ကိုဗစ်ကာလ ပလတ်စတစ်အန္တရာယ်

နန္ဒာချမ်း
2020-08-12
Share

ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံမှာ ပလတ်စတစ်သုံးစွဲမှုဟာ ၂ဝ ရာခိုင်နှုန်း အထိတိုးလာတယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တခုက နောက်ဆုံးလေ့လာတွေ့ရှိထားပါတယ်။ မြန်မာအပါအဝင် ကမ္ဘာတဝှမ်းမှာ ပလတ်စတစ်ပစ္စည်း အလွန်အကျွံ သုံးစွဲစွန့်ပစ်မှုတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်ဟာ ကိုဗစ်ကပ်ဘေးကာလမှာ ဘေးထွက်ဆိုးကျိုးတခုလို ခြိမ်းခြောက်လာနေတဲ့အပေါ်  နိုင်ငံတကာမှာရှိတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေကလည်း သတိပေးနေတာပါ။

လူတွေနေ့စဉ် စွန့်ပစ်နေတဲ့ အမှိုက်တွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုအန္တရာယ်ဟာ ကပ်ရောဂါကာလမှာ တကျော့ပြန်ပြီး ခေါင်းထောင်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေးကာလ အသွားအလာတွေ ကန့်သတ်ထားချိန်မှာ တခါသုံး ပလတ်စတစ် သုံးစွဲမှုကသိသိသာသာ တိုးလာတယ်လို့ အမှိုက်စွန့်ပစ်မှု စီမံခန့်ခွဲရေး နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ International Solid Waste Association က မကြာသေးခင်ကပဲ သတိပေးလိုက်တာပါ။

မြန်မာနိုင်ငံမှာလည်း အလားတူ ပြဿနာမျိုး ကြုံရတယ်လို့ သန့်မြန်မာအဖွဲ့ မန်နေဂျင်းဒါရိုက်တာ မမေသက်ထွေး က ပြောပါတယ်။

“ကိုဗစ်ဖြစ်တဲ့အချိန်မှာ ဘယ်လောက်အထိဆိုးသွားလဲဆိုရင် ၁ဝ ရာခိုင်နှုန်းကနေ ၂ဝ ရာခိုင်နှုန်း အထိကို တက်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပလတ်စတစ်အမျိုးအစားကို ပြန်ခွဲမယ်ဆိုရင်တော့ ရေသန့်ဗူးလို ပလတ်စတစ်မျိုးတွေ ကျတော့ သုံးစွဲမှုလျော့သွားတယ်။ အားလုံးက အိမ်မှာနေတာဆိုတော့ အပြင်ထွက်မှ ရေသန့်ဗူး ဝယ်သောက် လေ့ရှိတယ်။ ပြောရမယ်ဆိုရင် အမှိုက်ပစ်တဲ့အားက လျော့ကျသွားတယ်။ ဒါပေမဲ့ အွန်လိုင်း Delivery စနစ်တွေ ဖြစ်လာတဲ့အခါမှာ (အစားအသောက်ထည့်တဲ့ဗူးတွေနဲ့ ပလတ်စတစ်တွေက) ထင်ထားတာထက်ကို ၁ဝ ရာခိုင်နှုန်းကနေ ၂ဝ ရာခိုင်နှုန်းလောက်အထိ ပိုများလာပါတယ်”

Clean Yangon အဖွဲ့တာဝန်ခံ မသဥ္ဇာအေး ကလည်း - ကိုဗစ်ကာလ ပလတ်စတစ်သုံးစွဲမှု အခြေအနေကို ပြောပြပါတယ်။

