မြို့ကြီးများလုံခြုံရေး ပုံမှန်အတိုင်းဆောင်ရွက်နေလို့ ရဲတပ်ဖွဲ့ပြော

2019-09-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မန္တလေးမြို့က လူစည်ကားရာနေရာတွေမှာ မိုင်းရှာဖွေနေတာကို ၂၀၁၉ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
မန္တလေးမြို့က လူစည်ကားရာနေရာတွေမှာ မိုင်းရှာဖွေနေတာကို ၂၀၁၉ စက်တင်ဘာ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

ယူကေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအပြင် သြစတြေးလျသံရုံးကလည်း သူတို့နိုင်ငံသားတွေကို မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တချို့မှာ ဘေးအန္တရာယ်ရှိနိုင်တဲ့အတွက် သတိထားသွားလာကြဖို့ မနေ့က ကြေညာချက်တွေ အသီးသီးထုတ်ပြန်ပြီး သတိပေးထားပါတယ်။

အထူးသဖြင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပြင်ဦးလွင် ကျောက်မဲကားလမ်းတွေမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေတဲ့အတွက် မလွဲှမရှောင်သာကိစ္စရှိမှ သွားလာကြဖို့ ၊ ကမ္ဘာလှည့် ခရီးသည်တွေ သွားလာနိုင်တဲ့ နေရာတွေကိုတောင်မှ ခရီးသွား အေဂျင်စီတွေနဲ့ စုံစမ်းမေးမြန်းပြီးမှ သွားလာကြဖို့ သတိပေးထားတာပါ။

စက်တင်ဘာလ ၂၅ ရက်နေ့ညပိုင်းက အမေရိကန်သံရုံး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာဆိုရင် တိုင်းရင်းသား လက်နက်ကိုင်တချို့ဟာ စက်တင်ဘာလ ၂၆ ရက်၊ အောက်တိုဘာလ ၁၆ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ နေပြည်တော် ၊ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဖောက်ခွဲတိုက်ခိုက်တာတွေ ဖြစ်နိုင်ခြေရှိတယ်လို့ ပါရှိပါတယ်။ အဲဒီသံရုံးတွေ ဘက်ကတော့ လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ထံ ဆက်သွယ်ပြောဆိုလာတာ မရှိသေးကြောင်း၊ ဒီဖောက်ခွဲ တိုက်ခိုက်မယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မှန်ကန်မှု ရှိ မရှိကိုတော့ မှတ်ချက်ပေးဖို့ မရှိကြောင်း ရဲမှူးကြီး မျိုးသူစိုး က ဒီနေ့ ပြောပါတယ်။

"အွန်လိုင်းတွေမှာ ပျံ့နှံ့နေတဲ့ သတင်းတွေကြောင့်မို့လို့ ဘယ်နေရာမှာတော့ တိုးမြှင့်ပြီး ဆောင်ရွက်ပါတယ်။ ဘယ်နေရာမှာတော့ ပိုမိုပြီးတော့ လုံခြုံရေးတွေ ချထားပါတယ် ဆိုတဲ့အနေအထား မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော်တို့ရှိတဲ့အစီအမံအတိုင်း မူဝါဒနဲ့အညီ စနစ်တကျဆောင်ရွက်နေတဲ့ အနေအထားဖြစ်ကြောင်း ပြောကြားလိုပါတယ်။ သတင်းပိုင်းနဲ့ပတ်သက်ပြီး ပြောဖို့မရှိပါဘူး။ သူတို့ရတဲ့ သတင်းရင်းမြစ်နဲ့ သူတို့ထုတ်ပြန် တာပါ။ ကျွန်တော်တို့အပိုင်းကတော့ သတင်းနဲ့ပတ်သက်ပြီး ဘယ်လိုဘယ်ဝါ ပြောဖို့မရှိပါဘူး။ ကျွန်တော် တို့ကတော့ လုံခြုံရေးဆောင်ရွက်နေတဲ့ အခြေအနေကိုပဲ ပြောတာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့တပတ်ကျော်လောက်က စက်တင်ဘာလ ၁၆ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သမ္မတရုံး ၊ နိုင်ငံရေး နဲ့ လုံခြုံရေးဌာနကြီး က ထုတ်ပြန်တယ်ဆိုပြီး အွန်လိုင်းပေါ်မှာ သတိပေးစာတစ်စောင် ပျံ့နှံ့ခဲ့ပါတယ်။

အဲဒီစာထဲမှာ ဖောက်ခွဲမှုတွေ ပြုလုပ်ဖို့အတွက် ထိုင်းနိုင်ငံထဲက နေရာတစ်ခုမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက KIA ၊ AA နဲ့ စိစစ်ဆဲအဖွဲ့တချို့ အပါအဝင် NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF ၊ KNU အဖွဲ့ဝင် ၂၀ ခန့်က အစည်းအဝေး ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါကြောင့် နေပြည်တော် ပြည်ထောင်စုနယ်မြေထဲက ဌာနအသီးသီးမှာ လုံခြုံရေး အထူးဂရုပြုကြဖို့ ညွှန်ကြားထား တယ်လို့လည်း ပါဝင်ပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက နေပြည်တော်ကို လုံခြုံရေး ဂရုတစိုက် ဆောင်ရွက်နေကြောင်းနဲ့ လျှို့ဝှက်စာပေါက်ကြားမှုဟာ လုံခြုံရေးကိစ္စအတွက် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တာကြောင့် ဆင်ခြင်ဖို့လိုကြောင်း RFA ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖြေကြားထားပါတယ်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ဂွမ်မော်က အဲဒီ သမ္မတရုံးက ထုတ်ပြန်တဲ့စာနဲ့ ပတ်သက်ပြီး " စာကတော့ အတုမဟုတ်ဘူးတဲ့ ၊ သတင်းအတုက ဘယ်သူပေးတာပါလိမ့်" ဆိုပြီး သူ့ရဲ့ လူမူကွန်ရက် ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

