မြန်မာကိုအရေးယူဖို့ ရိုဟင်ဂျာအဖွဲ့တွေရဲ့တောင်းဆိုချက်

2018-12-17
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
်Fortify Rights အဖွဲ့ရဲ့ထုတ်ပြန်ချက်။
်Fortify Rights အဖွဲ့ရဲ့ထုတ်ပြန်ချက်။
Photo: RFA

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြည်ပြည်ဆိုင်ရာ ခုံရုံးကို တင်ပြအရေးယူနိုင်ပေးဖို့ ရိုဟင်ဂျာအဖွဲ့ ၂၃ ဖွဲ့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

အခုလို တောင်းဆိုလိုက်တဲ့အပေါ် မြန်မာအစိုးရနဲ့ နိုင်ငံရေးလေ့လာသူတွေရဲ့ အမြင်သဘောထားတွေကို RFA သတင်းထောက် မသက်စုအောင် က စုစည်းတင်ပြထားပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာကိုအရေးယူဖို့ ရိုဟင်ဂျာအဖွဲ့တွေရဲ့တောင်းဆိုချက်
(သက်စုအောင်)

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး ICC ကိုဖြစ်စေ၊ လွတ်လပ်တဲ့ ခုံရုံးတစ်ခုဖွဲ့ပြီး ဖြစ်စေ တင်ပြ အရေးယူနိုင်ရေး အမေရိကန်ပြည်ထောင်စုအနေနဲ့ ကြိုးပမ်းပေးဖို့ ကမ္ဘာတစ်လွှားက ရိုဟင်ဂျာ ၂၃ ဖွဲ့က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

သူတို့ရဲ့ တောင်းဆိုချက်မှာ အမေရိကန်အစိုးရနဲ့ အမေရိကန် အစိုးရအဖွဲ့ထဲက ဆင်ခြင်တုံတရားရှိတဲ့ လူပုဂ္ဂိုလ်တွေအနေနဲ့ မြန်မာနိုင်ငံက အကြမ်းဖက် ရက်စက်မှုတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု genocide အဖြစ် သတ်မှတ်ပြီး ပြစ်မှုကျူးလွန်သူတွေကို တရားစီရင်ပေးပို့ တောင်းဆိုထားတာပါ။

အခုလို ရိုဟင်ဂျာအဖွဲ့ ၂၃ ဖွဲ့က ထုတ်ပြန်တောင်းဆိုလိုက်တဲ့ တောင်းဆိုချက်အပေါ် ထောက်ခံကြောင်း ပြောကြားတဲ့သူကတော့ ဘင်္ဂလားဒေရှ် ကော့ဆက်စ်ဘဇား တန်ကာလီကန် ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုခင်မောင်ပါ။

"သူတို့တောင်းဆိုတာကို ကျနော်တို့လည်း ကြိုဆိုပါတယ်၊ လက်ခံပါတယ်၊ သူတို့ ရပ်တည်ချက်အတိုင်း ကျနော်တို့လည်း ရပ်တည်မှာပါ၊ သူတို့လည်း ရိုဟင်ဂျာပဲ ကျနော်တို့လည်း ရိုဟင်ဂျာပဲ၊ သူတို့ပြောနေတာဟာ ကျနော်တို့အတွက် ပြောနေတာဖြစ်လို့ သူတို့တောင်းဆိုချက်ကို ကျနော်တို့ ကြိုဆိုပါတယ်။ လက်ခံပါတယ် ။ကျနော်တို့ ရပ်တည်ပါတယ်"

ဒါကတော့ ရိုဟင်ဂျာ ဒုက္ခသည် ကိုခင်မောင် ပြောကြားချက်ပါ။

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကတော့ ရိုဟင်ဂျာ အဖွဲ့အစည်းတွေရဲ့ အခုလို တောင်းဆိုချက်ဟာ ပြဿနာကို ဖြေရှင်းစေဖို့ထက် ပြဿနာကို ခက်ခဲအောင် လုပ်သလိုဖြစ်နေပြီး မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားကို ပိုတင်းမာအောင် လုပ်သလို ဖြစ်နေကြောင်း သူ့အမြင်ကို အခုလိုပြောပါတယ်။

"အဓိကကတော့ဗျာ၊ မြန်မာနိုင်ငံကို အရေးယူဖို့ တာဝန်ရှိတဲ့သူတွေကို နိုင်ငံတကာ ခုံရုံးတင်ဖို့ ပြောနေတဲ့သူတွေအနေနဲ့ ပထမဆုံး စဉ်းစားသင့်တာက လက်ရှိ အရေးကြီးဆုံးကိစ္စက ဘာလဲ၊ လက်ရှိ အရေးကြီးဆုံးကိစ္စက အဲ့ဒီလူတွေကို စွပ်စွဲပြစ်တင်တာတွေ၊ အရေးယူဖို့ ကြိုးပမ်းတာတွေက အရေးကြီးသလား ဒါမှမဟုတ် ဒုက္ခသည် ခုနှစ်သိန်းကို နိုင်ငံသားဖြစ်သင့်သူတွေ နိုင်ငံသားဖြစ်ပြီးတော့မှ မူလနေရာတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့အတွက် အဖြေရှာဖို့အတွက် အရေးကြီးသလားဆိုတာ ပြန်လည် စဉ်းစားဖို့လိုတယ်၊ ကျနော့်အမြင်ပြောရရင် အခုလို တောင်းဆိုတာတွေ ဖိအားပေးတာတွေက ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ထက် ပိုပြီးခက်ခဲစေမယ်၊ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေရဲ့ သဘောထားကို ပိုပြီးတင်းမာအောင် လုပ်ရာကျမယ်လို့ ကျနော်ထင်ပါတယ်"