"ကိုဗစ်19 မဖြစ်တဲ့အချိန်မှာဆိုရင် ပုံမှန် ဆိုင်တွေလည်းဖွင့်ထားတယ်။ လမ်းမှာ စည်းမဲ့ကမ်းမဲ့ပစ်တဲ့ တခါသုံး ပစ္စည်းတွေပေါ့ စွန့်ပစ်မှုက ရာခိုင်နှုန်းနည်းတယ်။ ကိုဗစ်ကာလမှာ ဆိုင်တွေပိတ်ထားတဲ့အခါကျတော့ အကုန် လုံးက ပါဆယ်တွေပဲဝယ်ကြတယ်။ တချို့ဆိုရင် ကြွတ်ကြွတ်အိတ် နှစ်ထပ် သုံးထပ်တွေထပ်ကျတယ်။”


ဒီပလတ်စတစ်တွေကြောင့်ပဲ မြန်မာနိုင်ရဲ့ အသက်သွေးကြောဆိုပြီး တင်စားကြတဲ့ ဧရာဝတီမြစ်ကြီးဟာဆိုရင် လည်း ကမ္ဘာ့အညစ်ညမ်းဆုံးမြစ် ၉ ခု ထဲမှာ ပါနေပါတယ်။  
■ ပလတ်စတစ်အိတ်
■ ဗူးခွံ
■ မုန့်နဲ့ သကြားလုံးအခွံ
■ ကြိုး
ဒီပစ္စည်းတွေကို ဧရာဝတီမြစ်ထဲမှာ အများဆုံး တွေ့ရတယ်လို့ သုတေသနပြုခဲ့တဲ့ သန့်မြန်မာအဖွဲ့ရဲ့ စစ်တမ်းမှာ ဖော်ပြထားတာပါ။ တရက်ကို အမှိုက်တန်ချိန် ၁၂ဝ လောက် ဒီမြစ်ကြီးထဲ စွန့်ပစ်နေပြီး၊ အများစုဆုံးက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖြစ်ပါတယ်။

"များသောအားဖြင့်က မြစ်ဘေးကမြို့တွေပေါ့နော်။ ရည်ရွယ်ချက်ရှိရှိ ပစ်တယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ညီမတို့ဒေသဆိုရင်လည်း အိမ်တိုင်းအိမ်တိုင်းက ထွက်တဲ့အမှိုက်ကို စည်ပင်ကအမှိုက်ကားတွေက လာသယ် သွားပြီးတော့ မြစ်ဘေးမှာ ပုံထားတာတွေရှိတယ်ပေါ့နော်။ များသောအားဖြင့် ဧရာဝတီမြစ်က သိကြတဲ့အတိုင်းပဲ။ မိုးရာသီမှာ မြစ်ရေက တက်တယ်ပေါ့နော်။ သူတို့က မြစ်ထဲကို ပစ်ချတာမဟုတ်ပေမဲ့ မြစ်ဘေးမှာ ပုံထားတဲ့အတွက်ကြောင့် မိုးရေနဲ့အတူ မြစ်ထဲကို ပါသွားတယ်ပေါ့နော်"

ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ မရွှန်းလဲ့သီတာ ပြောခဲ့တာပါ။

နေ့စဉ် ဧရာဝတီမြစ်ထဲကို မြစ်ဝကျွန်းပေါ်က စွန့်ပစ်တဲ့အမှိုက် ၃၂ တန်၊ ရန်ကုန်က ၂၉ တန်၊ မြစ်ကြောင်းတလျှောက် ကျန်ဒေသတွေက ၁၃၈ တန် ရှိပါတယ်။ မြစ်တွေကတဆင့် ပင်လယ်သမုဒ္ဒရာထဲကိုရောက်လာတဲ့ ပလတ်စတစ်အမှိုက်တန်ချိန်ဟာ နှစ်စဉ် ၈ သန်းကျော် ရှိပြီး၊ ရေထုညစ်ညမ်းမှုကြောင့် ရေနေသတ္တဝါတွေ သေဆုံးမှုဟာ ၃ ဆအထိ တိုးလာနိုင်တယ်လို့လည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး နိုင်ငံတကာအဖွဲ့တွေက သတိပေးနေတာပါ။