သမ္မတရုံးကထုတ်တဲ့ လုံခြုံရေးညွှန်ကြားချက်မှာပါတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့အနေနဲ့ ဖောက်ခွဲမှုလုပ်မယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ မဟုတ်ကြောင်း၊ စာပါဖော်ပြချက်လို တွေ့ဆုံဆွေးနွေးခဲ့တာ မရှိကြောင်းလည်း ပြောကြပါတယ်။

ဒီလို သတင်းတွေ ထွက်ပေါ်လာတာဟာ ယုံကြည်မှုတည်ဆောက်ရေးမှာ အနှောင့်အယှက်ဖြစ်စေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းစေတယ်လို့ ပြောကြပါတယ်။

အစိုးရဌာနတွင်းလုံခြုံရေးအတွက် ထုတ်တဲ့ လျှို့ဝှက်စာ အင်တာနက်လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ကိစ္စအပေါ်မှာ လည်း တပ်မတော်အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ လေ့လာသူတွေကလည်း ဝေဖန်ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်မှုထမ်းဟောင်းတွေနဲ့ ဖဲ့ွစည်းထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့က ဦးသိန်းထွန်းဦးက - မြန်မာနိုင်ငံရဲ့ လုံခြုံရေးစနစ် ကျိုးပေါက်နေတဲ့အတွက် သတိထားသင့်တယ်လို့ ပြောလိုက်ပါတယ်။

"အခုလိုမျိုးပေါ့ ဖောက်ခွဲမယ်ဆိုတဲ့ သတင်းမျိုး အွန်လိုင်းပေါ်တက်လာလို့ ကျွန်တော်တို့ မြင်တာလေ။ အွန်လိုင်းပေါ်မတက်ပဲ တဖက်အဖွဲ့အစည်းကို ရောက်သွားတာမျိုး မရှိနိုင်ဘူးလားလို့ အတွေးတွေရှိတယ်။ ဥပမာဆိုပါတော့ လူကြီးခရီးစဉ်၊ ဘယ်သွားမယ်၊ ဘာလုပ်မယ်၊ ဘယ်သူနဲ့တေ့ွမယ်။ ဒါနဲ့ပတ်သက်ပြီး အဖျက်အမှောက် လုပ်ချင်တဲ့လူ၊ အကြမ်းဖက်မယ့်လူတစ်ယောက်က သတင်းပေါက်ကြားမှုအပေါ် မူတည်ပြီး အဲဒါအပေါ်မှာ အခွင့်ကောင်းယူပြီး လုပ်ဆောင်လာနိုင်တဲ့အချက် အများကြီးရှိတယ်။ ဒါတွေကတော့ တော်တော်လေး တင်းတင်းကြပ်ကြပ် စိစစ်ပြီး သေသေချာချာ ပြန်လည်စိစစ်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ပါပဲ၊ သေချာတာ တစ်ခုပြောနိုင်တာကတော့ မြန်မာနိုင်ငံရဲ့ လုံခြုံရေးစနစ်က ဆိုးဆိုးဝါးဝါး ကျိုးပေါက်နေတယ်။ အချိန်မီ မပြင်ဆင်နိုင်ရင် ကြီးမားတဲ့ အကျိုးဆက်တွေ ဖြစ်ကောင်းဖြစ်လာနိုင်တယ်။ ဒါကတော့ ကျွန်တော်တို့ စိုးရိမ်မှုရှိပါတယ်။"

ဒီနေ့ညနေပိုင်းမှာ မန္တလေးမြို့က လူစည်ကားရာနေရာတွေမှာတော့ မန္တလေးတိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအတွက် မိုင်းရှာဖွေတာတွေ လုပ်ခဲ့ပါတယ်။

မနော်ရမ္မံကစားကွင်း၊ Central Point ၊ ပြည်ကြီးမျက်ရှင်ကားဝန်း၊ မဟာမုနိဘုရားကြီး တို့လို နေရာတွေမှာ မိုင်းရှာဖွေခဲ့တာဖြစ်ပြီး အထူးစီမံချက်အနေနဲ့ ကြိုတင်ပြုလုပ်တာလို့ မိုင်းရှင်းလင်းရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။

စစ်ဆေးခဲ့တဲ့နေရာတွေမှာတော့ အန္တရာယ်ဖြစ်စေနိုင်တဲ့ လုံခြုံရေးကို ခြိမ်းခြောက်စေနိုင်တဲ့အရာ မတွေ့ခဲ့ကြောင်း၊ ရှင်းလင်းကြောင်းလည်း ပြောပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း တင်ပြသည်)
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့