲမှာ အဲဒီဒေသတွေက မဲဆန္ဒနယ် ၂ နေရာအတွက်လည်း ယှဉ်ပြိုင်ကြရဦးမှာ ဖြစ်ပါတယ်။

အဲဒီအပေါ်မှာ NLD ပါတီ ဗဟိုသုတေသနအဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်း က အခုလို သုံးသပ်ပြပါတယ်။

"တစ်ခုထူးခြားတာကတော့ ရှမ်းပြည်နယ်မှာ အခြေအနေကောင်းတယ်၊ ၂၀၁၅ မှာ ရှုံးခဲ့တဲ့ နေရာပေါ့၊ အခုကတော့ နိုင်ချေရှိတယ်လို့ မြင်တယ်၊ တကယ်လို့ မနိုင်ခဲ့လို့ရှိရင်လည်း ကျနော်တို့ကို ထောက်ခံတဲ့ ဆန္ဒမဲ ပိုတက်လာမယ်၊ ရခိုင်ကတော့ အခြေအနေသိပ်မကောင်းဘူးလို့မြင်တယ်"

ရှမ်းပြည်နယ်မှာ လဲချားမြို့နယ် မဲဆန္ဒနယ်က လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

လဲချားမဲဆန္ဒနယ်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက အခြေအနေအကောင်းဆုံးပဲလို့ ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က ပြောပါတယ်။

"အခုလက်ရှိကတော့ ကျနော်တို့ အခြေအနေအကောင်းဆုံးပဲလေ၊ ကျနော်တို့ နိုင်မှာပါ။ ပြည်သူလူထုက အရမ်းကြိုဆိုတယ်၊ စည်းရုံးရေးမှာ သွားရင်လည်း အများကြီးလာကြတယ်၊ အခုက သိသွားပြီလေ၊ ကျားဖြူက လုပ်ရည်ကိုင်ရည် ရှိတယ်ဆိုပြီး ပြည်သူလူထုက ကျနော်တို့ဘက် အများကြီးပါလာပြီလေ"

ဒါ့အပြင် မန္တလေးတိုင်းအစိုးရရဲ့ လစ်လပ်သွားတဲ့ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာ ယှဉ်ပြိုင်မှု အတွက်လည်း ပါတီရဲ့ ကိုယ်စားလှယ်လောင်းအပေါ် ယုံကြည်မှုအပြည့်ရှိကြောင်း ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်း က ဆက်ပြော ပါတယ်။

"ကျနော်တို့ဘက်က ဒေါက်တာ စိုင်းကျော်အုန်း သူကအရင်တုန်းက ဒုဝန်ကြီးဟောင်းလေ သူပြိုင်တာလေ၊ ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်ထဲမှာတော့ capital အမြင့်ဆုံးလေ၊ ၆၀ /၄၀ လောက်တော့ ကျနော်တို့ မှန်းထားတယ်၊ ၆၀ ရာခိုင်နှုန်းကျော်လောက်ရနိုင်တယ်"

ရခိုင်ပြည်နယ်က ရသေ့တောင် မဲဆန္ဒနယ်မှာတော့ တစ်သီးပုဂ္ဂလတစ်ဦး၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ရခိုင်ပါတီကိုပဲမဲပေးမယ့် အနေအထားရှိကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေ အတွင်းရေးမှူး ဦးမျိုးကျော် က အခုလို သုံးသပ်ပြပါတယ်။

"ရခိုင်ပြည်နယ်အနေအထားနဲ့က ရခိုင်ပါတီကိုပဲ မဲပေးမယ်ဆိုတဲ့ အနေအထားရှိတယ်၊ အဲဒီတော့ တစ်သီးပုဂ္ဂလ ဆိုတာကလည်း ANP ဥက္ကဋ္ဌဟောင်းရဲ့သားဆိုတော့လေ သူကတော့ ရှင်းတယ်၊ သူနိုင်ငံရေးတွေ မသိဘူး၊ သူ့အဖေက ဝင်ပြိုင်ခိုင်းလို့ ဝင်တယ်လို့ပြောတယ်လေ၊ အဓိက ပြိုင်ရမှာက ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရယ်၊ ရခိုင်အမျိုးသားပါတီရယ်၊ တစ်သီးပုဂ္ဂလရယ် အဲဒီအနေအထားရှိပါတယ်"

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မကွေးတိုင်းဒေသကြီးတွေက လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကျင်းပသွားမှာဖြစ်ပြီး ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းသူ ၆၉ ယောက် ရှိပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။