၂၁ ရာစု ပင်လုံညီလာခံမှာ ဖက်ဒရယ်မူတွေကို သဘောတူနိုင်ရေးပြင်ဆင်

‌‌ဝေမာထွန်း
2020.07.01

ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့၊ အာဏာ၊ သယံဇာတနဲ့ အခွန်အကောက် ခွဲဝေဖို့၊ တိုင်းနဲ့ ပြည်နယ်အားလုံး တန်းတူရည်တူဖြစ်ဖို့၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေတွေရရှိဖို့ စတဲ့အချက်တွေပါတဲ့ ဖက်ဒရယ်မူတွေကို အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကြား ဆွေးနွေးနေကြတာပါ။

အစိုးရ အပြောင်းအလဲမဖြစ်ခင် လာမယ့်သြဂုတ်လထဲမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ဖက်ဒရယ်မူတွေကို ချမှတ်နိုင်လိမ့်မယ်လို့ နှစ်ဖက်အစုအဖွဲ့ကြား မျှော်လင့်နေကြပါတယ်။

ဘုံသဘောရနိုင်တဲ့ အချက်တွေ တော်တော်များများရှိနေပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဇွန်လ ၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ RFA ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ ညှိနှိုင်းမှုက တစ်နိုင်ငံလုံးရဲ့ ငြိမ်းချမ်းရေး ဖက်ဒရယ်တည်ဆောက်ရေးနဲ့ ဆိုင်ပါတယ်။ အဲအတွက်လည်း ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ ဒီအခြေခံမူတွေ ညှိနှိုင်းမှုက ဘယ်လောက်အတိုင်းအတာအထိ ရမလဲဆိုတာကတော့ ကျွန်တော်တို့ကြားမှာ ဘုံသဘောထားကျနိုင်တဲ့ အနေအထား တော်တော်များများ အလားအလာ ကောင်းပါတယ်။ သို့သော် နှစ်ဦးနှစ်ဖက် ပြန်ထိုင်ပြီးတော့ နောက်တစ်ကြိမ်မှာ ကျွန်တော်တို့ အပြီးသတ် သဘောတူညီချက် ဘယ်လောက်ရမလဲပေါ့ ဒီပေါ်မှာ မူတည်ပါတယ်။ ပြည်ထောင်စုသဘောတူ စာချုပ်ပေါ်ထွက်လာပြီဆိုရင် တိုင်းရင်းသားတွေ မျှော်လင့်တဲ့အတိုင်း ကြိုဆိုကြမယ့် အနေအထားလို့ ကျွန်တော်တို့က ယုံကြည်ပါတယ်။ ”

ညီလာခံမှာ ချမှတ်မယ့် ဖက်ဒရယ်မူတွေဟာ အသေးစိတ်မဟုတ်ဘဲ လမ်းညွှန်အခြေခံမူတွေသာဖြစ်ပြီး လက်ရှိဆွေးနွေးမှုတွေအရ ၁၁ ချက်လောက်ရှိနေပါတယ်။

တချို့အချက်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှာ ပါပြီးသားဖြစ်တာ ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံတွေမှာ ချုပ်ဆိုခဲ့ပြီးတဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁ နဲ့ ၂ မှာပါပြီးသားတွေ ဖြစ်နေတာတွေလည်းရှိတာမို့ ဖက်ဒရယ်မူမှာ ထပ်မံထည့်သွင်းသင့်၊ မသင့်ကို ညှိနှိုင်းနေကြတယ်လို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က RFA ကို ထုတ်ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အကြောင်းအရာတွေ ဆိုတာကိုတော့ တိတိကျကျ ပြောဆိုတာမရှိပါဘူး။

စတုတ္ထအကြိမ်ညီလာခံမှာ ဖက်ဒရယ်မူတွေနဲ့ ပတ်သက်လို့ လက်မှတ်ထိုးနိုင်ဖို့ ညီလာခံပြင်ပ ညှိနှိုင်းမှုတွေကို လုပ်ဆောင်နေပြီး လာမယ့် ဇူလိုင်လ ၂ ရက်နေ့ ကနေ ၄ ရက်နေ့အထိလည်း ဆက်လက်ဆွေးနွေးဖို့ ရှိနေပါတယ်။

ဇူလိုင်လဆန်းပိုင်း ဆွေးနွေးပွဲပြီးနောက် အစိုးရက အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်က ကာကွယ်ရေး ဦးစီးချုပ် တို့ထံ ဆွေးနွေးပွဲရလာဒ်ကို တင်ပြမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်ကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို တင်ပြပြီး သဘောတူညီချက်တွေ ရယူကြမှာ ဖြစ်ပါတယ်။

