သံတိုင်နောက်မှာ ချိုးဖေါက်ခံရတဲ့ လူ့အခွင့်အရေး


2016.07.29

မြန်မာနိုင်ငံက အကျဉ်းထောင်၊ ရဲဘက်စခန်းအကြောင်းနဲ့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး အခြေအနေကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြထားပါတယ်။

အကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းပြီး ခေတ်နဲ့ညီတဲ့လုပ်အားခမပေးတာ၊ ကျန်းမာရေး စောင့်ရှောက် မှု ကောင်းကောင်းမပေးတာတွေဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုဖြစ်တယ်လို့ နိုင်ငံတကာ လူ့အခွင့် အရေးအဖွဲ့တွေက ထောက်ပြဝေဖန်လေ့ရှိပါတယ်။

"ကျမကလေးဟာ တော်တော်လေးကို အခြေအနေဆိုးနေပြီ နေလို့မကောင်းတာ၊ ထောင်ကျတာ ၂ဝ၁၃ ကပါရှင့်၊ မန္တလေးအိုးဘိုထောင်ကို ပို့လိုက်တယ်၊ အဲ့ဒီကနေ ထုံးဘိုရဲဘက်စခန်းကို ရောက်သွားပြီး တစ်နှစ်ကျော်တော့ အဲ့ဒီအနာကပေါ်လာတာ၊ ဆရာဝန်ကိုပြတော့ နှလုံးသွေးကြောထုံးတာတဲ့၊ အဲ့ဒါ ခွဲပေးမယ်ခွဲပေးမယ်နဲ့ အခုဆိုရင်တစ်နှစ်ကျော်သွားပါပြီ၊ ခံစားနေရတာ သူ့မှာလည်ပင်းကြောလေးတွေ လည်းနာတယ်၊ နေပူလာလို့ရှိရင် အဲ့ဒီအနာတပြင်လုံးကရဲပြီးတော့ သွေးတွေစို့လာတယ်၊ ဂွမ်းနဲ့ ပလာစတာနဲ့ အုပ်အုပ်ပေးထားတယ်"

အခုကြားခဲ့ရတဲ့အသံကတော့ ပဲခူးတိုင်း ကျောက်တံခါးမြို့က ဒေါ်နီနီဝင်း ပြောပြနေတာပါ၊ သူ့သား ကိုရဲရင့်အောင်ဟာ နေပြည်တော်က တိုက်သစ်တွေမှာ မှန်ပြတင်းပေါက်တပ်ဆင်ပေးတဲ့ အလုပ်လုပ်ရင်း သူ့အလုပ်ရှင်နဲ့ အလုပ်သမား ခိုက်ရန်ဖြစ်တော့ သူပါရောပါခဲ့ပြီး အပြန်အလှန်ရိုက်နှက်ကြရာကနေ လူသေမှုဖြစ်လို့ အလုပ်ရှင်လင်မယားနဲ့အတူ ထောင်ဒဏ် ၁၁ နှစ် ကျခံနေရတာလို့ မိခင်ဖြစ်သူက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်စနစ်မှာ ပြစ်မှုကြွေးကိုချွေးဖြင့်ဆေးမည်လို့ ကြွေးကြော်သံတွေ တင်ထားပြီး၊ အကျဉ်းသားတွေကို သံခြေကျင်းတွေခတ်ပြီး ရဲဘက်စခန်းလို့ခေါ်တဲ့ အလုပ်ကြမ်းစခန်းတွေကိုပို့တာ ဦးနေဝင်း တစ်ပါတီခေတ်တည်းက ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အကျဉ်းသားတွေကို ကျောက်ထုတ်လုပ်ရေး စခန်းတွေ၊ အကျဉ်းဦးစီးဌါနရဲ့ လယ်ယာလုပ်ငန်းတွေကိုပို့ပြီး အလုပ်ကြမ်းခိုင်းတာတွေ ရှိနေသေးတယ်လို့ အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေး သုတေသနလုပ်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP အတွင်းရေးမှူး ကိုတိတ်နိုင် က ပြောပါတယ်။

