စစ်တွေဒုက္ခသည်စခန်းကနေ ခိုးထွက်မှုများ


2018.11.21
boat-refugees-return-622.jpg လှေစီးဒုက္ခသည်တွေ စစ်တွေမြို့နယ် သဲချောင်းကျေးရွာကို ၂၀၁၈ နိုဝင်ဘာ ၂၁ ရက်နေ့က ပြန်လည်ရောက်ရှိစဉ်
Photo: Min Thein Aung/ RFA

စစ်တွေမြို့အနီးက သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း အစရှိတဲ့ မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြသူ တွေဟာ စားဝတ်နေရေး အခက်အခဲတွေကြောင့် ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို စက်လှေတွေနဲ့ တရားမဝင် ခိုးထွက်တာတွေရှိနေပြီး အခုလို ပွင့်လင်းရာသီမှာ သွားရောက်ကြတာတွေ များနေတယ်လို့ စခန်းတွင်း နေထိုင်သူတွေက ပြောပါတယ်။

RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~

စစ်တွေဒုက္ခသည်စခန်းကနေ ခိုးထွက်မှုများ

(ဝေမာထွန်း)

■ စစ်တွေမြို့ပေါ်ကနေလာရင် မိနစ် ၂၀ လောက်သာကြာတဲ့ ဒီနေရာမှာ နေထိုင်ကြသူတွေက သူတို့ကို သူတို့ လူသားအဖြစ် မွေးဖွားလာခဲ့ပေမယ့် သက်ရှိတိုင်း ရပိုင်ခွင့်ရှိပြီးသား မွေးရာပါအခွင့်အရေးကို ကန့်သတ်ခံနေရတယ်လို့ မှတ်ယူနေကြပါတယ်။

“အစိုးရက ဘာမှမလုပ်ပေးရင်လည်း ကျနော်တို့ကို လွတ်လပ်စွာ သွားလာခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်တွေတော့ ပေးသင့်တယ်”

ဒီနေရာကို ရောက်နေတာ ၆ နှစ်ကျော်ရှိပြီဖြစ်တဲ့ ဦးထင်ကြီး (အမည်လွှဲ) က ပြောသွားတာပါ။ သူ့အနေနဲ့ ဒီမှာရှိတဲ့ တခြားသူတွေလိုပါပဲ။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက အကြမ်းဖက်သူတွေရဲ့ လုပ်ရပ်ကြောင့် စစ်တွေမြို့ပေါ်က သူ့နေအိမ်မီးထဲပါသွားခဲ့ပြီး အခုလက်ရှိနေနေတဲ့ သက္ကယ်ပြင်ဒုက္ခသည်စခန်းကို ရောက်လာခဲ့ပါတယ်။

အဲဒီအချိန်က စစ်တွေမြို့ပေါ်က ရပ်ကွက်ပေါင်း ၁၀ ခုက လူဦးရေသောင်းနဲ့ချီပြီး သက္ကယ်ပြင်၊ သဲချောင်းနဲ့ ဒါးပိုင် အစရှိတဲ့ ကျေးရွာတွေဘက်ကို ထွက်ပြေးလာခဲ့ကြပါတယ်။

ကိုယ့်အစီစဉ်နဲ့ကိုယ် ပြောင်းရွှေ့လာသူတွေရှိသလို အစိုးရက ခဏသာနေရမယ်ဆိုပြီး ယာယီတန်းလျားတွေဆောက်ပြီး ပြောင်းရွှေ့နေရာချထားပေးခံရသူတွေလည်း ရှိပါတယ်။

လက်ရှိမှာ စစ်တွေမြို့ပေါ်က ဒုက္ခသည်စခန်း ၁၂ ခုမှာ အိမ်ထောင်စု ၁၆၀၀၀ ကျော်နဲ့ လူဦးရေ ၉ သောင်းခန့်ရှိနေပြီး အဲဒီထဲမှာ စစ်တွေအပြင် ကျောက်ဖြူနဲ့ ပေါက်တောမြို့နယ်တွေက ဒုက္ခသည်တွေလည်း ပါဝင်နေပါတယ်။

ထွက်ပြေးလာသူတွေကို အစိုးရက အဲဒီနေရာမှာ ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်နေရာချထားပေးခဲ့ပြီး သက္ကယ်ပြင်ရွာအနီးက ဒုက္ခသည်စခန်းကို သက္ကယ်ပြင်စခန်းလို့ ခေါ်သလို ဒါးပိုင်ရွာအနီးက စခန်းကလည်း ဒါးပိုင်ဒုက္ခသည် စခန်းလို့ အမည်တွင်လာပါတယ်။