ခေါင်းဆောင်တွေကြား သဘောတူညီမှု ရပြီးမှသာ ချမှတ်ထားတဲ့ မူအားလုံးကို ထုတ်ပြောနိုင်မှာ ဖြစ်တယ်လို့ အပစ်ရပ်အဖွဲ့တွေဘက်က ပြောပါတယ်။

လာမယ့် စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ဖက်ဒရယ်မူတွေနဲ့ ပတ်သက်လို့ အများဆုံး သယံဇာတ ခွဲဝေခွင့်လောက်ပဲ သဘောတူနိုင်ချေ ရှိတယ်လို့ ပြီးခဲ့တဲ့ ပင်လုံညီလာခံ သုံးကြိမ်လုံးကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က  သုံးသပ်ပါတယ်။

“ပြီးခဲ့တဲ့ ပင်လုံညီလာခံ သုံးခုလုံးမှာတော့ ဘယ်တုန်းကမှ အရေးကြီးတဲ့ ဖက်ဒရယ် အခြေခံမူတွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်မချနိုင်ခဲ့ကြပါဘူး။ အာဏာခွဲဝေရေးဆိုရင် လွှတ်တော်မှာတောင်မှ ပုဒ်မ ၂၆၁ ပြင်တာတောင် မအောင်မြင်ဘူးလေ။ တစ်ခါ ပြည်နယ်တွေကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲခွင့် ပေးမလား အဲဒီအထိ လည်းမရောက်နိုင်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်ထင်တာ။ သယံဇာတ ခွဲဝေရေးလောက်တော့ ဖြစ်လောက်မယ် ထင်ပါတယ်။ မလုပ်တာထက် စာရင်တော့ ကောင်းတယ်လို့ပဲ ပြောရမှာပေါ့။ ပြီးခဲ့တဲ့ တတိယအကြိမ် ညီလာခံက အခြေခံမူတွေ ဆွေးနွေးရင်းနဲ့ နောက်ဆုံးကျတော့ ကျားမတန်းတူရေး ဆုံးဖြတ်ချက်ဖြစ်သွားခဲ့တာလေ။”


ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမှု လေးနှစ်ပြည့်အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ ဖက်ဒရယ်စနစ်နဲ့အညီ အာဏာ၊ သယံဇာတနဲ့ အခွန်အကောက် ခွဲဝေမှုရှိဖို့၊ ဖက်ဒရယ်ယူနစ်တွေအားလုံး တန်းတူရည်တူဖြစ်ဖို့၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံတဲ့ ကိုယ်ပိုင်အခြေခံဥပဒေတွေရှိဖို့၊ ပြည်နယ်တွေရဲ့ အာဏာကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံဖို့ကို အစိုးရ အနေနဲ့ မူအားဖြင့်လက်ခံထားပြီး သဘောတူညီချက်တွေ ချမှတ်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးကြမယ်လို့ ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အချက်တွေဟာ တိုင်းရင်းသားတွေလိုချင်တဲ့ အချက်တွေဖြစ်မှာမို့ လက်ခံကြောင်း တိုင်းရင်းသားပါတီတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေက အဲဒီအချိန်က ပြောခဲ့ကြပါတယ်။

နောက်ပိုင်းမှာတော့ အစိုးရရဲ့မူတွေကို တပ်မတော်နဲ့ ညှိနှိုင်းပြီး အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့ရဲ့ သဘောထားအဖြစ် အပစ်ရပ်တိုင်းရင်းသားအဖွဲ့တွေထံ တင်သွင်း ဆွေးနွေးလာတဲ့အခါမှာ အပြောင်းအလဲတချို့ ရှိခဲ့ပါတယ်။

မူလက ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေထဲမှာ ပြန်လည်ပြင်ဆင်ထားတာတွေရှိပြီး ပြင်ဆင်ချက်တွေ အတိုင်းသာ အတည်ဖြစ်မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် အပြောင်းအလဲ ဘာမှမရှိနိုင်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အချက် ၅ ချက်ဆိုတဲ့ အထဲမှာပေါ့နော်။ တပ်မတော်က ပြန်ဖြည့်ထားတာ ရှိပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတဲ့ စကားလုံးပဲ သုံးဖို့အတွက် တပ်မတော်ဘက်က အဆိုပြုထားတာရှိတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စုလို့ အရှင်းမပြောဘူး ပေါ့နော်။ အခြေခံသောဆိုတဲ့ နာမဝိသေသနတစ်ခု သူတို့ ထပ်ဖြည့်ထားတာရှိပါတယ်။ နောက်တစ်ချက် တိုင်းရင်းသားပြည်နယ်တွေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မဆန့်ကျင်သော ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေများကို ရေးဆွဲခွင့်ရှိတယ်လို့ သူတို့ပြန်ပြီးမှ ပြင်ထားတာရှိပါတယ်။ အဲလို တပ်မတော်ဘက်က ပြန်ပြီး ဈေးဆစ်ထားတဲ့ကိစ္စ အဲအတိုင်းသာ အမှန်ဖြစ်သွားမယ်ဆိုရင် နဂိုသွားနေတဲ့ လမ်းကြောင်း အတိုင်းပဲ ပြန်ဖြစ်မှာပဲ။ အားလုံးမျှော်မှန်းနေတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုရရှိဖို့ လမ်းစ မမြင်ပါဘူး ခင်ဗျ။”