"ရဲဘက်စခန်းဆိုတာကတော့ အလုပ်စခန်းပေါ့ဗျာ၊ လူတစ်ယောက်ကို ပြစ်ဒဏ်ချပြီဆိုရင် အလုပ်ကြမ်း နဲ့ ထောင်ဒဏ်ဆိုပြီး ချလေ့ရှိပါတယ်၊ ဒါက ဥပဒေနဲ့ တရားစီရင်ရေး အပိုင်းနဲ့ သက်ဆိုင်ပါတယ်၊ တကယ်လို့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချခံရပြီဆိုရင်တော့ တချို့အလုပ်စခန်းတွေ ပို့တာရှိပါတယ်၊ သို့ပေမဲ့ ကျနော်တို့ နိုင်ငံမှာ ခေတ်အဆက်ဆက်က လာဘ်ပေးလာဘ်ယူမှုတွေ ကြီးနေတဲ့ကိစ္စတွေရယ်၊ အကျဉ်းသားတွေကို အခွင့်အရေးမပေးခဲ့တာတွေက တောက်လျှောက် နာမည်ကြီးခဲ့တာပါ၊ ဒါကြောင့်မို့လို့လည်း ရဲဘက်စခန်းတွေမှာ မနိုင်ဝန်ထမ်းရလို့ သေဆုံးသွားရသူတွေရှိတယ်၊ ထွက်ပြေးသွားတဲ့သူတွေရှိတယ်၊ အဲဒီအခြေအနေမျိုးတွေက တောက်လျှောက်ဖြစ်ခဲ့တာပါ" တဲ့။

နဝတစစ်အစိုးရခေတ်မှာတော့ နိုင်ငံရေးမှုနဲ့ ထောင်ချခံရသူတချို့ကိုပဲ အလုပ်ကြမ်းစခန်းတွေ ပို့ခဲ့ဖူးတာရှိပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ကိုတိတ်နိုင်က

"ရဲဘက်စခန်းပို့တယ်ဆိုတာက ရိုးရိုးအကျဉ်းသားတွေတင် မဟုတ်ပါဘူး၊ တချို့ နိုင်ငံရေး အကျဉ်းသားတွေ ပါ အပို့ခံရပါတယ်၊ အဲ့ဒီထဲမှာလည်း သေဆုံးသွားတဲ့သူတွေရှိတယ်၊ သံဃာတော်တွေလည်း ပျံလွန်တော်မူ သွားရတာတွေ ရှိပါတယ်၊ ၁၉၉၇ ခုနှစ်မှာဆိုရင် ညောင်လေးပင် NLD အဖွဲ့ဝင် ၃၆ ယောက်ကို ဖမ်းပြီးတော့ ရှေ့တန်းပို့လိုက်တာဖြစ်ခဲ့ပါတယ်၊ အဲ့ဒီထဲက ၂ ယောက် ရှေ့တန်းမှာပဲ သေဆုံးခဲ့ပါတယ်" လို့ ပြောပြပါတယ်။

အဲ့ဒီလို ရဲဘက်စခန်းအပို့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ထင်ရှားတဲ့သူတွေကတော့ မန္တလေးက ဆရာတော် ဦးရေဝတနဲ့ လူရွှင်တော် ဦးပါပါလေးတို့ ဖြစ်ပါတယ်။

အကျဉ်းထောင်လောကမှာ ရဲဘက်အလုပ်ကြမ်းစခန်းကို အပို့မခံရဖို့ မိသားစုတွေက ထောင်အာဏာပိုင်တွေ ကို ငွေအမြောက်အများပေးရတာမျိုးရှိပြီး၊ ငွေမပေးနိုင်တဲ့အကျဉ်းသားတွေ အပို့ခံရတာများတယ်လို့ အကျဉ်းသားဟောင်းတွေကတဆင့် သိရပါတယ်။ နောက်တစ်မျိုးကလည်း အလုပ်ကြမ်းစခန်းဆိုပေမယ့် ထောင်ထဲ မှာနေရတာမဟုတ်ပဲ ပြင်ပလောကမှာနေရတာဖြစ်လို့ ထောင်အာဏာပိုင်တွေကို ငွေပေးပြီး အနေအစားချောင်တဲ့ ရဲဘက်စခန်းကိုသွားတဲ့သူတွေလည်း ရှိပါတယ်။ ဒါ့အပြင် ထောင်ထဲမှာလဲ အမျိုးသမီး အကျဉ်းသူတွေဆိုရင် ဆေး လိပ်လိပ်ခိုင်းတာ၊ အမျိုးသားအကျဉ်းသားတွေဆို ထောင်တွင်း တောင်ယာစိုက်ပျိုးရေး လုပ်ခိုင်းတာတွေရှိပါတယ်။

ဒီလုပ်ငန်းတွေက အကျဉ်းဦးစီးဌာနရန်ပုံငွေအတွက်လို့ အာဏာပိုင်တွေကဆိုပေမယ့် အဲ့ဒီလုပ်ငန်းတွေမှာ ကွပ်ကဲရတဲ့ထောင်အရာရှိတွေအတွက်လည်း ချမ်းသာနိုင်တဲ့အထိ အခွင့်အလမ်းတွေရတဲ့အကြောင်း အကျဉ်းထောင်လောကမှာ ပြောလေ့ရှိပါတယ်။ AAPP ရဲ့ သုတေသနအရ မြန်မာနိုင်ငံမှာ ရဲဘက်အလုပ် ကြမ်းစခန်း ဘယ်နှစ်ခုလောက်ရှိလဲဆိုတော့ ကိုတိတ်နိုင်က " ကျနော်တို့ အရင်က သိထားသလောက်ဆိုရင်တော့ ၁ဝ၄ ခု ရှိပါတယ်" လို့ ပြောပါတယ်။