ဒီတောင်းဆိုချက်တွေ အခုလို ပြဿနာတွေ ဖြစ်ပေါ်လာရတာဟာ ရခိုင်ပြည်နယ်မှာ ပြဿနာစဖြစ်ကတည်း သတင်းထုတ်ပြန်မှုတွေ မပွင့်လင်းခဲ့တာ၊ သတင်းဌာနတွေကို သတင်းလွတ်လွတ်လပ်လပ် ရယူခွင့်မပြုခဲ့တာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ ဖက်ဒရယ် ဒီမိုကရက်တစ်အင်အားစုရဲ့ တာဝန်ခံ ကိုမြအေးက သူ့အမြင်ကို အခုလိုပြောပါတယ်။

"အဓိက ကျနော်ထင်တာက သတင်းထုတ်ပြန်မှုတွေ မပွင့်လင်းတဲ့ကိစ္စဗျ၊ အခုချိန်မှာ ကျနော်တို့ စုပြုံပြီး ခံနေရတယ်လို့မြင်တယ်လေ၊ အကယ်လို့များ လွတ်လွတ်လပ်လပ်ပေါ့ဗျာ သတင်းဌာနတွေကို သတင်းယူခွင့်ပြုမယ်၊ အဲ့ဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိမရှိ စုံစမ်းစစ်ဆေးခွင့်တွေ ပြုမယ်ဆိုရင် အမှန်တွေ အမှားတွေ ကွဲပြားသွားမယ်လို့ ကျနော်ထင်တယ်၊ အဲ့ဒီရဲ့ အကျိုးဆက်တွေလို့ မြင်တယ်၊ တကယ်တမ်းကျ နိုင်ငံတစ်ခုအနေနဲ့ ပြောမယ်ဆိုရင် ကျနော်တို့က ကမ္ဘာ့အလယ်မှာ နိုင်ငံရဲ့ နိမိတ်ပုံလည်းပျက်နေပီ၊ ဆိုတော့ အဲ့ဒါကြီးကို ဘယ်အချိန်ထိ ဆက်သယ်သွားပြီး ရှင်းကြမလဲဆိုတာ တော်တော်ကို ဦးနှောက်ခြောက်ဖို့ ကောင်းတဲ့ ပြဿနာပဲ၊ နိုင်ငံအတွက်လည်း မကောင်းဘူးလို့ထင်တယ်"

အခုလို ရိုဟင်ဂျာ အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်အပေါ် မြန်မာအစိုးရဘက်ကတော့ အခုလို တုံ့ပြန်ပါတယ်။

"ကျနော်ကတော့ ဘာမှတ်ချက်မှ မပေးချင်ဘူး၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဒါနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းဖြစ်အောင် ဆိုပြီးတော့ ဖော်ထုတ်အရေးယူမှုတွေ ပြုလုပ်နေတယ်၊ ဆက်လက်ပြီးတော့လည်း ရှိရင် ဖော်ထုတ်အရေးယူမှုတွေ ပြုလုပ်မှာရှိတယ်၊ ဆိုတဲ့အတွက်ကြောင့် ဘာမှတ်ချက်မှ မပေးလိုဘူး၊ နိုင်ငံအနေနဲ့ လုပ်သင့်လုပ်ထိုက်တာတွေ အားလုံးကို အစဉ်တစိုက် ကြိုးပမ်းပြီးတော့ ဘက်ပေါင်းစုံကနေ ဆောင်ရွက်နေပါတယ်၊ ဒါကြောင့်မို့ အထူးမှတ်ချက်ပေးရန်မရှိပါ"

ဒါကတော့ ရခိုင်ပြည်နယ် လူသားချင်းစာနာမှု အကူအညီပေးရေး ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ UEHRD ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ၀င်းမြတ်အေးက တုံ့ပြန်ပြောကြားလိုက်တာပါ။

ဒီနေ့ ထုတ်ပြန်တောင်းဆိုခဲ့တဲ့ ရိုဟင်ဂျာ အဖွဲ့ ၂၃ ဖွဲ့ထဲမှာ ဗြိတိန်အခြေစိုက် ရိုဟင်ဂျာ အဖွဲ့နဲ့ မလေးရှား အခြေစိုက် ရိုဟင်ဂျာ အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့တွေ ပါဝင်ပါတယ်ရှင်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့