ပင်လယ်သမုဒ္ဒရာထဲရောက်တဲ့ ပလတ်စတစ် ၈ သန်းကျော်ထဲက ၉ဝ ရာခိုင်နှုန်း လောက်ဟာ အာရှမှာရှိတဲ့ မြစ်ကြီး ၈ ခုကနေ ဝင်လာတာလို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သုတေသနအဖွဲ့တခုဖြစ်တဲ့ Helmholtz Centre က ဖော်ပြထားပါတယ်။ ဒီအထဲမှာ ဧရာဝတီမြစ်လည်း ပါပါတယ်။

ပလတ်စတစ်သုံးစွဲမှုကိုသာ ထိထိရောက်ရောက် မထိန်းချုပ်နိုင်ရင် ဧရာဝတီမြစ်ကြောင်းတလျှောက်မှာနေတဲ့ ၆ သန်းသောပြည်သူတွေ မြစ်ရေကြီးမှုနဲ့ မြစ်ကမ်းပါး ပြိုကျမှုလို သဘာဝဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း သန့်မြန်မာအဖွဲ့ ဒါရိုက်တာ မမေသက်ထွေးက သတိပေးထားပါတယ်။

“အခုတောင်မှ မြစ်က တော်တော်လေး တိမ်ကောနေပြီ။ အဲ့ဒီလို ကောတဲ့အခါ ဧရာဝတီမြစ်ကမ်းတလျှောက် နေတဲ့သူတွေမှာ အဲ့ဒီပြဿနာကို ခံစားရတယ်။ မြစ်က အမှိုက်ကြောင့် ကြမ်းပြင်မြင့်တက်လာတာနဲ့အမျှ ရေမျက်နှာပြင်ကလည်း မြင့်တက်လာတာကိုး။ ဒီလိုမိုးတွင်းဆိုရင် သူတို့ ပိုခံစားရတယ်။ ဘာလို့လဲဆိုရင် ကမ်းပါးမှာနေတဲ့သူတွေက ကမ်းပါးပြိုတာကို ခံစားရမယ်။ နောက်တခုက ရေချိုနဲ့ ပတ်သက်တဲ့ သတ္တဝါတွေ ရှားလာပါလိမ့်မယ်။ ဒါတွေက အဆိုးရွားဆုံးဖြစ်နိုင်တဲ့ကိစ္စပါ”


တကယ်တော့ ဒီကိစ္စဟာ တကမ္ဘာလုံး ရင်ဆိုင်နေရပြီး မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခုပါ။ နော်ဝေလို ဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတချို့မှာတော့ - ဆိုင်တွေမှာ ပလတ်စတစ်ဗူးခွံတွေကို ဝယ်တဲ့ စက်ကလေးတွေ ထားပေး တာ တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့လည်း ကိုယ့်တအိမ်ချင်းဆီကထွက်တဲ့ ပလတ်စတစ်ဗူးခွံတွေကို အကြီး အသေးအလိုက် ဒီစက်ကလေးမှာ လာရောင်းကြတဲ့အတွက် တဘက်မှာလည်း ဝင်ငွေပြန်ရသလို၊ ကိုယ့်တာဝန် ကိုယ်ယူကြတဲ့စနစ်ကို အစိုးရက လုပ်ပေးထားတာပါ။

အမေရိကန်၊ ဂျပန်တို့လို နိုင်ငံတွေမှာတော့ - စျေးဝယ်တဲ့အခါ ပစ္စည်းတွေကို ပလတ်စတစ်နဲ့ အလကား ထည့်မပေးဘဲ - အဖိုးအခယူပါတယ်။ ဒါကြောင့် လူတွေက ကိုယ့်အိမ်ကနေ ပြန်သုံးလို့ရတဲ့ စျေးဝယ်အိတ်တွေ၊ စျေးဆွဲခြင်းတွေကို အသုံးပြုလာကြပြီး၊ ဒီနည်းနဲ့ ပလတ်စတစ်အသုံးပြုမှုကို အစိုးရက ထိန်းချုပ်ထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ - နည်းပညာနဲ့ ငွေကြေးက အဓိက စိန်ခေါ်မှုလို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လက်အောက်ခံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဆန်းနိုင် က ပြောပါတယ်။

