ရိုက်တာသတင်းထောက်နှစ်ဦး အယူခံပယ်ချခံရတဲ့အပေါ် ဝေဖန်မှုတွေရှိ

2019-04-24
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈ ဇူလိုင်လ ၁၆ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Htet Arkar/RFA

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့ ပြင်ဆင်ချက်အယူခံကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ဒီကနေ့ ပယ်ချလိုက်တဲ့အပေါ် ပြည်တွင်းပြည်ပက ဝါရင့်သတင်းစာဆရာကြီးတွေက ဝေဖန်ရှုတ်ချကြပါတယ်။

RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။

■ ထောင်ဒဏ် ၇ နှစ်အမိန့်ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးရဲ့အယူခံကို အဆင့်ဆင့် တင်သွင်းခဲ့ရာမှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးကပါ ဒီနေ့ ပယ်ချလိုက် တာဖြစ်ပါတယ်။

ဒီလို ပယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်ကို ကြည့်မယ်ဆိုရင် သတင်းမီဒီယာတွေအပေါ်မှာထားတဲ့ အစိုးရရဲ့စေတနာက ထင်ရှားပေါ်လွင်တယ်လို့ ဝါရင့်သတင်းစာဆရာကြီးတွေက သုံးသပ်ကြပါတယ်။

"သက်ညှာခွင့်မပေးတာကိုတော့ တော်တော်လေးစိတ်ပျက်သွားတာပေါ့၊ စိတ်ပျက်စရာကောင်းတာက သတင်းထောက်နှစ်ယောက်အတွက်တင်မဟုတ်ဘဲ မြန်မာပြည်ရဲ့ သတင်းမီဒီယာလောကကြီးအတွက်လည်း အင်မတန်အလားအလာမကောင်းတဲ့ အခြေအနေကိုပြတယ်လေ၊ သတင်းလောကအတွက် မေးခွန်း ထုတ်စရာတွေ အများကြီးဖြစ်လာတာပေါ့၊ သတင်းရေးသားခြင်းဟာ ဘယ်လောက်အဆင့်အထိ ဒုက္ခရောက် သွားစေနိုင်တယ်ဆိုတာ ကြောက်လည်းသွားစေနိုင်တာပေါ့၊ သတင်းမီဒီယာဘယ်လောက်ရှိရှိ အစိုးရ ဆိုတာလည်း စစ်တပ်နဲ့လည်းဆိုင်နေတဲ့ပြဿနာကိုး၊ အဲတော့ကောင်စီကလည်းရှိနေခြင်းက အဓိပ္ပါယ် မရှိသလိုဖြစ်သွားတယ်လေ၊ ထိထိရောက်ရောက်ကာကွယ်မှု မပေးနိုင်တော့ဘူးဖြစ်သွားတာပေါ့၊ အဲတော့ အစိုးရတွေကလည်း အသုံးပြုလို့ရရင်ကောင်စီကိုသုံးမှာပေါ့၊ သုံးမရတဲ့အချိန်လည်း သူတို့မသုံးဘူးပေါ့၊ အခြေအနေက အားရှိချင်စရာမကောင်းပါဘူး’’

AP သတင်းဌာနရဲ့ မြန်မာပြည် သတင်းထောက်ဟောင်းတစ်ဦးဖြစ်တဲ့ ဝါရင့်သတင်းစာဆရာမကြီး ဒေါ်အေးအေးဝင်း က ပြောပါတယ်။

သတင်းမီဒီယာ ဥပဒေနည်းဥပဒေတွေ ပြဌာန်းထားပြီးဖြစ်တာမို့ သတင်းမီဒီယာတွေကို မကျေနပ်လို့ တရားစွဲမယ်ဆိုရင် အများအားဖြင့် တည်ဆဲဥပဒေတွေနဲ့သာ စွဲဆိုနေတာတွေကအစိုးရနဲ့ တပ်မတော်ဘက်က ဖြစ်နေတာကို တွေ့ရတယ်လို့လည်း ဝေဖန်ကြပါတယ်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးကျော်စွာမင်း က အခုလိုပြောပါတယ်။

‘’ဘယ်သတင်းထောက်ကိုမဆို ကျွန်တော်တို့ မဏ္ဍိုင်လေးရပ်တွေ့ဆုံပွဲ ပြည်ထောင်စုအစိုးရအဖွဲ့ အကုန်လုံး message ပေးတာပဲ၊ တပ်မတော်လည်းဒီလိုပဲ၊ ကျွန်တော်တို့သတင်းသမားတွေကို သတင်းမီဒီယာ ဥပဒေပြဌာန်းပြီးသားရှိတယ်လေ၊ လက်ရှိရှိနေတဲ့ သတင်းမီဒီယာဥပဒေနဲ့ ဆောင်ရွက်ပါဆိုပြီး သတင်းမီဒီ ယာကောင်စီကိုတိုင်ပါ ကျွန်တော်တို့ဆောင်ရွက်ပေးပါမယ်ဆိုပြီး ကျွန်တော်တို့ အဖန်တလဲလဲပြောတာပေါ့နော်၊ သတင်းမီဒီယာကောင်စီရှိရဲ့သားနဲ့ ဥပဒေရှိရဲ့သားနဲ့ မကိုင်တွယ်ဘဲ ကျန်တဲ့ဥပဒေနဲ့ကိုင်တွယ်တာ ကျွန်တော် တို့ကတော့ မကြိုက်ဘူးပေါ့၊ ဒီလိုမျိုးနိုင်ငံတော်လျှို့ဝှက်ကိစ္စကတော့ အစိုးရကဘယ်လိုပေတံနဲ့တိုင်းတယ် ဘယ်လိုဆောင်ရွက်တယ်ဆိုတာ သူတို့အပိုင်းပေါ့ ဒီမိုကရေစီနိုင်ငံမှာ သတင်းမီဒီယာဖွံ့ဖြိုးမှ အားကောင်း မယ်ပေါ့နော်၊ သတင်းမီဒီယာသမားတွေ အခွင့်အရေး သတင်းမီဒီယာတွေ ပြန်ငဲ့မယ်ကြည့်မယ်ဆိုရင် သမ္မတကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ မျှော်လင့်တာပေါ့’’

