NUG နဲ့ အင်အားစုတွေကို နိုင်ငံတကာက ငွေကြေးထောက်ပံ့သင့်ပြီလို့ အမေရိကန်သံအမတ်ဟောင်း ပြော

ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2022.08.03
NUG နဲ့ အင်အားစုတွေကို နိုင်ငံတကာက ငွေကြေးထောက်ပံ့သင့်ပြီလို့ အမေရိကန်သံအမတ်ဟောင်း ပြော ၂ဝ၂၂ ခုနှစ် မေလ ၂၄ ရက်နေ့က ရှေ့တန်းစခန်းတစ်နေရာက PDF တပ်သားများအား NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ သွားရောက်တွေ့ဆုံခဲ့စဉ်။
Photo: Acting President Duwa Lashi La

အခုအချိန်မှာ ကမ္ဘာ့နိုင်ငံတွေဟာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အင်အားစုတွေကို ငွေကြေးအရ ကူညီထောက်ပံ့တာတွေ လုပ်သင့်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က Asia Society Policy Institute'sအာရှဆိုင်ရာမူဝါဒရေးရာအဖွဲ့က ကမကထပြုပြီး သြဂုတ်လ ၃ ရက်နေ့က ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းတို့ပါဝင်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှာ တစ်စထက်တစ်စ ဆိုးဝါးလာတဲ့ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် နိုင်ငံတကာက ဘယ်လိုတုံ့ပြန်ဆောင်ရွက်သင့်သလဲ ဆိုတာကို ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

“နိုင်ငံတကာက ငွေကြေးထောက်ပံ့မှုတွေလုပ်မှ NUG နဲ့ တော်လှန်ရေးအင်အားစုတွေဟာ ပိုပြီး ထိထိရောက်ရောက်အလုပ်လုပ်နိုင်မယ်”

အခုအချိန်မှာ ကမ္ဘာ့နိုင်ငံတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ အင်အားစုတွေကို စာနာတဲ့ သဘောထားရှိနေပေမယ့် အင်တိုက်အားတိုက်အကူအညီပေးတဲ့ အဆင့်မရောက်သေးတာကို ပြောင်းလဲဖို့ လိုတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ စကော့ မာစီရယ်က ပြောခဲ့ပါတယ်။

“အမေရိကန်အစိုးရဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တကယ်ပဲ စာနာတဲ့သဘောထားရှိပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ NUG မှာ ထိရောက်တဲ့အင်အားပါဝါ မရှိသေးတဲ့အတွက်၊ NUG နဲ့ ဘယ်လိုလက်တွဲအလုပ်လုပ်မလဲဆိုတာကို မှန်းဆဖို့ ခက်နေပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ အင်အားစုတွေထဲမှာ မတူညီတဲ့အသိုက်အဝန်းတွေ၊ အဖွဲ့အစည်းတွေ အမျိုးမျိုး ပါဝင်နေတဲ့အတွက် သူတို့အားလုံး စုစည်းညီညွတ်နိုင်စွမ်း ရှိမရှိ ဆိုတာအပေါ်မှာလည်း သံသယရှိနေပါတယ်။ ဒါကြောင့်လည်း နိုင်ငံတော်တော်များများက မြန်မာ့အရေးမှာ သတိထားစောင့်ကြည့်နေတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။ အခုအချိန်မှာ တရုတ်၊ အိန္ဒိယနဲ့ ရုရှားကလွဲပြီး ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေက အစိုးရိမ်လွန်နေပြီး မြန်မာနိုင်ငံအရေးမှာ ပါဝင်ပတ်သက်ဖို့ လက်တွန့်နေတယ်လို့ ကျွန်တော် သုံးသပ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ စစ်ကောင်စီက ပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေလုပ်နေတာ မပြောင်းလဲပါဘူး။ ရှေ့လျှောက်လည်း ဒီအတိုင်းဆက်ဖြစ်နေမယ့် အလားအလာရှိနေပါတယ်။ ဒီလိုအခြေအနေမှာ နိုင်ငံအချို့က စစ်ကောင်စီကို လက်နက်ရောင်းချတာ ဆက်လုပ်နေပေမယ့် NUG ကို ထောက်ခံတဲ့နိုင်ငံတွေကတော့ နှုတ်အားဖြင့် အားပေးထောက်ခံတာလောက်ပဲ လုပ်နေပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အခုအချိန်မှာ ကျွန်တော်တို့အားလုံးရဲ့ ရည်မှန်းချက်က မြန်မာပြည်သူတွေဘက်က အနိုင်ရအောင် ဝိုင်းကူဖို့အတွက်ပဲ ဖြစ်သင့်ပါတယ်။ အဲဒီနောက်မှ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် ဘယ်လိုမူဝါဒမျိုးကျင့်သုံးမလဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။”