ဒီလိုအကျဉ်းသားတွေကို အလုပ်ကြမ်းစခန်းမှာ ခိုင်းတာမျိုးဟာ တရုတ်လို မြောက်ကိုရီးယားလို နိုင်ငံတွေမှာ လည်းရှိတဲ့အတွက် အကျဉ်းသားတွေက ိုကျွန်လိုနှိပ်စက်ခိုင်းစေတာမျိုးမလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့တွေက အမြဲမပြတ်ထောက်ပြဝေဖန်လေ့ရှိသလို ကုလသမဂ္ဂကလည်း ဒီလုပ်ရပ်မျိုးကို ပြစ်တင်ရှုံ့ချလေ့ရှိပါတယ်။

နောက်တစ်ချက်ကလည်း မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေကို အလုပ်ခိုင်းပေမယ့် ခေတ် ကာလနဲ့လျော်ညီပြီး ထိုက်သင့်တဲ့လုပ်အားခမပေးတာ၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတာတွေအပြင်၊ ထမင်းနဲ့ဟင်းကို ဝဝလင်လင်မကျွေးတာ၊ တကိုယ်ရည်သန့်ရှင်းရေးအတွက် ရေကောင်းကောင်းမချိုးရတာတွေ ကလည်း ထောင်အကြောင်းပြောတဲ့အခါမှာ ချန်ထားလို့မရတဲ့ကိစ္စတွေဖြစ်နေပါတယ်။ အကျဉ်းသား တစ်ယောက် ထောင်ထဲမှာဖျားနာနေရင် ပါရာစီတမော့တခြမ်း၊ ဘာမီတွန်တခြမ်း လောက်ပေးတာမျိုးကလည်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေရေးတဲ့ ဆောင်းပါးတွေမှာ ဖတ်ရလေ့ ရှိသလို၊ ရက်လွန်ဆေးတွေ တိုက်တာ၊ ဆေးထိုးအပ်ကို အကြိမ်ကြိမ်ပြန်သုံးလို့ ကူးစက်ရောဂါ ရတာမျိုးတွေလည်း ရှိခဲ့ပါတယ်။

အခုရောထောင်တွေမှာ ဘယ်လိုအခြေအနေရှိလဲဆိုတော့ ကိုတိတ်နိုင်က "အခုအခြေအနေမျိုးမှာ တော့ အရင်အခြေအနေနဲ့ သိပ်မကွာလှဘူး၊ ၁၉၉ဝ ခုနှစ် ကာလတွေကထက်စာရင်တော့ အခုက နည်းနည်း သက်သောင့်သက်သာ ဖြစ်လာတယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမယ့် ထောင်ဆိုတာကတော့ ထောင်ပါပဲ၊ သို့ပေမဲ့ အာဏာပိုင်တွေဘက် အကျဉ်းသားတွေကို လူတစ်ယောက်ရဲ့ရပိုင်ခွင့်ဆိုတဲ့ ကိစ္စမျိုးတွေ၊ ဒီစံနှုန်းတွေနဲ့ ဆက်ဆံကိုင်တွယ်ရမယ်လို့ ကျနေ်ာကမြင်ပါတယ်" လို့ ဆိုပါတယ်။

အကျဉ်းထောင်မှာ ဆေးကုသခွင့်ရဖို့ ခက်နေတဲ့အတွက် "ကျမကလေးလေးဟာ ပိန်လဲပိန်နေပြီ၊ အရိုးပေါ်အရေပဲ ရှိတော့တယ်၊ လူ့အခွင့်အရေးဆိုတာလည်း သူတို့ဆီမှာဘာမှမရှိဘူးလား မသိဘူး၊ ကျမရှေ့တင်မှာပဲ တဖြုတ်ဖြုတ်နဲ့ သေသွားတာတွေ အဲ့ဒီဆေးရုံမှာ၊ အခုလည်း ကျမကလေးလေးက အဲ့လိုပဲခံစားနေရတော့မှာလား မသိဘူး၊ ကျမတော်တော်လေးကို စိတ်ထိခိုက်နေပါပြီ" ဒေါ်နီနီဝင်းရဲ့ မိခင်သောကကို ကြားရပါတယ်။

