“ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ” ဖွဲ့စည်းမည်

2019-01-14
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က ရခိုင်အမျိုးသားပါတီ ANP ဗဟိုဌာနချုပ်ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

လတ်တလော ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်သူတွေ အားလုံးတစ်ညီတစ်ညွတ်တည်း တစ်သဘောတည်းရှိတယ်ဆိုတာကို ပြသဖို့အတွက် “ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ” ကို ဖွဲ့စည်းဖို့ မနေ့က ရခိုင်အမျိုးသားပါတီ ANP ရုံးမှာ ကျင်းပခဲ့တဲ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~
“ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ” ဖွဲ့စည်းမည်

(ကျော်သူ)

■ လက်ရှိ ရခိုင်ပြည်နယ်ဟာ နိုင်ငံရေးအရ ထိလွယ်ရှလွယ်ဖြစ်နေတာကြောင့် ရှေ့ဆက်ရင်ဆိုင်ရမယ့် အခြေအနေတွေ အခက်အခဲတွေကို “ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ”ကပဲ ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

မနေ့က အစည်းအဝေးမှာ ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှာ ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးရဲ့ ရခိုင်ပြည်သူတွေကို သတိပေးပြောဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး တက်ရောက်ကြသူအားလုံးက ကန့်ကွက်ကြသလို ရခိုင်ပြည် နယ်မှာ စစ်ပွဲတွေ ရက်ရှည်ကြာ လာမယ့် အခြေအနေတွေကြောင့် ဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ဖို့နဲ့ ရေရှည်ပြည်နယ်အရေးမှာ ဒီကော်မတီကပဲ ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြတာဖြစ်တယ်လို့ ဆိုကြပါတယ်။

ANP ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ကော်မတီဖွဲ့စည်းဖို့ဖြစ်လာရတာကို အခုလို ရှင်းပြပါတယ်။

"ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ဘယ်လိုဖက်ကကူညီနိုင်မလဲ ရေရှည်သွားရမယ့်ကိစ္စဆိုတော့ AA ကို ထိပ်တိုက်တပ်မတော်နဲ့ တွေ့နေမယ့်အစား AA ကလည်းကြေညာထားတယ် ငြိမ်းချမ်းရေးကို လိုချင်တယ်၊ တပ်မတော်ကလည်း PC က လုပ်ကောင်းတယ်ဆိုပြီးတော့ ကြိုဆိုတယ်၊ အဲဒီနေ့ ဦးဇော်ဌေးရဲ့ ပြောကြားချက် မှာလည်း လာခဲ့ပါ၊ NCA လမ်းကြောင်းအတိုင်းလာခဲ့ပါပေါ့၊ တစ်သဘောတည်းလို့ ကျနော်တို့ဖက်က မှတ်ယူ တယ်၊ တစ်ယောက်ကလည်း လိုချင်တယ်၊ တစ်ယောက်ကလည်းလာခဲ့ပါ ဆိုတော့ အဲဒီအပေါ်မှာ ကျနော်တို့ ဖက်က ဘာတွေကူညီရမလဲ၊ ဘယ်လိုဖိအားတွေ တွန်းအားတွေ ပေးရမလဲ၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ပြောဆိုအောင်အထိ ကျနော်တို့ဖက်က ကူညီရမယ်ဆိုတဲ့ အစိတ်အပိုင်း တွေအထိ ကျနော်တို့ ဆွေးနွေးကြတဲ့အခါမှာ ဒါတွေဟာ ရှေ့လုပ်ငန်းအတွက် ရခိုင်တစ်ပြည်နယ်လုံးကို ကိုယ်စားပြုတဲ့ အသံထွက်လာမယ်ဆိုရင် ဒါ သက်ဆိုင်ရာတွေက ကျနော်တို့ရဲ့အသံကို လေးစားမယ်၊ အသိအမှတ်ပြုမယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျနော်တို့ဖက်က ဝိုင်းဝန်း အဖြေရှာကြဖို့ အတွက် ကျနော်တို့ဖက်က ဖွဲ့စည်းတာပါ"

စစ်တွေမြို့ ဝိဘဇ္ဇဝါဒီကျောင်းတိုက်က အရှင်ဦးစက္ကိန္တ ကလည်း အခုလို မိန့်ကြားပါတယ်။

"ဒီရခိုင်အရေးက ကမ္ဘာကတစ်အားအာရုံစိုက်နေတဲ့ အရေးလေ၊ အဲဒီအားကိုယူလိုက်ပြီးတော့ အဲဒီအားက အဆိုးအားကြီး အဆိုးစွမ်းအားကနေပြီးတော့ ကျောထောက်နောက်ခံပြုပြီးတော့ အကောင်းဖက်ကို အဲဒါ နိုင်ငံတကာက စိတ်ဝင်စားတာ၊ ငြိမ်းချမ်းရေးကို စိတ်ဝင်စားတာ၊ ဦးဇင်းတို့ မြန်မာနိုင်ငံက တစ်ကယ် လိုအပ်နေတာက ငြိမ်းချမ်းရေးလေ၊ အားလုံးပေါ့လေ နှစ်ဖက်ဖြစ်နေတဲ့ တိုက်ပွဲအပေါ်မှာ အတိတ်မှာရှိနေတဲ့ အဖြစ်ဆိုးကြီးကိုပါတစ်ခါတည်း အားလုံးပေါင်းစပ်ပြီးတော့မှ ငြိမ်းချမ်းရေး တစ်ခါတည်းသွားမယ်"