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်အုပ်ချုပ်မှု ချုပ်ငြိမ်းပြီး ဒီမိုကရေစီရဖို့အတွက် နိုင်ငံတကာအနေနဲ့ စစ်ကောင်စီနဲ့သံတမန်ရေး ဆက်ဆံမှုအားလုံး ရပ်ဆိုင်းဖို့၊ စစ်တပ်ရဲ့ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်ဖို့၊ အာဆီယံအနေနဲ့ ကြားဝင်ဆောင်ရွက်မှုတွေကို တိုးမြှင့်ဖို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို အမြန်ဆုံး တုံ့ပြန်ဖို့၊ မြန်မာပြည်သူတွေကို ငွေကြေးကူညီထောက်ပံ့ကြဖို့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ အချက်ခြောက်ချက်ကို နိုင်ငံတကာက တောင်းဆိုခဲ့ပါတယ်။

“ဒီဘုံသဘောတူညီချက် ငါးရပ်နဲ့ ဖြေရှင်းဖို့ ကြိုးစားတဲ့နည်းလမ်းဟာ အလုပ်မဖြစ်ကြောင်း လက်ခံပြီး အခြားနည်းလမ်းသစ် ရှာဖွေကြဖို့ မျှော်လင့်ပါတယ်”

ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်လာရင် နိုင်ငံတကာက အာဆီယံကို ဗဟိုပြုစဉ်းစားနေပြီး အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက်တွေကို လိုက်နာအကောင်အထည်ဖော်ဖို့ စစ်ကောင်စီကို တိုက်တွန်းနေတာတွေဟာ အလုပ်မဖြစ်တော့တဲ့အကြောင်း လက်ခံဖို့ လိုတယ်လို့ မစ္စတာ စကော့မာစီရယ်က ပြောပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတာတွေ ရပ်တန်းက ရပ်ပါတော့လို့ ပြောချင်ပါတယ်။ ဒီဘုံသဘောတူညီချက်တွေက အလုပ်မဖြစ်တော့တာ ကြာပါပြီ။ အာဆီယံရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ အလုပ်မဖြစ်ခဲ့ပါဘူး။ ဒီဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ဖို့ ပြောနေသရွေ့၊ မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းဖို့ လက်တွေ့ကျတဲ့နည်းလမ်းတစ်ခု ရှိပြီးသားလို့ ထင်ယောင်ထင်မှားဖြစ်စေပါတယ်။ အမှန်က မရှိသေးပါဘူး။ ဘုံသဘောတူညီချက် ငါးချက်က လက်တွေ့ကျတဲ့နည်းလမ်း မဟုတ်ပါဘူး။ ဝါရှင်တန်ဒီစီက အမေရိကန်ခေါင်းဆောင်တွေ၊ အာဆီယံနဲ့နိုင်ငံတကာခေါင်းဆောင်တွေ အားလုံးက ဒီဘုံသဘောတူညီချက်ငါးရပ်နဲ့ ဖြေရှင်းဖို့ ကြိုးစားတဲ့နည်းလမ်းဟာ အလုပ်မဖြစ်ကြောင်း လက်ခံပြီး အခြားနည်းလမ်းသစ် ရှာဖွေကြဖို့ မျှော်လင့်ပါတယ်”

