ငြိမ်းချမ်းရေးကိုအပြုံးတပွင့်ကနေ စပါ


2017.02.20

အစိုးရနဲ့စစ်တပ်က တပြည်လုံးမှာ တပြိုင်နက်တည်း အပစ်အခတ်ရပ်စဲရေးကြေညာပြီး အားလုံးပါဝင်တဲ့ဆွေးနွေးပွဲလုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးရဖို့ မခဲယဉ်းဘူးလို့ ၈ လေးလုံး အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူတွေက သုံးသပ်နေကြပါတယ်။ ဒါနဲ့ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

ငြိမ်းချမ်းရေးကိုအပြုံးတပွင့်ကနေစတယ်လို့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာသာထရီဇာကပြော ခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဒဏ်ကိုနိုင်ငံသားအားလုံးခံစားနေရတာ အနှစ် ၇၀ နီးပါးရှိနေပါပြီ။ ဒါကြောင့် ကမ္ဘာမှာအရှည်ကြာဆုံးပြည်တွင်းစစ်လို့တောင် ကမ္ဘာ့စာနယ်ဇင်းတွေကတင်စားပြောဆို နေကြပါပြီ။ ဒီလိုတင်စားခံရတာ ဂုဏ်ယူဝမ်းမြောက်စရာမဟုတ်ဘူးဆိုတာကို နိုင်ငံသားတွေသိနေပါ တယ်။

ဒါကြောင့် ပြည်တွင်းစစ်ရပ်ပြီး၊ ငြိမ်းချမ်းရေးရဖို့ ပြည်သူတွေအထူးလိုချင်နေကြတာကလဲ မျက်ဝါး ထင်ထင်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က " ပြည်သူလူထုအားလုံးကတော့ ငြိမ်းချမ်းရေးလိုချင်ပါတယ်။ သာမန်လူတွေထဲမှာ ငြိမ်းချမ်းရေးမလိုချင်တဲ့သူမရှိဘူးလို့ ကျမကတော့ ယုံကြည်ပါတယ်" လို့ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့က ပင်လုံမှာပြောတဲ့မိန့်ခွန်းမှာ အခုလိုထည့်သွင်း ပြောဆိုသွားပါတယ်။

ငြိမ်းချမ်းရေးလိုလားတဲ့အကြောင်းကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းကစပြီး၊ အခုခေတ် ကျောင်းသား၊ ပြည်သူတွေအထိ နည်းလမ်းမျိုးစုံနဲ့ထုတ်ဖေါ်ပြသနေကြပါတယ်။ လတ်တလောမှာဆိုရင် မသန်စွမ်း သူတွေကတောင် မြစ်ကြီးနားကနေ နေပြည်တော်ကို ချီတက်ပြီး ငြိမ်းချမ်းရေးထောက်ခံနေတာတွေ့ရ ပါတယ်။

အဲဒီလိုပြည်တွင်းပြည်ပဝိုင်းဝန်းတိုက်တွန်းတောင်းဆိုနေတဲ့ငြိမ်းချမ်းရေးအတွက်ပြီးခဲ့တဲ့ ၅ နှစ်မှာတော့ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရက သူ့သက်တမ်းအတွင်းမဖြစ်မနေလုပ်ရတဲ့အခါမှာ စည်းတွေ၊ ဘောင်တွေ၊ မူတွေရေးဆွဲပြီးစတင်ခဲ့သလို NLD အစိုးရကလဲ ၂၁ ရာစုပင်လုံညီလာခံဆိုတဲ့အမည်နဲ့ ငြိမ်းချမ်းရေးအတွက်ဆက်ပြီးအကောင်အထည်ဖော်နေတာတွေ့ရပါတယ်။