အခုပြောနေတဲ့ ဖက်ဒရယ်မူတွေဟာလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ပြီး အများသဘောထား ကောက်ခံထားတာမဟုတ်ဘဲ ခေါင်းဆောင်အချင်းချင်းကြားသာ ဆွေးနွေးခဲ့တဲ့ အချက်တွေလို့ နိုင်ငံရေး လေ့လာသူတွေက ထောက်ပြကြပါတယ်။

စကားလုံး အသေးစိတ်တွေမှာ သူ့ဘက်ကိုယ့်ဘက် စိုးရိမ်ချက်တွေကြောင့် ပြင်ကြတာတွေရှိပြီး လိုလားတဲ့ အနှစ်သာရ မပြောင်းလဲဘူးဆိုရင် ဆက်ပြီးဆွေးနွေးနိုင်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ ဒုဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ထူထောင်မယ်ပေါ့။ နောက်ပိုင်းကျတော့ အစိုးရအနေနဲ့ တပ်မတော်နဲ့ အစိုးရကြားမှာ ညှိနှိုင်းပြီး ကျွန်တော်တို့ဘက်ကို အဆိုပြုတဲ့ စာသားကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုလို့ သူတို့ဘက်ကလည်း ပြန်ပြင်ပါတယ်။ ဒီစာသားအနေနဲ့ ကလည်း ကျွန်တော်တို့အတွက်က အထွေအထူး မဟုတ်ဘူး။ NCA ရဲ့ အခြေခံမူ နံပါတ်တစ်မှာ ပါတဲ့ စာသားဖြစ်ပါတယ်။ စကားလုံးတွေပေါ်မှာ အသေးစိတ် သူ့ဘက်ကိုယ့်ဘက် စိုးရိမ်ချက်တွေရှိပြီး ပြင်ကြပြုကြတဲ့ အပေါ်မှာ မိမိတို့ရဲ့ လိုလားတဲ့ အနှစ်သာရ မပြောင်းလဲဘူးဆိုရင်တော့ ဆက်ပြီးတော့ အလုပ်လုပ်လို့ရမယ့် အနေအထားရှိပါတယ်။ ဒါက ထူးခြားတဲ့ စာသားတော့ မဟုတ်ပါဘူး။ ”

ဒါအပြင် ပြည်နယ်အခြေခံဥပဒေနဲ့ ပတ်သက်လို့ အစိုးဘက်က တိုင်းနဲ့ ပြည်နယ်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေတွေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်မှုမရှိစေဘဲ ရေးဆွဲခွင့်ရှိဖို့လို့ သုံးနှုန်းတာမျိုးတွေ့ရပြီး တိုင်းရင်းသားအဖွဲ့တွေဘက်ကတော့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သဟဇာတဖြစ်ဖို့ ဆိုတာမျိုး သုံးနှုန်းနေတာတွေ့ရပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့လည်း ဆွေးနွေးနေဆဲပဲလို့ တိုင်းရင်းသားတွေဘက်က ပြောကြပါတယ်။

စတုတ္ထအကြိမ် ၂၁ ရာစုပင်လုံညီလာခံဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ လက်ရှိအစိုးရရဲ့ လုပ်ပိုင်ခွင့်ထဲမှာ နောက်ဆုံးအခွင့်အရေးဖြစ်ပါတယ်။

ဒီညီလာခံမှာ ဖက်ဒရယ်မူတွေ ချမှတ်နိုင်ရေးအပြင် အနာဂတ်ငြိမ်းချမ်းလုပ်ငန်းစဉ် အာမခံချက်အနေနဲ့ ရွေးကောက်ပွဲပြီးနောက် တက်လာမယ့် အစိုးရက နိုင်ငံရေး ဆွေးနွေးမှုတွေကနေတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ဆက်လက်ဆောင်ရွက်ဖို့ ကတိကဝတ် နဲ့ ရွေးကောက်ပွဲပြီးနောက် NCA စာချုပ်ကို ဆက်လက် အကောင်အထည်ဖော်ဖို့ သဘောတူညီချက်တွေကို ရယူသွားမယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။