လူမျိုးတုံးသတ်ဖြတ်မှု မြန်မာပယ်ချ


2018.09.27

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဆင့် သတ်မှတ်သင့် - မသင့် အမေရိကန်အစိုးရက စဉ်းစားနေဆဲ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက  ပြောဆိုလိုက်ပါတယ်။  မြန်မာအစိုးရကတော့ “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် သုံးနှုန်းသတ်မှတ်တာကို လက်မခံနိုင်ကြောင်း တုံ့ပြန်ခဲ့တာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။

------------------------------------------------------------------------------------------

မနေ့က ဝါရှင်တန်ဒီစီ အောက်လွှတ်တော်ကြားနာပွဲမှာ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ခေါင်းဆောင်တွေက - ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဖြစ် တရားဝင်သတ်မှတ်ဖို့ အမေရိကန်အစိုးရကို တောင်းဆိုခဲ့ကြတာပါ။ အမေရိ ကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတစ်ဦးကတော့ - “လူမျိုးတုံး သတ်ဖြတ်မှု” အဖြစ် သတ်မှတ်ဖို့ စဉ်းစားနေ ဆဲဖြစ်ကြောင်း RFA က မေးမြန်းရာမှာ  အခုလို ဖြေကြားခဲ့ပါတယ်။

“အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအပေါ် အမေရိကန် ပြည်ထောင်စုက လူမျိုးစုရှင်းလင်းမှု အဖြစ် အစောပိုင်းမှာကတည်းက သတ်မှတ်ထားပါတယ်။ အစီရင်ခံစာကလည်း ဒီသုံးသပ်ချက်ကို အပြည့်အ၀ ပံ့ပိုးပေးထားတယ်လို့ ယုံကြည်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် လူမျိုးစုအလိုက် ရှင်းလင်းမှုတွေကို ကျုးလွန်ခဲ့သလား ဆိုတာတွေကတော့ နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ အလေးအနက်ထား စဉ်းစားရမယ့် ကိစ္စတစ်ခုပါ။ ဒီလို စဉ်းစားဆုံးဖြတ်ဖို့ဆိုတာလည်း အသေးစိတ် အချက်အလက်တွေကို ရနိုင်သမျှ စုဆောင်းပြီး လေ့လာသုံးသပ်ပြီးမှ လုပ်လို့ရမှာဖြစ်ပါတယ်”

အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်လာစေဖို့နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေ၊ တာဝန်ခံဖို့အတွက်လည်း ဆက်လက်အာရုံစိုက် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ - “လူမျိုးတုံးသတ်ဖြတ်မှု” ဆိုတဲ့ အသုံးအနှုန်းကို လက်မခံနိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ကျနော်တို့အနေနဲ့ ပြောရရင် သူတို့လုပ်နေတာတွေကို လက်လည်းမခံဘူး။ အသိအမှတ်လည်း မပြုနိုင်ဘူး။ genocide လုပ်နေတယ်ဆိုရင် ဒီလို ဘယ်လိုလုပ်ပြီး နေလို့ရမလဲ။ လူ ၁၀ ယောက် ၁၅ ယောက် သေတာတောင် ဖုံးဖိထားလို့ ရတဲ့ကိစ္စမှ မဟုတ်တာ။ genocide ဆိုတဲ့ဟာက သိန်းနဲ့ သန်းနဲ့ချီပြီး ဖြစ်တာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီရဲ့ ဒီမိုကရက်လွှတ်တော်အမတ် Eliot Engel ကလည်း - အမေရိကန်အစိုးရအနေနဲ့ မြန်မာစစ်တပ်တာဝန်ရှိသူတွေကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်နိုင်ဖို့ ကြိုးပမ်းတာလို အရေးယူမှုတွေ လုပ်ဆောင်သင့်တယ်လို့လည်း ပြောဆိုခဲ့တာပါ။ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကတော့ - ပြည်တွင်းရေးသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

“ICC နဲ့ ကျနော်တို့နဲ့ ဘာမှ မဆိုင်တဲ့ဥစ္စာကို။ ကျနော်တို့ကိစ္စ ကျနော်တို့ ပြည်တွင်းရေးပဲလေ။ သို့သော်လည်းပဲ ကျနော်တို့က ကိုယ်တယောက်တည်း နေလို့မရတဲ့အခါကျတော့ ပတ်ဝန်းကျင်မှာ ဖြစ်လာတဲ့ကိစ္စတွေ၊ ရိုက်ခတ်လာတဲ့ဟာတွေကို ကျနော်တို့က ပြေလည်အောင် အဆင်ပြေအောင် ကျနော်တို့ လုပ်နေတာပဲလေ။ ဒါပေမဲ့ အရင်းခံကတော့ ကိုယ့်ကိစ္စ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းဖို့က အဓိကပဲ။ သူတို့ကိုယ်တိုင်ကလည်း ပြောထားတာပဲ။ အခုဖြစ်နေတဲ့ ပြဿနာတွေရဲ့ အခြေခံက မြန်မာနိုင်ငံကပဲ ဖြေရှင်းရမယ်။ ကျနော်တို့ လုပ်နေတဲ့ဟာကို မကျေနပ်လို့ သူတို့ဟာသူတို့ လုပ်တာကို ကျနော်တို့ ပြောစရာလည်း မရှိဘူး။ ကျနော်တို့ ပြည်တွင်းကိစ္စ ဖြေရှင်းဖို့ အဖြေရှာဖို့ ကျနော်တို့ လုပ်နေတယ်

ဒါ့အပြင် “လူအမြောက်အများကို သတ်ဖြတ်မှုအတွက် အလိုရှိသည်” ဆိုတဲ့ စာတမ်းပါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပိုစတာတွေကို နယူးယောက်မြို့ရဲ့ လမ်းပေါ်မှာ ချထားတာ၊ ထရပ်ကား ဘေးပတ်ပတ်လည်မှာ ပိုစတာတွေကပ်ပြီး မြို့တဝိုက် မောင်းနှင်ပြသတဲ့ Amnesty International အဖွဲ့ကြီးရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက်လို့ လည်း ဦးဟောက်ဒိုဆွမ်း က -

“နိုင်ငံတနိုင်ငံရဲ့ အကြီးအကဲတွေ ခေါင်းဆောင်တွေကို ဒီလို လုပ်တယ်ဆိုတာ သူတို့ရဲ့ စိတ်ဓာတ်တွေကို ဖော်ပြနေတာပေါ့။ ဒါ သူတို့နဲ့ဆိုင်တဲ့ကိစ္စမှ မဟုတ်တာ။ ကိုယ့်တိုင်းပြည် ခေါင်းဆောင်နဲ့ ကိုယ့်တိုင်းပြည် အရေးကိစ္စ ပြည်သူလူထုနဲ့ သူ့အစိုးရက ဆုံးဖြတ်မှာပေါ့”

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် သတ်မှတ်ဖို့ အမေရိကန် လွှတ်တော်အမတ်တွေက တိုက်တွန်းနေပေမယ့်လည်း အမေရိကန်အစိုးရကတော့ လူမျိုးစုရှင်းလင်းမှု အဖြစ်နဲ့သာ တရားဝင်သတ်မှတ်ထားတာပါ။ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လက်မှတ်ရေး ထိုးထားတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင် သတ်မှတ်လိုက်မယ်ဆိုရင် နောက်ဆက်တွဲ နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရမှာ ဖြစ်ပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။