အကျဉ်းသားတွေကို အလုပ်ကြမ်းခိုင်းတာ၊ ကျန်းမာရေးကုသမှု ညံ့ဖျင်းတာအပြင် အမှုတစ်ခုထက်ပိုပြီး တရားစွဲခံထားရတဲ့ အကျဉ်းသားတစ်ယောက်ကို ပထမတစ်မှုအတွက် ပြစ်ဒဏ်ချပြီးတဲ့အခါ၊ နောက်မှုတွေအတွက် တရားရုံးထုတ်တော့ အဲ့ဒီအကျဉ်းသားကို ခြေထောက်မှာသံခြေကျင်းခတ်ပြီးမှ ရုံးထုတ်တဲ့စနစ် ရှိနေပါတယ်၊ အဲ့ဒီစနစ်ကို မဆလအစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီးက လုပ်ဆောင်ခဲ့တာဖြစ်ပြီး၊ အဲ့ဒီဝန်ကြီးကိုယ်တိုင် အကျဉ်းသားဘဝ ပြန်ရောက်ရတဲ့အခါ ခြေကျင်းခတ်ခံရလို့ ဝမ်းနည်းပက်လက် ဖြစ်ခဲ့ရတာမျိုးလည်းရှိခဲ့တယ်လို့ ၁၉၈ဝ လွန်ကာလက အကျဉ်းကျခဲ့တဲ့ နိုင်ငံရေးသမားတချို့က ပြန်ပြောကြပါတယ်။

ပြီးခဲ့တဲ့ရက်ကဆိုရင် ဆန္ဒပြလို့ ရမည်းသင်းထောင်မှာ အဖမ်းခံထားရတဲ့ စစ်ကိုင်း မြန်မာဗီးနီးယား သစ်ပါးလွှာ စက်ရုံ အလုပ်သမားတွေခေါင်းဆောင်တွေကို တရားရုံးဖီဆန်မှုနဲ့ ထောင်တစ်လ ချထားပြီးပြီဖြစ်လို့ နောက်ထပ် စွဲချက်တင်ခံထားရတဲ့ အမှုတွေအတွက် တရားရုံးထုတ်တဲ့အခါ ခြေကျင်းခတ်တာငြင်းဆန်လို့ဆိုပြီး ထောင် အာဏာပိုင်တွေက ထိုးကြိတ်ကန်ကျောက်ခဲ့ပါတယ်။

ဒီလိုမျိုးအကျဉ်းသားတွေကို အကြမ်းဖက်နှိပ်စက်ပြီး ပြစ်ဒဏ်ပေးတဲ့စနစ်ကနေ အကျဉ်းသားကိုလည်း လူတစ်ဦး လိုဆက်ဆံပြီး သူ့ဘဝပြောင်းလဲအောင် လုပ်ဆောင်ပေးမယ့်စနစ်မျိုး ပြုပြင်ပြောင်းလဲနိုင်အောင် AAPP ကကြိုးပမ်းနေတယ်လို့ ကိုတိတ်နိုင်က ပြောပါတယ်။

ဒီမိုကရေစီနိုင်ငံတွေက အကျဉ်းထောင်တချို့မှာ အကျဉ်းသားတွေ ပညာသင်ခွင့်ရတာ၊ အလုပ်လုပ်ရင် ခေတ်နဲ့ ညီတဲ့ လုပ်အားခပေးတာ၊ စာတစ်အုပ်ဖတ်ပြီးရင် အမှတ်ကောင်းပေးပြီး ပြစ်ဒဏ်လျှော့ရက်ပေး တာမျိုးတွေ ရှိပါတယ်။

အဲ့ဒီလိုအကျဉ်းသားတွေကို ပြုစုလေ့ကျင့်ပေးတဲ့စနစ်မျိုး မကျင့်သုံးပဲ၊ နှိပ်စက်ညှင်းပမ်းခိုင်းစေတဲ့ စနစ်ကြောင့် ထောင်ကလွတ်မြောက်လာသူတွေမှာ စိတ်ဒဏ်ရာတွေရလာတဲ့အပြင် နောက်ထပ်ပြစ်မှု ကျူးလွန်ဖို့ ဝန်မလေးတော့ပဲ ထောင်နဲ့အိမ်သံသရာထဲကနေ ရုန်းမထွက်နိုင်ကြသလို လူ့အဖွဲ့အစည်းမှာလည်း ဆိုးကျိုး ရိုက်ခတ်ခံရမှု ပိုများတာတွေ့ရတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒါကြောင့် အကျဉ်းထောင်စနစ် ပြုပြင်ပြောင်းလဲရေးကလည်း အနှေးနဲ့အမြန်ဆိုသလို မဖြစ်မနေဆောင်ရွက်သင့်တဲ့ ကိစ္စဖြစ်တယ်လို့ ပြောဆိုကြပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။