“အစားထိုးအသုံးပြုနိုင်မယ့် ပစ္စည်းတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုံလုံလောက်လောက် ကျနော်တို့က ထုတ်ပေး နိုင်မယ်ဆိုရင်တော့ စောစောကပြောတဲ့ ပစ္စည်းတွေကို ထိထိရောက်ရောက် တားလို့ရတယ်။ သူ့အတွက် အစားထိုးပစ္စည်းတွေကို ကျနော်တို့က မထုတ်ပေးနိုင်သေးဘဲနဲ့ ဒီအိတ်တွေ မသုံးရဘူးဆိုတဲ့ဟာ ခက်မယ်ပေါ့ နော်။ အဲ့ဒီဟာအတွက် ရင်းနှီးမြှုပ်နှံမှုလုပ်မယ့်သူတွေ အများကြီး ကျနော်တို့ လိုအပ်ပါတယ်။ ဆိုတဲ့အခါကျတော့ လိုအပ်ချက်ကတော့ ရှိနေမှာပါပဲ။ နည်းပညာပိုင်းရော၊ ငွေကြေးပိုင်းရော လိုအပ်ချက်တွေက ကျနော်တို့ မှာ ရှိနေပါတယ်”


စွန့်ပစ်အမှိုက်နဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရက လုပ်ငန်းစီမံချက် မဟာဗျူဟာတွေ ရေးဆွဲတဲ့အခါ - ဘတ်ဂျက်အသုံးစရိတ်ကို ထည့်သွင်းရေးဆွဲတာ မရှိဘူးလို့ - မန္တလေးတိုင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ် က ပြောပါတယ်။

“လုပ်ငန်းတရပ်လုပ်မယ်ဆိုရင် ဘတ်ဂျက်ရရှိမှုအပေါ် မူတည်သေးတယ်။ ဧရာဝတီမြစ်ကြီးနဲ့ပတ်သက်ပြီး ပြောမယ်ဆိုရင်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနဲ့ တိုင်းစည်ပင်က ပူးတွဲပြီး ဆောင်ရွက်နေတယ်။ သို့သော်လည်း ဘတ်ဂျက် လျာထားတဲ့နေရာမှာ ဒါတွေက ထည့်သွင်းလျာထားတာ အားနည်းတယ်”


ဒါကို အချိန်မီ မတားဆီးဘူးဆိုရင် ပင်လယ်ထဲကို နှစ်စဉ်ရောက်နေတဲ့ ပလတ်စတစ်ပမာဏဟာ တန်ချိန် ၁၁ သန်းကနေ ၂၉ သန်းအထိ တိုးလာနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေနဲ့ ကုန်ထုတ်လုပ်ငန်းက ကျွမ်းကျင်သူတွေ ပါ၀င်တဲ့ Pew Charitable Trusts နဲ့ SYSTEMIQ တို့ရဲ့ မကြာသေးခင်က ပူးတွဲစစ်တမ်းက ဖော်ပြပါတယ်။ ဒီအန္တရာယ်ကို ကျော်လွှားနိုင်ဖို့ဆိုရင်တော့ တခါသုံး ပလတ်စတစ် ပစ္စည်းတွေကို အစားထိုးနိုင်မယ့် နည်းလမ်းရှာဖွေဖို့နဲ့ ထုတ်ပိုးပစ္စည်းတွေကို ပြန်လည်သုံးစွဲနိုင်တဲ့ ပစ္စည်းတွေနဲ့ အစားထိုးနိုင်မှသာ ဖြစ်နိုင်လိမ့် မယ်လို့လည်း အကြံပြုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့