ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် ဆရာတော်ကြီးတွေ နှုတ်ပိတ်နေမှု ဝေဖန်သူတွေ ပြစ်တင်ပြောကြား

ခင်မောင်စိုး (ဝါရှင်တန်ဒီစီ)
2022.08.04
ဥပဒေမဲ့သတ်ဖြတ်မှုအပေါ် ဆရာတော်ကြီးတွေ နှုတ်ပိတ်နေမှု ဝေဖန်သူတွေ ပြစ်တင်ပြောကြား ၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တွေ့ရသည့် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ။
Photo: Myanmar Military

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ဦးကျော်မင်းယုနဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော် တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားလေးဦးကို စစ်ကောင်စီက အကြမ်းဖက်မှုဥပဒေနဲ့ စွဲချက်တင် သေဒဏ်ပေးပြီး ဇူလိုင် ၂၃ ရက်နေ့က ကွပ်မျက်ခဲ့တာကို ကြိုတင်သိမြင်ကြပါလျက်နဲ့ မြန်မာပြည်တွင်းရှိ ဘာသာရေးခေါင်းဆောင်တွေက ကြိုတင်တားမြစ်ခြင်း၊ မေတ္တာရပ်ခံခြင်းတွေ မရှိခဲ့သလို ကွပ်မျက်ပြီးကာလမှာလည်း ပြစ်တင်ပြောဆိုခြင်း တစ်စုံတစ်ရာ မရှိခဲ့ပါဘူး။

သေဒဏ်ချမှတ်ထားတဲ့ ကျန်ရှိနိုင်ငံရေးသမားတွေကို ဆက်လက်ကွပ်မျက်ရန် စီစဉ်နေတဲ့သတင်းတွေလည်း လတ်တလော ပေါ်ထွက်နေပါတယ်။ ဗုဒ္ဓဘာသာ ဆရာတော်တွေအနေနဲ့ ဒီကိစ္စကို နှုတ်ပိတ်မနေသင့်ဘူးလို့ လွတ်မြောက်နယ်မြေ တစ်နေရာမှာရှိတဲ့ အရှင် မင်းသုညက မိန့်ကြားပါတယ်။

“မိမိတို့နိုင်ငံမှာထင်ရှားတဲ့ ဆရာတော်ကြီးတွေ အများကြီးပါပဲ။ နိုင်ငံတော် သံဃနာယက ဆရာတော်ကြီးတွေ ရှိတယ်။ ဂိုဏ်းကြီးတွေလည်းရှိတယ်။ ဒီလိုဆရာတော်ကြီးတွေ အများကြီး ရှိကြပေမယ့် ကိုဂျင်မီတို့၊ ဖြိုးဇေယျာသော်တို့ ကြိုးမိန့်တွေ ကြိုးမိန့်ပေးပြီး သေဒဏ်ပေးပြီး ကွပ်မျက်တော့မယ်ဆိုတဲ့ သတင်းကို ဆရာတော်ကြီးတွေလည်း ကြားကြတာပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ တားမြစ်တာ၊ ပိတ်ပင်တာ အလှူခံတာ။ ဒါတွေဟာ မလုပ်သင့်ဘူးဆိုပြီး ဆရာတော်ကြီးတွေဘက်ကနေ စာတွေ ထွက်သင့်ကြတာပေါ့။ သို့သော်လည်း ဘယ်ဆရာတော်ကြီးတွေထံမှ ဒီလိုမျိုး ထွက်လာတာမတွေ့ရဘူး။ ဦးပဥ္စင်းတို့ကတော့ မျှော်လင့်တာပေါ့။ သံဃနာယက ဆရာတော်ကြီးတွေ သီတဂူတို့ အစရှိသဖြင့် ထင်ရှားတဲ့ ဆရာတော်ကြီးတွေ အများကြီးရှိကြတော့ ဒါမျိုးထွက်လာမယ်လို့ ဦးပဥ္စင်းတို့ ထင်တာပေါ့။ တကယ်ထွက်လာခြင်း မရှိခဲ့ဘူး။ ဒါတွေက အင်မတန်မှ ရှက်ဖွယ်လိလိဖြစ်တယ်။ ကမ္ဘာ့အနေနဲ့ ကြည့်ကြတယ်ဟေ့ ဆိုရင်လည်း ရှက်စရာမှ အင်မတန်မှ ကောင်းတယ်။ ယနေ့ ကမ္ဘာ့နိုင်ငံအသီးသီးကလည်း ပြောဆိုလာကြပြီ။ မြန်မာနိုင်ငံမှာ ရဟန်းတော်ပေါင်း သုံးသိန်းကျော် လေးသိန်းနီးပါးရှိနေတာ ဒီလိုမျိုး အဓမ္မမှုတွေ အရှင်လတ်လတ်မီးရှို့တာတွေ၊ သတ်ဖြတ်တာတွေ ကိုယ့်နိုင်ငံသားတွေဟာ အိမ်မှာမနေနိုင်ဘဲ ထွက်ပြေးနေကြရတာတွေ သန်းနဲ့ချီပြီးရှိနေတယ်။ ပြစ်မှုကျူးလွန်နေတဲ့သူတွေ ဒီလိုမျိုး လုပ်နေတဲ့ သူတွေကို တားမြစ်ရမယ် ပိတ်ပင်ရမယ်”