ဒါနဲ့ပတ်သက်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းဇေယျာက

" ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဦးသိန်းစိန်လက်ထက်ကလုပ်သွားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ အဲဒါကို NLD အစိုးရကဆက်ပြီးတော့ carry လုပ်တယ်၊ လုပ်တဲ့အခါမှာလဲ လူပြောင်းပြီးတော့ လုပ်တယ်။ မူကတော့ ဦးသိန်းစိန်လက်ထက်ကမူအတိုင်းပဲသွားတယ်။ အဲဒါဘာလဲဆိုတော့ NCA ကို အခြေခံသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ။ အဲဒါသွားနေတာ။ တခါပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံက ပေါ်ပေါက်လာတဲ့ နိုင်ငံရေးဆိုင်ရာအမျိုးသား သဘောတူညီချက်ကို ယူပြီးတော့မှ လွှတ်တော်ကအတည်ပြု၊ ပြီးတော့မှ ဖွဲ့စည်းပုံကိုပြင်မယ်ဆိုတဲ့ process ကိုသွားနေတယ်။ အဲတော့ ကျနော်နားလည်သလိုပြောရမယ်ဆိုရင်၊ ဦးသိန်းစိန်လက်ထက်ချခဲ့တဲ့ အခြေခံမူနဲ့သွားနေတဲ့ peace process အရဖြစ်ပေါ်လာမယ့် ငြိမ်းချမ်းရေးညီလာခံပြီးမှသွားမယ့် ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ အရင်တုန်း က NLD နဲ့ အန်တီစုပြောခဲ့တဲ့ လွှတ်တော်တွင်း လွှတ်တော်ပပူးပေါင်းဆောင်ရွက်ပြီးတော့ပေါ့ ကျနော်တို့ ၈၈ ငြိမ်းပွင့်နဲ့ပေါ့နော် NLD နဲ့ပေါင်းပြီးလုပ်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆန္ဒခံယူရေးပေါ့ဗျာ၊ လက်မှတ်ထိုးပွဲ။ အဲဒါကြီးကနောက်တန်းရောက်သွားရတယ်လိုွှ ကျနော်ခံစားရတယ်။" လို့ သုံးသပ် ပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးမယ့်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအနေနဲ့ တည်ဆဲဥပဒေတွေ လိုက်နာရမယ်၊ ၂၀၀၈ ဖွဲ့ စည်းပုံကိုလိုက်နာရမယ်ဆိုတဲ့ တပ်မတော်ရဲ့ မူ (၆) ချက်ဆိုတာက ဆွေးနွေးပွဲတွေအတွက် အဖုအထစ်တခုဖြစ်နေတယ်လို့ထောက်ပြကြပါတယ်။ တည်ဆဲဥပဒေတွေက တိုင်းရင်းသားတန်းတူညီမျှမှုမရှိလို့ဆိုပြီး လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့ တွေအနေနဲ့ ဒါကိုလိုက် နာရမယ်ဆိုတာဟာ ဆွေးနွေးပွဲသွားရာလမ်းကိုပိတ်ထားရာရောက်နေတယ် လို့တိုင်းရင်းသားအဖွဲ့ တွေက ရှုမြင်ကြတာတွေ့ရပါတယ်။

အဲဒီအပြင် NCA ဆိုတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ထိုးမှ ၂၁ ရာစုပင်လုံညီလာခံတက်ခွင့်ရမယ်ဆိုတဲ့ အကန့်အသတ်ပေါ်လာပြန်ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က NCA စာချုပ် ကိုလက်မှတ်ထိုးပြီး ၂၁ ရာစုပင်လုံညီလာခံမှာပါဝင်ကြဖို့ တိုင်းရင်းသားအဖွဲ့တွေကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပင်လုံကျောက်တိုင်ရှေ့မှာ အခုလိုတိုက်တွန်းလိုက်တာတွေ့ရပါတယ်။