လက်ရှိအချိန်မှာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် အာဆီယံနိုင်ငံတွေဟာ နှစ်ခြမ်းကွဲနေတဲ့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံခေါင်းဆောင်တွေ အပါအဝင် ဘယ်သူ့ဘယ်သူရဲ့ ဖြောင်းဖြပြောဆိုမှုကိုမှ လက်ခံမယ့်သူ မဟုတ်တဲ့အကြောင်း၊ အာဆီယံအနေနဲ့စစ်ခေါင်းဆောင်တွေကို အဆင့်မြင့်အစည်းအဝေးတွေ တက်ရောက်ခွင့်မပြုတဲ့ ဆုံးဖြတ်ချက်ကို ဆက်ထားပြီး၊ ဖြစ်နိုင်ရင် မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်အဖြစ်က ရပ်ဆိုင်းတဲ့နည်းလမ်းကို စဉ်းစားဖို့နဲ့ အာဆီယံဟာ ဘုံသဘောတူညီချက် ငါးချက်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းတဲ့နည်းလမ်းကို ပြန်စဉ်းစားဖို့ လိုတယ်လို့ မစ္စတာ မာစီရယ်က ပြောသွားပါတယ်။

B0803YKMM Thumbnail.jpg
၂ဝ၂၂ ခုနှစ် သြဂုတ်လ ၃ ရက်က အာရှဆိုင်ရာမူဝါဒအဖွဲ့ Asia Society Policy Institute's က အွန်လိုင်းမှတစ်ဆင့် ပြုလုပ်သည့် မြန်မာ့အရေး ဆွေးနွေးပွဲ။

လက်ရှိဖြစ်နေတဲ့ မြန်မာနိုင်ငံအကျပ်အတည်းအတွက် တစ်ခုတည်းနဲ့ အားလုံးပြေလည်သွားစေမယ့် နည်းလမ်းမျိုးမရှိနိုင်ပေမယ့်၊ စစ်ခေါင်းဆောင်တွေကို များနိုင်သမျှ အများဆုံး ဖိအားပေးပြီး၊ တစ်ဖက်ကလည်း NUG နဲ့ တော်လှန်ရေးအင်အားစုတွေကို ငွေကြေး ထောက်ပံ့တာအပါအဝင် ဝိုင်းဝန်းကူညီပံ့ပိုးကြတဲ့နည်းလမ်းကို စဉ်းစားကြဖို့ မစ္စတာ စကော့မာစီရယ်က အကြံပြုပါတယ်။

“နိုင်ငံတကာက ငွေကြေးထောက်ပံ့မှုတွေလုပ်မှ NUG နဲ့ တော်လှန်ရေး အင်အားစုတွေဟာ ပိုပြီး ထိထိရောက်ရောက်အလုပ်လုပ်နိုင်မယ်။ စစ်တပ်ကို စွန့်ခွာပြီး လာရောက်ပူးပေါင်းမယ့် တပ်မတော်သားတွေလည်း ပိုများလာမယ်။ မြေပြင်မှာလည်း ပညာရေးသင်ကြားပို့ချတဲ့ လုပ်ငန်းတွေ ထိထိရောက်ရောက်လုပ်နိုင်လာမယ်။ ဒါမှလည်း အပြောနဲ့အလုပ် ကိုက်ညီမှာ ဖြစ်ပါတယ်”

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မနေ့က ကမ္ဘောဒီးယားနိုင်ငံမှာ ပြုလုပ်တဲ့ အာဆီယံအစည်းအဝေးမှာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆင်ကိုယ်တိုင်က အခုအချိန်မှာ မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီးပွားရေးနဲ့ လူသားချင်းစာနာမှုအကူအညီလိုအပ်ချက် အခြေအနေတွေ တစ်စထက်တစ်စ ပိုဆိုးလာနေတာဟာ အာဆီယံတစ်ဖွဲ့လုံးရဲ့ စည်းလုံးညီညွတ်မှုနဲ့ ဒေသတွင်း တည်ငြိမ်မှုတွေကိုပါ ထိခိုက်လာနေတဲ့အကြောင်း ပြောကြားချက်ကို ထောက်ပြပြီး ပြောဆိုသွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။