“ အခုလိုနဲ့ ဒုက္ခသည်ဘဝကို ရောက်လာတာ။ ဒုက္ခသည်ဘဝမှာ WFP က ဆန်၊ ဆီ၊ ဆားပေးလည်း ကျနော်တို့မှာ မလုံလောက်ဘူး။ အဓိကက လူတွေက ဒီဘက်မှာ ၉၀ ရာခိုင်နှုန်းက အလုပ်မရှိတော့ ဘဝတစ်ခုကို ဘယ်လိုဖြတ်သန်းရမလဲ။ သားသမီးကို ကျောင်းထားလို့ မရဘူး။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းလို့ မရဘူး။ အဲဒီလိုမျိုးဖြတ်သန်းနေတာ အခု ၆ နှစ်ရှိပြီလေ”

ဦးထင်ကြီး( အမည်လွှဲ) ပြောခဲ့တာပါ။

ကမ္ဘာစားနပ်ရိက္ခာအစီအစဉ် WFP က ဒီစခန်းတွေကို လစဉ်ရိက္ခာထောက်ပံ့နေပါတယ်။ ဒုက္ခသည်တစ်ဦးဟာ တနေ့မှာ ဆန် ၁ ဗူးခွဲ၊ ဆီ၊ ပဲနဲ့ ဆား အနည်းငယ်စီ ခွဲတမ်းကျရတယ်လို့ ဆိုပါတယ်။ စခန်းမှာနေကြသူအများစု အတွက် သား၊ ငါး စားနိုင်ဖို့ဆိုတာ အလှမ်းဝေးလွန်းလှပါတယ်။

ထောက်ပံ့ကူညီမှုတွေက စားဝတ်နေရေးအတွက် မလုံလောက်၊ ငွေကြေးရှာမယ်ဆိုပြန်တော့လည်း ဒုက္ခသည်စခန်းတွေနဲ့ စခန်းအနီးက သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်းရွာတွေကိုသာ သွားခွင့်ပြုထားတော့ အလုပ်အကိုင်မရှိ ဖြစ်နေတယ်လို့ ပြောပါတယ်။

စားဝတ်နေရေး အခက်အခဲရှိတယ်လို့ ဒုက္ခသည်တွေရဲ့ ပြောဆိုချက်တွေအပေါ် ရခိုင်ပြည်နယ် လူသားချင်း စာနာမှု အကူအညီပေးရေး၊ ပြန်လည်နေရာချထားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (UEHRD) ရဲ့ ဒုတိယဥက္ကဌလည်းဖြစ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးလည်းဖြစ်တဲ့ ဒေါက်တာဝင်းမြတ် အေး ပြောတာက

“စစ်တွေက ဒုက္ခသည်စခန်းတွေကိုတော့ ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်နေတယ်။ ကျနော်တို့က ပြည်နယ်အစိုးရကို ထောက်ပံ့တာတွေရှိတယ်။ ကျန်တဲ့စစ်တွေမြို့ပေါ်က စခန်းတွေက နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့ရတုန်းပဲခင်ဗျ။ ဒါတွေက ရှိနေပါတယ်။ လုံလောက်မှု မရှိဘူးဆိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒါတွေလည်း ကျနော်တို့ အားလုံးပူးပေါင်းပါဝင်ပံ့ပိုးဖို့ ဆောင်ရွက်နေတာရှိပါတယ်”

ဒုက္ခသည်တွေရဲ့ ပြောဆိုချက်တွေထဲမှာဆိုရင် သူတို့တွေအနေနဲ့ စခန်းတစ်ခုကနေတစ်ခုကို ညနေ ၆ နာရီမထိုးခင်အချိန်အတွင်းသာ သွားလာခွင့်ရတယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

သူတို့တွေ အဝေးဆုံးသွားနိုင်တာက စစ်တွေမြို့ပေါ်က မွတ်စလင်တွေနေတဲ့ အောင်မင်္ဂလာရပ်ကွက်၊ စစ်တွေ လဝကရုံးနဲ့ စစ်တွေပြည်သူ့ဆေးရုံကြီးတွေပဲလို့ ဆိုပါတယ်။ အဲဒီနေရာတွေကို လုံခြုံရေးအစောင့်အရှောက်တွေနဲ့ သွားရတယ်လို့ ပြောပါတယ်။