"အခုပင်လုံညီလာခံဖြစ်မြောက်ဖို့အတွက် ကြိုးစားနေတဲ့ အစုအဖွဲ့များ ပုဂ္ဂိုလ်များ၊ ကျမတို့ ပြည်သူ များသုံးလို့မကုန်နိုင်မယ့် ငြိမ်းချမ်းရေးအမွေအနှစ်ကိုစုဆောင်းပြီးတော့ ထားပေးခဲ့စေချင်ပါတယ်။ ထပ်လောင်းပြီးတော့လဲ ကျမအနေနဲ့အထူးပဲ ငြိမ်းချမ်းရေးစာချုပ်ကိုလက်မှတ်မထိုးရသေးတဲ့ ကျမတို့ရဲ့တိုင်းရင်းသားအစုအဖွဲ့တွေကို မေတ္တာရပ်ခံချင်ပါတယ်။ သတ္တိရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယုံကြည် စွာနဲ့လက်မှတ်ထိုးလိုက်ပါ။ ကျမတို့ရဲ့ ၂၁ ရာစုပင်လုံထဲမှာပါဝင်လိုက်ကြပါ။ ကျမတို့အားလုံးဟာ ပြည်သူပြည်သားအားလုံးဟာ၊ ဒီပါဝင်မှုကြောင့် ဘယ့်လောက် နှလုံးစိတ်ဝမ်းအေးချမ်းကြမယ်၊ ဘယ့်လောက်ကျေးဇူးတင်ကြမယ်၊ ဘယ့်လောက်ပီတိဖြစ်ကြမလဲဆိုတာကိုစဉ်းစားကြပါ။" လို့ဆိုပါတယ်။

NCA သဘောတူစာချုပ်ကို UNFC အပါအဝင်တိုင်းရင်းသားအဖွဲ့တွေလက်ခံထားတာကိုတွေ့ရပေမယ့်၊ လက်မှတ်ထိုးအောင်စည်းရုံးရေးအသွင်ဆောင်ရွက်တာထက် အင်အားသေးတယ်လို့ ယူဆတဲ့ မြောက်ပိုင်းအဖွဲ့တချို့ကို စစ်ရေးအရအပေါ်စီးရအောင် ထိုးစစ်ဆင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကိုလဲ တပ်မတော်ဘက်က ခံနေရပါတယ်။

တခါ နှစ်ပေါင်းများစွာအာဏာချုပ်ကိုင်ခဲ့တဲ့ တပ်မတော်ကို ဒီမိုကရေစီစစ်စစ်နိုင်ငံတွေမှာလို အစိုးရရဲ့ အောက်မှာထားနိုင်တဲ့အခြေအနေမဟုတ်သေးပဲ၊ အစိုးရနဲ့ အာဏာစင်ပြိုင်၊ ဒါမှမဟုတ် အစိုးရ အထက်ကလိုဖြစ်နေတယ်လို့လည်း မြန်မာ့အရေးလေ့လာသူတွေကတောက်လျှောက်ထောက်ပြ ဝေဖန်နေခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ ၂၁ ရာစုပင်လုံညီလာခံကို အားခဲဆောင်ရွက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက်ထင်တိုင်းမပေါက်နိုင်တာကိုလဲတွေ့နေရပါတယ်။ အခုဆိုရင် ညီလာခံကို ဒီလထဲမှာကျင်းပ မယ်လို့ လျာထားပေမယ့် မတ်လကိုရွှေ့လိုက်ရပါတယ်။

၂၁ ရာစုပင်လုံညီလာခံကို ဘေးကသာစောင့်ကြည့်နေရတဲ့ ၈ လေးလုံးမျိုးဆက်တွေကတော့ NLD အစိုးရရဲ့ဆောင်ရွက်ချက်တွေကို မိတ်ဖက်အသွင်နဲ့ဝေဖန်ထောက်ပြနေကြပြီး၊ အစိုးရနဲ့တပ်မတော် ဘက်က သဘောထားကြီးကြီးနဲ့ တပြည်လုံးအပစ်ရပ်ကြေညာသင့်တယ်လို့ ပြောဆိုကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေါက်တာရန်မျိုးသိမ်းက

