မန်လီရွာသား ၁၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆို

2019-03-08
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
ဖမ်းဆီးခံရတဲ့ မန်လီရွာသားတွေပုံကို တွေ့ရစဉ်
ဖမ်းဆီးခံရတဲ့ မန်လီရွာသားတွေပုံကို တွေ့ရစဉ်
Photo: TSYU

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော် RCSS / SSA က ဖမ်းဆီးထားတဲ့ မန်လီရွာသား ၁၂ ဦးကို  အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တအာင်းအမျိုးသမီးအဖွဲ့နဲ့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့တွေက ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

RFA သတင်းထောက် ကိုကျော်လွင်ဦးက စုစည်းတင်ပြထားပါတယ်။

■ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကနေ မတ်လ ၂ရက်နေ့အထိ RCSS နဲ့ SSPP-TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားတွေဟာ စစ်ဘေးလွတ်မြောက်ဖို့  သီပေါမြို့ပေါ်ကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။

အဲဒီတိုက်ပွဲအတွင်း ပလောင်လူမျိုး မန်လီရွာသား ၁၂ ဦးကို RCSS ကဖမ်းဆီးသွားတဲ့ အထောက်အထားတွေ ရရှိထားပြီး ဖမ်းဆီးခံတွေကို အမြန်ဆုံးလွှတ်ပေးဖို့ တအာင်း အမျိုးသမီးအဖွဲ့နဲ့ တအာင်း ကျောင်းသား လူငယ်အဖွဲ့တွေက ထုတ်ပြန်ချက်ထုတ် တောင်းဆိုကြပါတယ်။

တအာင်း ပလောင်ဒေသခံတွေကို ဖမ်းဆီးထားတာကြောင့် ရှမ်းနဲ့ ပလောင်ကြား လူမျိုးရေးပဋိပက္ခတွေဖြစ်စေနိုင် တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ လွေးပိုးကမေ့ခေး ကပြောပါတယ်။

"ကဒ်ထဲမှာဆိုရင် ဖမ်းသွားတဲ့လူတွေရဲ့ ပုံတွေပါတယ်။ ကဒ်ပိုင်ရှင်က RCSS က ဖြစ်တယ်။ ကဒ်ထဲမှာပါတဲ့ ဓာတ်ပုံတွေကလည်း RCSS က ပုံတွေဖြစ်တဲ့အတွက် RCSS ဖမ်းတယ်ဆိုတာကို အတည်ပြုပြောကြား လို့ရပါတယ်။ တအာင်းလူမျိုးနဲ့ ရှမ်းလူမျိုး အချင်းချင်းကြားမှာလည်း မညီညွတ်မှုတွေ ဖြစ်လာနိုင်တယ်။ လူမျိုးရေးပဋိပက္ခအသွင်ဆောင်တဲ့ ပုံစံတွေလည်း ဖြစ်လာနိုင်တယ်။ အဲဒါတွေကြောင့် ကျွန်မတို့က စိုးရိမ်တယ်။"

ဒေသခံတစ်ဦးထံကရတဲ့ memory card ထဲမှာ ပျောက်ဆုံးနေတဲ့ ရွာသားတွေကို ချည်နှောင်ထားတဲ့ပုံတွေ၊ မျက်လုံးပိတ်ထားတဲ့ပုံတွေကို တွေ့ရသလို့ အဲဒီကတ်ထဲမှာဘဲ RCSS တပ်သားမိသားစုပုံတွေကိုပါ တွေရတာကြောင့် RCSS အဖွဲ့ကဖမ်းဆီးထာတဲ့အထောက်ထား ပြောနိုင်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့ကပြောပါတယ်။

သူတို့တွေ ဖမ်းဆီးခံရတာ တပတ်ကျော်ပေမယ့် ခုထိအဆက်အသွယ်မရသေးတာကြောင့် မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံထားတဲ့ စိုင်းငယ်လေးရဲ့အစ်ကိုဖြစ်သူ စိုင်းငယ်က ပြောပါတယ်။