တကသကျောင်းသားဟောင်းများ အင်အားစုက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနန်းလင်း ကလည်း ဆရာတော်တွေရဲ့ အခုလို ရေငုံနှုတ်ပိတ်နေမှုကြောင့် လူငယ်တွေအနေနဲ့ ဘာသာရေးအပေါ် အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေတယ်လို့ ဝေဖန်ပါတယ်။

“လက်ရှိ တော်လှန်ရေး ၁ နှစ်ကျော်ကာလအတွင်းမှာ ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေ၊ ထေကြီးဝါကြီး ရဟန်းသံဃာတွေအနေနဲ့ ပြည်သူတွေရဲ့ကြုံတွေ့ခံစားနေရတာတွေကို မျက်ကွယ်ပြုပြီးတော့မှ ပြည်သူတွေကို မတရားညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်ကောင်စီကိုကျတော့ ဆရာဒကာ ဆက်ဆံရေးကို အာဏာထူထောင်ပြီး လုပ်နေတဲ့ သဘောက ဘာသဘောလဲဆိုတာကတော့ ဒီကာလမှာ လူငယ်တွေတော်တော်များများက မေးခွန်းထုတ်တဲ့ ကိစ္စပဲဖြစ်တယ်။ ကျနော်လည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာရဲ့အခြေခံက မေတ္တာနဲ့တရားဓမ္မလို့ နားလည်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ တကယ့်ကို လူသတ်သွေးစွန်းနေတဲ့ လက်တွေနဲ့ လှူတာတွေ တန်းတာတွေကို ပိုပြီတော့ သဘောကျပူးပေါင်းဆောင်ရွက်နေတဲ့ ဆရာတော်တွေ ဆက်ဆံရေးထူထောင်နေတဲ့ ကိစ္စကတော့ ကျနော်တို့ ပြည်သူတွေရဲ့စိတ်ဆန္ဒနဲ့တော့ မကိုက်ဘူး။ ဒါဟာ အတော့်ကို လွဲချော်မှုတော့ရှိနေတယ်လို့ ပြောချင်ပါတယ်”

မြန်မာ့နိုင်ငံရေးမှာ သံဃာတော်တွေ အထင်ကရပါဝင်ခဲ့တာကို သတိရသင့်ပါတယ်လို့လည်း သူက ပြောပါတယ်။

“ကျနော်တို့ တည်ဆောက်ချင်တဲ့ တိုင်းပြည်ကလည်း ဘာသာရေးနဲ့နိုင်ငံရေးသီးခြားဖြစ်တဲ့ နိုင်ငံမျိုးတည်ဆောက်မှာပါ။ သို့သော်လည်းပဲ ကျနော်တို့ရဲ့လူမှုအဖွဲ့အစည်းရဲ့ တည်ဆောက်ခွင့်အရ ဘာသာရေးခေါင်းဆောင်တွေတကယ့်ကို ဩဇာကြီးပါတယ်။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာလည်း တကယ့်ကိုမှ ထေကြီးဝါကြီးရဟန်းသံဃာတွေ ပါဝင်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင်ဆိုတာ တကယ့်ကိုမှ ကမ္ဘာကျော် သံဃာ့လှုပ်ရှားမှုတစ်ခု။ ဒါပေမဲ့ ဒီနွေဦးတော်လှန်ရေးမှာတော့ သံဃာတွေရဲ့ ရပ်တည်မှုတွေက မေးခွန်းထုတ်ဖွယ်ဖြစ်တယ်။ ခေတ်အဆက်ဆက်က သိခဲ့ မြင်ခဲ့ ဖတ်ခဲ့ရတဲ့ သမိုင်းတွေက ပြည်သူနဲ့အတူ ရပ်တည်တာတွေနဲ့ တော်တော်လေး ကွဲလွဲတဲ့ အခြေအနေလို့ မြင်ပါတယ်”

monk (2).jpg
၂ဝ၂၂ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ တွေ့ရသည့် သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရ။ (Photo: Myanmar Military)

အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ အရှင် ဇဝနကလည်း စစ်တပ်ခေါင်းဆောင်တွေနဲ့ ပေါင်းသင်းနေတဲ့ ဆရာတော်တွေကြောင့် ဗုဒ္ဓဘာသာရဲ့ပုံရိပ်ကို အကြီးအကျယ် ထိခိုက်စေတယ်လို့ မိန့်ကြားပါတယ်။

“လောကကြီးမှာ လူမိုက်တွေ ချုပ်ငြိမ်းပြီး သူတော်ကောင်းတွေ ထွန်းကားဖို့ဆိုတာ ဘာသာတရားရဲ့ အနှစ်သာရပါ။ ကိုယ်ကျိုးစီးပွားအတ္တကလွဲပြီးတော့ ဘာဆိုဘာမှ မမြင်တဲ့လူမိုက်ဆိုတာ တစ်ကမ္ဘာလုံးက ဒီမင်းအောင်လှိုင်တို့ကို သတ်မှတ်ပြီးသားပါ။ တစ်ကမ္ဘာလုံးကသတ်မှတ်ထားပြီးဖြစ်ရက်နဲ့ လူမိုက်ကို ပခုံးဖက်ပြီး လူမိုက်အားပေးလုပ်နေတဲ့ သူတွေဟာ ဘုန်းတော်ကြီးမကလို့ ဘယ်သူပဲဖြစ်ပါစေ အဲ့ဆရာတော်တွေ၊ သံဃာတော်တွေကိုယ်တိုင်က လူမိုက်စိတ်အပြည့်ရှိနေလို့ လောကကြီး ကောင်းကျိုးထက် လူမိုက်ကောင်းကျိုးကို ကြည့်တဲ့သူတွေလို့ပဲ ဘုန်းဘုန်းမြင်ပါတယ်။ ဘာသာတရားအရကြည့်မယ်ဆိုရင် အင်မတန်မှ သေးသိမ်၊ ဘာသာတရားနဲ့ ဆန့်ကျင်ဘက်ကို လုပ်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေလို့ပဲ ပြောရမှာဖြစ်ပါတယ်။ တကယ်တော့ လူသတ်မှုဆိုတာကို အစောကြီးကတည်းက တားမြစ်ပိတ်ပင်သင့်ပါလျက်နဲ့ အားပေးအားမြှောက်ပြုလုပ်ခဲ့တဲ့ ဆရာတော်၊ သံဃာတော်တွေဟာ ဓမ္မကို မြတ်နိုးတယ်လို့ ပြောလို့ မရပါဘူး။ အဓမ္မမှန်းသိလျက်နဲ့ ငြိမ်နေရင် သူတို့ဟာ အဓမ္မကို အားပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီဆရာတော်တွေ၊ သံဃာတော်တွေဟာ အဓမ္မဘက်တော်သားပဲလို့ ဆရာတော် ဆိုချင်ပါတယ်”

သေဒဏ်ချမှတ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ထပ်မံကွပ်မျက်ရန် စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အတွက် အာဆီယံအပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းကန့်ကွက်နေချိန်မှာ ပြည်တွင်းရှိ သံဃမဟာနာယက အဖွဲ့ကြီးအပြင် နာမည်ကျော် ဗုဒ္ဓဘာသာဆရာတော်တွေ၊ တခြားဘာသာရေးခေါင်းဆောင်တွေ အနေနဲ့လည်း ထိရောက်စွာ ဝင်ရောက်ဟန့်တားသင့်တယ်လို့ ဝေဖန်သူတွေက ပြောဆိုကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ဖုံးကြီး ပါးငါးဆယ်ကျော် သတ်ခံရ
2022-08-06 02:37

ဘာဖြစ်လို ့မပြေားလည် သတင်းသမားတေ