စစ်အာဏာသိမ်းနှစ်နှစ်ပြည့် ဘန်ကောက်ကုလရုံးရှေ့ မြန်မာတွေစုဝေးဆန္ဒပြ

ခင်မောင်စိုး
2023.02.01
စစ်အာဏာသိမ်းနှစ်နှစ်ပြည့် ဘန်ကောက်ကုလရုံးရှေ့ မြန်မာတွေစုဝေးဆန္ဒပြ ၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂအဆောက်အဦးရှေ့တွင် စုဝေးဆန္ဒပြနေကြသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ။
RFA

ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လယ် ၁၂ နာရီက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကုလသမဂ္ဂ ရုံးရှေ့မှာ မြန်မာနိုင်ငံသား ၁၅ဝဝ ခန့် စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းမှုကို လုံးဝလက်မခံနိုင်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရကို မြန်မာပြည်သူတွေ ကိုယ်စားပြုတဲ့အစိုးရအဖြစ် ထောက်ခံကြောင်း၊ ကုလသမဂ္ဂအနေနဲ့ တရားမဝင်စစ်ကောင်စီကို ဖယ်ရှားပြီး မြန်မာပြည်ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် ပိုမိုလုပ်ဆောင်ဖို့လိုကြောင်း စသဖြင့် ဆန္ဒပြသူတွေက ကြွေးကြော် ဟောပြောခဲ့ကြသလို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးသမားတွေကို ပြန်လွှတ်ပေးဖို့လည်း သူတို့က တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲခေါင်းဆောင်တချို့က ကုလသမဂ္ဂရုံးအရာရှိတွေကို သွားရောက်တွေ့ဆုံပြီး အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ထံကို မြန်မာ့အရေး ပိုမိုဆောင်ရွက်ပေးဖို့ တိုက်တွန်းတဲ့စာတစ်စောင်ပေးပို့ခဲ့ပါတယ်။

ဆန္ဒပြပွဲတစ်နေရာမှာတော့ ကုလသမဂ္ဂမှာ မြန်မာပြည်အရေး ဆွေးနွေးဆုံးဖြတ်တဲ့အခါ ရုရှားနဲ့ တရုတ်နိုင်ငံတွေက စစ်ကောင်စီဘက်က ရပ်တည်လေ့ရှိပြီး အမေရိကန်ပြည်ထောင်စု တစ်ခုတည်းကသာ ဒီမိုကရေစီအင်အားစုတွေဘက်က ရပ်တည်မဲပေးပုံနဲ့ ကုလအတွင်းရေးမှူးချုပ်ကလည်း အမြဲတမ်းစိတ်မကောင်းပါဘူးလို့ပဲ ပြောဆိုနေပုံတွေကို သရုပ်ဖော်ပြသခဲ့ကြပါတယ်။

ဆန္ဒပြအမျိုးသမီးတစ်ဦးကလည်း RFA ကို မြန်မာပြည်သူတွေ အားမလျှော့ဖို့တိုက်တွန်းပါတယ်။

ဒီဆန္ဒပြပွဲကို မြန်မာ့အရေးလှုပ်ရှားမှုမှာ ထင်ရှားတဲ့ အရှင် ထာဝရလည်း လာရောက်ပြီး ပြည်သူအားလုံးညီညွတ်စွာ တိုက်ပွဲဝင်ကြဖို့ နှိုးဆော်စကား မိန့်ကြားခဲ့ပါတယ်။

ဆန္ဒပြပွဲကို ဘန်ကောက်မြို့ရှိ မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့ ၃ဝ နီးပါးက စုပေါင်းပြုလုပ်ခဲ့တာပါ။ တိုင်းရင်းသားပေါင်းစုံနဲ့ ဘာသာပေါင်းစုံ ကိုးကွယ်သူတွေ ညီညွတ်စွာစုဝေးခဲ့ကြသလို စည်းကမ်းတကျ ဆန္ဒပြကြတာကို မြင်တွေ့ခဲ့ရပါတယ်။

kmse.jpg
၂ဝ၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂအဆောက်အဦးရှေ့တွင် စုဝေးဆန္ဒပြနေကြသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ။ (Photo: RFA)

ထိုင်းရဲတပ်ဖွဲ့ကလည်း မနက်ပိုင်းပြုလုပ်တဲ့ မြန်မာသံရုံးရှေ့က ဆန္ဒပြပွဲနဲ့ နေ့လယ်ပိုင်းကျင်းပတဲ့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲတွေကို လုံခြုံရေးအတွက် အပြည့်အဝ လာရောက် တာဝန်ယူပေးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ မြန်မာပြည်နဲ့ ပတ်သက်တဲ့ အခမ်းအနား သုံးခုပြုလုပ်ခဲ့ပါတယ်။

ပထမဆုံးတစ်ခုက မြန်မာသံရုံးရှေ့မှာ မနက် ၁၁ နာရီကနေ နေ့လယ် ၁ နာရီအထိ ကျင်းပတဲ့ ဆန္ဒပြပွဲဖြစ်ပြီး ဒုတိယကတော့ နေ့လယ် ၁၂ နာရီကနေ ညနေ ၃ နာရီထိကျင်းပတဲ့ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲဖြစ်ပါတယ်။ တတိယနောက်ဆုံးကတော့ ညနေ ၇ နာရီက နိုင်ငံခြားသတင်းထောက်များအသင်းမှာ ကျင်းပတဲ့ မြန်မာ့အရေးဟောပြောပွဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။