စစ်တွေမွတ်စလင်ဒုက္ခသည်တွေ မလေးရှားကိုထွက်ခွာနေ


2018.10.29
nidin-idp-camp-622.jpg ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် နိဒင်ကျေးရွာမှာရှိတဲ့ မွတ်စလင် IDP စခန်းကို ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Min Thein Aung/ RFA

အခုရက်ပိုင်းတွေအတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က မွတ်စလင်တချို့ ရေလမ်းကနေတဆင့် မလေးရှားနိုင်ငံကို ထွက်ခွာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်က ဒုက္ခသည်စခန်းတွေမှာနေထိုင်တဲ့ မွတ်စလင် ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ စနေနေ့ညက သဲချောင်းဘက်ကနေ စက်လှေနှစ်စီးနဲ့အတူ ထွက်ခွာသွားတယ်လို့ ဒေသခံမွတ်စလင်တွေက ပြောပါတယ်။

အဲဒီအထဲက လူတချို့ကို တွေ့ဆုံမေးမြန်းခဲ့တဲ့ အမည်မဖော်လိုတဲ့ ဒေသခံမွတ်စလင်တစ်ဦးက RFA ကို အခုလို ပြောပါတယ်။

"စက်လှေနဲ့ထွက်သွားတာမှာ တစ်စီးက ၅၆ ယောက်လို့ပြောတယ်။ တစ်ချို့က ၅၂ ယောက်လို့ပြောတယ်။ နောက်တစ်စီးက ၇၄ ယောက်လို့ပြောတယ်။ တချို့လူတွေမှာ အထုပ်တွေနဲ့။ တချို့ကငိုတယ်။ ဒီမှာကျန်ခဲ့တဲ့ ကလေးငယ်တွေကို ဖက်ပြီးတော့ငိုတယ်။ တချို့က အမေနဲ့ ညီကိုမောင်နှမတွေကို ဖက်ပြီးတော့ငိုတယ်။ ဘာကြောင့်ငိုလဲလို့ ကျနော်ကသူတို့ကိုမေးတော့ မလေးရှားထွက်သွားတော့မယ်၊ ဒါကြောင့်နဲ့ငိုနေတာတဲ့"

အရင်ကထွက်သွားတဲ့ စက်လှေတစ်ချို့ဟာ မလေးရှားနိုင်ငံကို ရောက်သွားကြပြီဖြစ်ပေမယ့် အခုထွက်ခွာသွားတဲ့ စက်လှေကတော့ ဘယ်နေရာကိုရောက်နေပြီလဲဆိုတာ မသိရသေးတဲ့အကြောင်း မွတ်စလင်တွေကပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်မှာ မွတ်စလင်ဒုက္ခသည်စခန်း ၁၂ ခုရှိပြီး လူဦးရေ ကိုးသောင်းကျော် နေထိုင်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ဇွန်လက စစ်တွေမြို့ပေါ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စစ်တွေမြို့ရဲ့ အနောက်ဘက်မှာ ရှိတဲ့ မွတ်စလင်ကျေးရွာတွေအနီးမှာ အစိုးရက ဒုက္ခသည်စခန်းတွေနဲ့ နေရာချထားခဲ့တာလည်းဖြစ်ပါတယ်။

သူတို့ဟာ နေရာအနှံ့ကို လွတ်လပ်စွာသွားလာခွင့်မရတာ၊ လွတ်လပ်စွာဆေးဝါးကုသခွင့်မရတာ၊ ပညာရေး အခွင့်အလမ်းတွေဆုံးရှုံးတာ၊ ဝင်ငွေရအလုပ်အကိုင်တွေရှားပါးတာ စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြရတာလည်းဖြစ်ပါတယ်။