ခြွင်းချက်အနေနဲ့ စခန်းအတွင်းနေထိုင်တဲ့ ကမန်တိုင်းရင်းသားတွေနဲ့ နိုင်ငံသား စိစစ်ရေးကတ်ရထားသူတွေက ရန်ကုန်မြို့ကို သွားလာခွင့်ရတယ်လို့ ပြောပါတယ်။
လွတ်လပ်စွာသွားလာခွင့်မရဘဲ ကန့်သတ်ခံထားရမှုတွေအတွက် ရုန်းထွက်ဖို့ သူတို့ရဲ့ တစ်ခုတည်းသော ထွက်ပေါက်က ရေလမ်းကနေ နိုင်ငံရပ်ခြားကို သွားဖို့ဖြစ်လာပါတယ်။

အမျိုးသမီးငယ်တွေနဲ့ ကလေးငယ်တွေပါမကျန် တဘက်နိုင်ငံကို သွားနေကြတယ်လို့ သက္ကယ်ပြင်ဒုက္ခသည် စခန်းက ကိုမောင်မောင်က ပြောပါတယ်။

“ပွင့်လင်းရာသီမှာ အများကြီးသွားကြတယ်။ လူပေါင်းစုံပါတယ်။ ကလေးငယ်တွေပါတယ်။ အမျိုးသမီးတွေပါတယ်။ Camp ထဲကပါတယ်။ ရွာတွေထဲက လူတွေလည်းပါတယ်”

ပင်လယ်ထဲကနေ တခြားနိုင်ငံတွေကို သွားဖို့လုပ်နေသူတွေကို ဦးထင်ကြီး( အမည်လွှဲ)က ဟန့်တားရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာပါ။ သူပြောပြတာက

“တချို့နိုင်ငံခြားမှာ ရောက်သွားတဲ့ ရိုဟင်ဂျာကလေးတွေရှိတယ်။ သူတို့နဲ့ ဒီကကောင်မလေးတွေနဲ့ ထိမ်းမြားလက်ထပ်မယ့်ပုံစံမျိုးနဲ့ ဒီကောင်မလေးတွေက သွားတာပေါ့။ လမ်းမှာ ရောင်းစားခံရမှာလား။ ရေမြုပ်သေမှာလား။ သူတို့ကို ဖမ်းသွားမှာလား အဲဒါကို သူတို့မတွေးတော့ဘူး။ မိန်းကလေးတွေ ချောချောလေးတွေ အကုန်လုံးပဲ သူတို့သွားနေကြတယ်။ ကျနော်တော့ မျက်ရည်ကျတယ်။ အတက်နိုင်ဆုံး သူတို့ကို တားဆီးတယ်။ ဥပမာ BOAT ၁၀ စီးထွက်နေတယ်ဗျာ။ ၁၀ စီးမှာ ကျနော်တို့ ၄ စီးလောက်တားနိုင်ရင် ၆ စီးလောက်ကတော့ သူတို့ဘာသာ ခိုးဝှက်ထွက်သွားကြတာပဲ”

စက်လှေတွေဟာ အုန်းတောကမ်းခြေ၊ စစ်တွေကမ်းခြေ၊ သဲချောင်းဆိပ်ကမ်းနဲ့ ပေါက်တောမြို့တွေဘက်ကနေ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကို သွားနေကြပြီး ဒါကို ဒုက္ခသည်စခန်း ခေါင်းဆောင်တွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ သိသိရဲ့နဲ့ ငွေကြေးရယူပြီး ခွင့်ပြုနေကြတာလို့ ဆိုပါတယ်။

ဒီလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ ရဲတပ်ဖွဲ့က ရဲမှူးကြီး ကြည်လင်းကို RFA က မေးကြည့်ပါတယ်။

RFA- "တခြားနိုင်ငံတွေကို တရားမဝင် စက်လှေတွေနဲ့ ခိုးထွက်နေကြတယ်လို့ ပြောကြလို့ပါ။ ရဲမှူးကြီးတို့ကော လုံခြုံရေးအပိုင်းအနေနဲ့ ဒါတွေကိုသိလား"

ရဲမှူးကြီး ကြည်လင်း- "ဒါကတော့ သူတို့ဆန္ဒပဲလေ။ ကျနော်တို့ဆီမှာတော့ အဲဒီလိုမျိုးတော့ မရှိပါဘူးခင်ဗျ။ ကျနော်တို့ကတော့ ရှိရင်တော့ တားဆီးမှာပဲလေ။ သူတို့လည်း ဒီမှာအားလုံးအဆင်ပြေနေကြတာပဲ။ ထောက်ပံ့တဲ့ဟာတွေနဲ့"

RFA - "လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပွဲစားတွေနဲ့ ပေါင်းပြီးတော့ ဒီစခန်းအတွင်းက လူတွေဆီက ငွေကြေးရယူပြီးတော့ မသိချင်ယောင်ဆောင်ပြီးတော့ လွှတ်ပေးတာမျိုးတွေရှိတယ်လို့ ပြောပါတယ်။ ဒါကို ဘယ်လိုများ တုံ့ပြန်ချင်ပါသလဲရှင်"