"အခုချိန်ထိ မလွတ်သေးပါဘူး။ အဖွဲ့အစည်းတဖွဲ့ဖွဲ့က ဖမ်းသွားတယ်ဆိုတာ သေချာတယ်။ တအားစိုးရိမ်တာပေါ့။ သူတို့ရဲ့အသက်ဘေးအန္တရာယ်ကို စိုးရိမ်ရတာပေါ့။ ပြန်လွတ်မယ်လို့ ထင်တယ်။ ဒါပေမဲ့ အခုချိန်ထိ ပြန်မလွတ်သေးတော့ ပုံတွေဘာတွေ ထွက်လာတော့ ပိုပြီးစိုးရိမ်တာပေါ့။"

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်း သီပေါစစ်ဘေး ဒုက္ခသည်စခန်းမှာ အဖမ်းဆီးခံရွာသားတွေလွတ်မြောက်ဖို့ မန်လီစစ်ရှောင်တွေက ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေပြန်လွှတ်ပေးဖို့  မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို အကြောင်းထားပေမယ့် ခုထိတော့ အကြောင်းပြန်ကြားတာမရှိသေးဘူးလို့ ပြောပါတယ်။

ဒီမန်လီရွာသား ၁၂ယောက်ကို ဖမ်းဆီးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး  RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းငင်းကို RFA ဆက်သွယ်မေးမြန်းရာမှာ အဲဒီလို ဖမ်းဆီးတာမရှိကြောင်း ငြင်းဆိုပါတယ်။

"အဲဒါလုံးဝမဟုတ်ပါဘူး။ အခုခေတ်က ဓာတ်ပုံတွေဘာတွေကို ဒစ်ဂျစ်တယ်နည်းနဲ့ လုပ်လို့ရနေတာပဲ။ ကျွန်တော်တို့အဖွဲ့အစည်းမှာ ပြည်သူလူထုနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းတွေ အတိအကျလုပ်ရပါတယ်။ ဆောင်ရန်ရှောင်ရန်တွေ လုံးဝမလုပ်ရဘူး။ ပေးလည်းမလုပ်ဘူး။ ဒီကိစ္စ အောက်ကိုစိစစ်တယ်။ ဘာမှမလုပ်ခဲ့ဘူး။ ရှိလည်းမရှိဘူး။"

RCSS အဖွဲ့နဲ့ တအာင်းပလောင် TNLA အဖွဲ့တို့ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တွေဆုံဆွေးသွားဖို့ ကြားခံအဖွဲ့တစ်ခု အကူအညီနဲ့ ဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

အခုလို တွေဆုံဖို့ ကြိုးစားနေချိန်မှာ ဒီလို လုပ်ကြံစွပ်စွဲတာတွေဟာ ယုံကြည်မှုကျဆင်းစေတယ်လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

"တအာင်းအဖွဲ့အစည်းအနေနဲ့ ဒီလိုလုပ်တယ်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း စိတ်မကောင်းဘူးပေါ့နော် အဲ့လိုမဟုတ်မဟတ်တွေ လျှောက်လုပ်နေတော့ ကျွန်တော်တို့ TNLA နဲ့ RCSS ကြားမှာ ပြန်လည်တွေ့ ဆုံဆွေးနွေးရေး ကိစ္စတွေ လုပ်နေတဲ့ အချိန်မျိုးမှာ လုပ်ကြံပြီး စွတ်စွဲတာမျိုးတွေ၊ သတင်းမီဒီယာအပေါ် အမြတ်ထုတ်တာတွေ မကောင်းဘူးပေါ့ဗျာ၊ ယုံကြည်မှုကို ကျဆင်းစေတာပေါ့"

သီပေါမြို့နယ်မှာ RCSS နဲ့ SSPPနဲ့  TNLA ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲတွေကြောင့် ဒေသခံကျေးရွာသား ၂ထောင်ကျော်ဟာလည်း အိုးအိမ်တွေကိုစွန့်ခွာပြီး သီပေါမြို့မှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

ဆိုက်တခုလုံးသို့