ဒီအခက်အခဲတွေကြောင့် ၂၀၁၂ ခုနှစ် နောက်ပိုင်းကာလတွေကနေစပြီး အခုလို ပွင့်လင်းရာသီတွေမှာ ထိုင်း၊ မလေးရှား စတဲ့ပြည်ပနိုင်ငံကို ပင်လယ်ရေကြောင်းကနေတစ်ဆင့် စက်လှေနဲ့ထွက်ခွာမှုတွေ ရှိနေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုထွက်ခွာရာမှာ ပွဲစားတွေကနေတစ်ဆင့် သွားကြရတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းတွေက နိုင်ငံတကာအလယ်မှာ လှေစီးဒုက္ခသည်တွေအရေးနဲ့ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် ပြောဆိုလာကြချိန်တွေမှာ လူပွဲစားတွေရဲ့ စစ်တွေမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ ပွဲစားတွေရဲ့ လှုပ်ရှားမှုတွေပျောက်ကွယ်နေခဲ့ပြီး အခုအချိန်မှာ တဖန် ပြန်ပေါ်လာတာဖြစ်တယ်လို့ မွတ်စလင်တွေကပြောပါတယ်။

ဒုက္ခသည်စခန်းမှာနေထိုင်တဲ့ အမည်မဖော်လိုတဲ့ နောက်ထပ် မွတ်စလင်တစ်ဦးက လူပွဲစားတွေဟာ ဒုက္ခသည် စခန်းတွေမှာ စည်းရုံးလှုပ်ရှားမှုတွေရှိနေပြီး ဒုက္ခသည်တွေကလည်း စက်လှေနဲ့ထွက်ခွာမှုတွေရှိနေတယ်လို့ ပြောပါတယ်။

"သဲချောင်းဘက်ရော အုန်းတောကြီးဘက်မှာပါ အဲလိုမျိုး ပွဲစားတွေက ကြားမှာ အတော်ကြာပျောက်သွား တယ်ဗျ။ အခု အဲဒီပွဲစားတွေက ပြန်ပေါ်လာတယ်။ လူတွေကို စည်းရုံးတယ်ပေါ့။ သူတို့ကို မလေးရှားကိုပို့မယ်၊ ထိုင်းကိုပို့မယ် တစ်ယောက်ကို ၇ သိန်း၊ ၈ သိန်း၊ ၁၀ သိန်းအထိ သူတို့ဆီက တောင်းတယ်ပေါ့နော်။ တောင်ပြီးတော့ နိုင်ငံခြားကို ပို့ပေးမယ်ဆိုပြီးတော့ သူတို့ဆွဲဆောင်နေကြတာဗျ။ မနေ့ညကလည်း သဲချောင်းဘက်က စက်လှေ ၃ စီးထွက်မယ်လို့ သတင်းရသေးတယ်။ ၃ စီးတောင်ထွက်မယ်ဆိုတော့ ကျနော်တို့တောင် တားလိုက်သေးတယ်"

အခုလို လှေနဲ့ထွက်ခွာဖို့ကြိုးစားသူတွေကို ဖျောင်းဖျပြောဆိုပေမယ့်လည်း အများစုက လက်မခံကြဘူးလို့ သူကပြောပါတယ်။

သူတို့ဟာ လက်ရှိနေရာက ကန့်သတ်မှုတွေကြားမှာ မနေချင်တော့တာကြောင့် ထွက်ခွာဖို့ကြိုးစားကြတာလို့ သက္ကယ်ပြင်ကျေးရွာမှာနေထိုင်တဲ့ မွတ်စလင်လူကြီးတစ်ဦးဖြစ်သူ ဦးကျော်လှအောင် က ပြောပါတယ်။

"လူတွေက အကျဉ်းအကျပ်တွေကြားမှာနေရတာ ၆ နှစ် ၇ နှစ်လောက်ရှိလာပြီ။ အပြင်မသွားရဘူး၊ မြို့ပေါ် မသွားရဘူး။ မြို့ပေါ်မှာကျန်ခဲ့တဲ့ ကိုယ့်အိမ်ယာမြေတွေဆီမသွားရဘူးဆိုတော့ လူတွေက အဲဒါကိုစိတ် ကျဉ်းကျပ်ပြီးတော့ လွတ်လွတ်လပ်လပ် သွားချင်တယ်။ အဲဒီကြောင့် နိုင်ငံခြားကို ထွက်ကြတာပါ။ နောက်တစ်ခု က ဒီလိုသွားတဲ့လူတွေက ဘယ်သူ့မှ အသိမပေးဘဲထွက်သွားတာပါ။ သူတို့ထွက်သွားပြီးမှသိရတာ"