မနေ့က အစည်းအဝေးကို ရခိုင်ပြည်နယ်က နိုင်ငံရေးပါတီကြီးတွေဖြစ်ကြတဲ့ ANP၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD နဲ့ နောက်ထပ် ရခိုင်မျိုးနွယ်စုဝင် နိုင်ငံရေးပါတီအပြင် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံတွေနဲ့ ရဟန်း သံဃာတော်တွေလည်း တက်ရောက်ကြပါတယ်။

မနေ့က ကော်မတီအစည်းအဝေးကို တက်ရောက်လာတဲ့ စစ်တွေမြို့ခံ ဦးခင်မောင်ကြီးက တိုင်းရင်းသားတွေအပေါ် ဖိအားပေးတာနဲ့ပတ်သက်လို့ အစိုးရရဲ့သဘောထားကို ပြန်ပြီးသုံးသပ်စေချင်တယ်လို့ ပြောပါတယ်။

"စစ်ရေးကို ရှေ့တန်းမတင်ဘဲနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြည်သူလူထုကို အများကြီး ဒုက္ခရောက်သွားစေမယ့် အနေအထားမျိုး အတတ်နိုင်ဆုံး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် နိုင်ငံတကာမှာလည်း ပြောစရာဆိုစရာတွေဖြစ် မလာရအောင် လက်ရှိဖြစ်နေတဲ့နိုင်ငံတကာရဲ့ အကျပ်အတည်း ဘောင်ထဲကိုပိုပြီးတော့ တွန်းပို့ဖြစ်မသွားအောင် ရစေနိုင်တဲ့ဆုံးဖြတ်ချက်မျိုးတော့ အစိုးရအဖွဲ့အနေနဲ့ ပြန်ပြီးသုံးသပ်မယ် ပြန်ပြီးပြုပြင်ဖို့ လိုလမ့်မယ်လို့ မြင်တယ်ဗျ"


ရခိုင်ပြည်နယ်ထဲမှာ ပြဿနာတွေဆင့်ကဲဖြစ်နေတာဟာ အစိုးရရဲ့ချဉ်းကပ်မှု လွဲချော်တာကြောင့်လို့ ကော်မတီ ဦးဆောင်သူတွေက ယူဆကြပါတယ်။
စစ်တွေ အရပ်ဖက်လူမှုကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးစိုးနိုင်ကလည်း သူ့သဘောထားကို အခုလို ပြောပါတယ်။

"ကျနော်တို့က မြို့ပေါ်မှာနေတဲ့သူတွေလေ၊ ဥပဒေဘောင်ထဲကပဲ ရင်ဆိုင်ရမှာပေါ့၊ ဒါ တစ်မျိုးသားလုံးကို ခြိမ်းခြောက်လာတယ် ဆိုလို့ရှိရင်တော့ ကျနော်တို့မှာလည်း အားလုံးစုပေါင်းပြီးတော့ ဥပဒေဘောင်ထဲကပဲ ညီညီညွတ်ညွတ် ဖွဲ့စည်းခဲ့ကြတာပဲလေ၊ ကျနော်တို့ရဲ့အိမ်မှာ ကျနော်တို့ အေးအေးဆေးဆေးပဲ နေချင်တယ်၊ ဒီလိုခြိမ်းခြောက်လာရင်တော့ ကြောက်တာပေါ့၊ မြို့ပေါ်မှာနေတဲ့ သာမန်ပြည်သူတွေကို ခုခံဖို့ ညီညီညွတ်ညွတ်နဲ့ ဥပဒေဘောင်ထဲက ဒီလိုပဲရည်ရွယ်ပြီး ကြိုးစားဖွဲ့ခဲ့ကြတာပေါ့"

မနေ့က အစည်းအဝေးမှာ “ရခိုင်အမျိုးသားညီညွတ်ရေးကော်မတီ” ကို ဖွဲ့စည်းဖို့အတွက် ဖြစ်မြောက်ရေးကော် မတီကို အရင်ဖွဲ့စည်းလိုက်ပြီး လာမယ့် ဇန်န၀ါရီလ ၁၆ ရက်နေ့မှာတော့ “ရခိုင်အမျိုးသားညီညွတ်ရေးကော် မတီ”ကို ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

အဲဒီကော်မတီမှာတော့ ပြည်တွင်း၊ ပြည်ပ ရခိုင်တိုင်းရင်းသားတွေနဲ့ ရခိုင်မျိုးနွယ်စုတွေအားလုံး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ရေးအတွက်ကို ကြိုးပမ်းဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အကြမ်းဖက်ခံရမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရတဲ့ ရခိုင်ပြည်နယ်ဟာ ငြိမ်းချမ်းရေး ရရှိလာနိုင်စေဖို့ကို ဒီကော်မတီက ကြိုးစားသွားမယ်လို့ ဆိုကြပါတယ်ခင်ဗျာ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့