" ဒေါ်အောင်ဆန်းစုကြည်ကလဲ သူကအမြဲတမ်းပြောလေ့ရှိတယ်။ ကိုယ်ဘာရမလဲဆိုတာထက် ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားဖို့လိုအပ်တယ်ဆိုတာ။ အမှန်တကယ်ကတော့ အစိုးရနဲ့ တပ်မတော်နဲ့က ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ၊ ကိုယ်ဘာပေးနိုင်မလဲဆိုတာကို ဦးစားပေး စဉ်းစားပြီးတော့ အဖြေရှာဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီလိုကိုယ်ဘာပေးနိုင်မလဲဆိုတဲ့အဖြေကလဲ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်းကြေညာချက်ဖြစ်သင့်တယ်လို့ ကျနော်ကတော့မြင်ပါတယ်။ " လို့ ထောက်ပြပါတယ်။

ကိုမိုးသီးဇွန်ကလည်း

" အခု မြောက်ပိုင်းအဖွဲ့တွေမပါပဲနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုဆက်သွားမယ်ဆိုရင် ဗမာပြည်ရဲ့ ငြိမ်းချမ်းရေးကအလားအလာမကောင်းဘူး။ အဲတော့ ကျနော်တို့အနေနဲ့မြင်တာကတော့ ဒီ တိုင်းရင်းသားပဋိပက္ခကြီးဟာ အဓိကပြဿနာကတခုတည်းရှိတယ်။ အဲဒါကဘာလဲဆိုတော့ တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ လိုပါတယ်။ ပြီးတော့ ငြိမ်းချမ်းရေး စကားပြောဖို့ လိုတယ်။ အဲလိုမှမဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေးမလုပ်ဘူး။ နိုင်ငံရေးအရ ဒီလိုဆက်ပြောနေမယ်ဆိုလို့ ရှိရင်တော့ ယုံကြည်မှုက ရမှာမဟုတ်ဘူး။ ပြည်တွင်းစစ်သံသရာက ဆက်ပြီးတော့ရှည်နေဦးမှာပဲလို့ ကျနော်တော့မြင်တယ်။ အခုပဲကြည့်။ ABSDF ကခေါင်းဆောင် တယောက်ဖြစ်တဲ့ ကိုမင်းဌေးကိုဖမ်းထားပြီးပြီ။ အဲဒီအဓိပ္ပါယ်ကဘာလဲဆိုလို့ရှိရင် ဒီဥပဒေရဲ့ အောက်ထဲမှာ ဒီငြိမ်းချမ်းရေးသွားလုပ်တဲ့သူတွေဟာ အာမခံချက်မရှိသေးဘူးဆိုတာပြနေတာ။ အဲတော့ အပစ်အခတ်ရပ်စဲရေးလုပ်မှ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် တပြည်လုံးအတိုင်းအတာနဲ့ လွတ်ငြိမ်းချမ်းသားခွင့်လိုဟာမျိုးတွေကြေညာဖို့။ အဲဒါမျိုးတွေလိုနေတယ်။ အဲဒါတွေမလုပ်ပဲနဲ့ နိုင်ငံရေးအရဆွေးနွေးပွဲမလုပ်ဘူး၊ အပစ်အခတ်ရပ်စဲရေးမလုပ်ဘူးဆိုရင် ဘယ်လိုမှ ငြိမ်းချမ်းရေးကဆောက်လို့မရဘူး။" လို့ သူ့အယူအဆကိုပြောပါတယ်။

ငြိမ်းချမ်းရေးဆိုတာ အတင်းအကြပ်ဖိအားပေးလို့မရနိုင်ပဲ၊ နားလည်မှုတွေနဲ့တည်ဆောက်မှသာရနိုင် တယ်လို့ အတွေးအခေါ်ပညာရှင် အယ်လ်ဘတ်အိုင်းစတိုင်းက ပြောဖူးပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံတွေမှာအောင်မြင်သွားတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလဲတွေ့နိုင်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း ငြိမ်းချမ်းရေးအောင်မြင်အောင် နားလည်မှုတွေကို အချိန်တိုတိုအတွင်းဘယ်လို တည်ဆောက်ကြမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ကြောင်းပါခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။