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကလည်း မွတ်စလင်တွေ ရေကြောင်းကနေထွက်ခွာဖို့ ကြိုးစားတာတွေရှိတယ်ဆိုတဲ့သတင်းတွေကို ကြားသိနေရတယ်လို့ ပြောပါတယ်။

"Camp တွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကပဲ ထိန်းတာဆိုတော့လေ ရှိတော့ရှိပါတယ်။ ကြားလည်းကြားနေတယ်။ ကျနော်တို့ကြားတာကတော့ သာမန်တွေပါပဲ။ သူတို့အဲလိုမျိုး ကြိုးစားနေတယ်ဆိုတာတော့ ကြားနေတယ်။ သွားတာတော့သွားနေတယ်ပေါ့၊ သွားမယ်လို့တော့ ထင်တယ်။ ကျနော်တို့ကတော့ ဒီ Camp တွေဘာတွေက သွားတာတော့မသိဘူး။ ကျနော်တို့ အမ်းတို့၊ တောင်ကုတ်တို့ အဲဒီဂိတ်တွေမှာတော့ ဖမ်းဆီးရမိတာတွေ ရှိနေပါတယ်"

ဒုက္ခသည်စခန်းတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး ရဲတပ်ရင်းတွေကပဲ အဓိကတာဝန်ယူရတာကြောင့် ဒုက္ခသည်တွေ လှေတွေနဲ့ထွက်ခွာဖို့ ကြိုးစားတာတွေရှိတယ်ဆိုတဲ့ကိစ္စကို တိတိကျကျမသိရဘူးလို့ ရဲမှူးကြီး ကြည်လင်းက ပြောပါတယ်။

ဒုက္ခသည်တွေ ပြည်ပနိုင်ငံတွေကို စက်လှေတွေနဲ့ထွက်ခွာဖို့ စည်းရုံးလှုံ့ဆော်သူတွေ၊ ပွဲစားတွေ၊ လမ်းဖွင့်ပေးသူတွေထဲမှာ ဒုက္ခသည်စခန်းခေါင်းဆောင်တွေလည်း ပါဝင်သလို လုံခြုံရေးတပ်ဖွဲ့ ဝင်တစ်ချို့လည်း ပါဝင်ပတ်သက်မှုတွေရှိတယ်လို့ မွတ်စလင်တချို့က ပြောကြပါတယ်။

ပွဲစားတွေက သူတို့ရဲ့အကျိုးအမြတ်အတွက် စည်းရုံးလှုံ့ဆော်တဲ့ကိစ္စအပေါ် တားဆီးဖို့ကြိုးပမ်းနေတဲ့ မွတ်စလင် လူငယ်တွေလည်းရှိပါတယ်။

အဲဒီလိုကြိုးပမ်းနေတဲ့ မွတ်စလင်တစ်ဦးက ထိရောက်တဲ့တားဆီးမှုတွေဖြစ်ပေါ်လာဖို့ အစိုးရကို အချက်အလက် တွေနဲ့တင်ပြဖို့ရှိတယ်လို့ RFA ကို ပြောပါတယ်။

နေရာအနှံ့လွတ်လပ်စွာ သွားလာခွင့်၊ ဆေးကုသခွင့်၊ ပညာရေးကဏ္ဍ၊ ကန့်သတ်မှုတွေရှိနေတဲ့ နိုင်ငံသားကိစ္စ တွေနဲ့ပတ်သက်ပြီး ပြေလည်အောင်ဖြေရှင်းဖို့ မွတ်စလင်တွေဘက်က အစိုးရတာဝန်ရှိသူတွေကို အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် မျက်ကွယ်ပြုခံထားရတယ်လို့ မွတ်စလင်တွေက ပြောပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။