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက အဲဒီအမှုအပေါ်မှာ အခုလိုဆုံးဖြတ်လိုက်အပြီး နာရီပိုင်းအတွင်းမှာပဲ အမေရိကန်သံရုံးက ဒီဆုံးဖြတ်ချက်အပေါ် စိတ်ပျက်မိကြောင်း ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ရုပ်ရှင်ဒါရိုက်တာမင်းထင်ကိုကိုကြီးနဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို ဖမ်းဆီးထားတာ၊ ဧရာဝတီ သတင်းဌာနက အယ်ဒီတာ ဦးရဲနည်နဲ့ တစ်ခြားသတင်းထောက်တွေကို တရားစွဲဆိုထားတဲ့ ပြစ်ဒဏ်စီရင်မှုတွေဟာ မြန်မာနိုင်ငံထဲ လွတ်လပ်စွာပြောဆိုခွင့်တွေကို သည်းခံမှုမရှိတာ ပိုမိုတိုးလာနေတယ်လို့ ထောက်ပြနေတယ်လို့ ဆိုပါတယ်။

သတင်းစာ၊ သရော်စာ၊ ငြိမ်းချမ်းစွာဆန္ဒပြမှုနဲ့ အခြားတရားဝင်ထုတ်ဖော်ပြောဆိုမှုတွေဟာ ဒီမိုကရက် တစ်လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်အတွက် ပြစ်မှုတွေမဖြစ်သင့်ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုလိုနောက်ဆုံးအဆင့်အယူခံအထိ သက်ညှာခြင်းမရှိတာဟာ နိုင်ငံတကာ သတင်းမီဒီယာအလယ်မှာလည်း အစိုးရရဲ့ပုံရိပ်ကျဆင်းတာကို တွေ့ရတယ်လို့ ဝေဖန်ကြပါတယ်။

The Voice သတင်းမီဒီယာက အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ က အခုလိုသုံးသပ်ပါတယ်။

‘’ရိုက်တာသတင်းထောက်နှစ်ယောက်ကို သူတို့တုံ့ပြန်တဲ့တုံ့ပြန်နည်းဟာ စစ်အာဏာရှင်တွေရဲ့ လုပ်နည်းလုပ်ဟန် အဟောင်းလိုဖြစ်နေတာပေါ့၊ အဲဒါကို NLD အစိုးရအနေနဲ့ သိသိချည်းနဲ့လိုက်ပြီးတော့ ပါသွားတာကလည်း စိတ်မကောင်းစရာပေါ့နော်၊ လုပ်နိုင်ခြေရှိတဲ့ဟာက တပ်က အစိုးရမလုပ်ခင်မှာ သူက ဦးဦးဖျားဖျား နိုင်ငံရေးအမှတ်ရချင်တဲ့အတွက် ဒီနှစ်ယောက်ကို သူတို့ဘက်ကစတာမျိုး လုပ်ကောင်းလုပ်နိုင်တယ်၊ NLD ဘက်ကသိပ်ထူနေလို့ရှိရင်ပေါ့နော်၊ ဒါမျိုးဟာ ကျွန်တော့်အမြင်အရဆိုရင် NLD အစိုးရက ကျွန်တော် သာဆိုရင် နောက်နှစ်သင်္ကြန်မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်မှာ၊ ထိုက်သင့်တဲ့ သူတို့မှာ အရေးယူမှု ခံပြီးပြီပေါ့နော်၊ ဒီလောက်ထိလည်း မလိုအပ်ဘူး တကယ်တမ်းပြောရရင်၊ သူတို့ဟာ တိုင်းပြည်ကိုရောင်းစား တဲ့သူတွေ မဟုတ်ဘူးဆိုတာ ကျွန်တော်တို့အားလုံးသိတယ်၊ NLD အစိုးရကလည်း တချို့ဟာတွေက တပ်နဲ့ လည်း ညှိနှိုင်းရတဲ့ကိစ္စတွေဖြစ်နေတဲ့အတွက် ဒီကိစ္စ ကို NLD အဖွဲ့ဝင်တွေအားလုံးက စိတ်တူသဘောတူ လုပ်တယ်မထင်ဘူး၊ ဒါဟာ သူတို့နိုင်ငံရေးအရ သူတို့အရေးယူတဲ့အထဲမှာ ပါတော့ပါသွားတာပေါ့နော်၊ သို့သော်လည်း ဒါကိုနိုင်ငံရေးအရ သိက္ခာပြန်ဆည်ဖို့လိုမယ်ထင်တယ်၊ ဘာဖြစ်လို့လဲဆိုရင် နိုင်ငံတကာရဲ့ အမြင်အရရော၊ ဒီကိစ္စဟာ NLD အစိုးရအနေနဲ့ တပ်နဲ့ တကျိတ်တည်းတဥာဏ်တည်းဖြစ်နေတယ်လို့ ယူဆနေခြင်းဟာ ကျွန်တော်တို့ တိုင်းပြည်အတွက်အရှုံးပဲ’’

ဒီသတင်းထောက်နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်ခံခဲ့ရတာပါ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့