ရဲမှူးကြီး ကြည်လင်း - "ဒါကတော့ သူ့အပြောပေါ့လေ။ ကျနော်တို့တော့ မဖြစ်နိုင်ဘူးလို့တော့ ယူဆတာပဲ။ ပါးစပ်ပါတယ်ဆိုတော့ ကြိုက်သလိုတော့ သူပြောမှာပဲလေ။ စခန်းအတွင်းမှာလည်း လွတ်လပ်စွာပဲ သူတို့နေကြတာပဲလေ"

RFA - "ဒီလိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုကော ရဲမှူးတို့ စီစစ်ဖို့တွေများ ရှိနိုင်မလားရှင်"

ရဲမှူးကြီး ကြည်လင်း - "လုံခြုံရေးတပ်ဖွဲ့ဝင်ကတော့ စိစစ်စရာမရှိပါဘူး။ သူ့တာဝန်သူ ထမ်းဆောင်နေတာဖြစ်လို့ ကျေပွန်အောင်သူက လုပ်နေမှာပဲလေ"

အခုနိုဝင်ဘာလ ၁၆ ရက်နေ့မှာ လှေစီးဒုက္ခသည် ၁၀၆ ဦးကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့မှာ လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့ပါတယ်။

သူတို့တွေဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းက သက္ကယ်ပြင်၊ ဒါးပိုင်၊ သဲချောင်း၊ သံထော်လီစတဲ့ ဒုက္ခသည်စခန်းတွေကဖြစ်ပြီး မလေးရှားနိုင်ငံကိုသွားရာမှာ မုန်တိုင်းနဲ့ကြုံပြီး ဆီကုန်တာကြောင့် သူတို့သွားလိုရာ မရောက်ခဲ့ဘဲ မြန်မာရေပိုင်နက်ထဲကို ပြန်ရောက်လာတယ်လို့ သိရပါတယ်။

အစိုးရအာဏာပိုင်တွေဘက်က ဖမ်းဆီးမိသူတွေနဲ့ သတင်းမီဒီယာသမားတွေကို တွေ့ဆုံပြီး သတင်းမေးမြန်းခွင့် မပေးခဲ့သလို တိတိကျကျ သတင်းထုတ်ပြန်တာလည်း မရှိခဲ့ပါဘူး။

ဖမ်းဆီးမိတဲ့ အမျိုးသား ၅၀ ဦး၊ အမျိုးသမီး ၃၁ ဦးနဲ့ ကလေးငယ် ၂၅ ဦးကို လုံခြုံရေးတပ်ဖွဲ့တွေက စိစစ်ပြီး သုံးရက်အကြာမှာတော့ ရခိုင်ပြည်နယ်ကို ပြန်ပို့လိုက်ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စစ်တွေကို ပြန်ရောက်သွားခဲ့ပါတယ်။

တဘက်နိုင်ငံတွေကို စက်လှေနဲ့သွားဖို့ ဒုက္ခသည်တစ်ဦးဟာ ငွေကျပ် ၇ သိန်းကနေ ၁၀ သိန်းအထိ ကုန်ကျခံဆောင်ရွက်ရတယ်လို့ ဆိုပါတယ်။

ဒီငွေရရှိဖို့ ဒုက္ခသည်စခန်းက လူတွေသုံးကြတဲ့ နည်းတွေထဲကတစ်ခုက ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFPက ပေးတဲ့ရိက္ခာတွေကို ထုတ်ရတဲ့ ရိက္ခာစာအုပ်ကို ငွေကျပ် ၃၊ ၄ သိန်းနဲ့ ပေါင်တာပါ။

ရှိစုမဲ့စုနဲ့ငွေကြေးအကုန်ကျခံသွားပေမယ့် ဒီလမ်းကြောင်းက မချောမွေ့ဘူးဆိုတာ လူတိုင်းသိတယ်လို့ သဲချောင်းစခန်းက ဦးကျော်လှက ပြောပါတယ်။

“ဒီလမ်းကြောင်းက ချောချောမွေ့မွေ့မရှိဘူးလို့တော့ ကျနော်တို့ယူဆတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်သွားခဲ့တဲ့ဟာမှာ ရေတွေမြုပ်ပြီးတော့ အစားငတ်ပြတ်တဲ့သူတွေ အများကြီးပဲ။ ရောက်တဲ့သူရောက် မရောက်တဲ့သူသေ၊ အဲဒီလို သတင်းမရတဲ့သူတွေ အများကြီးပဲ။ ဒီနေရာမှာ စိတ်ကိုမခံစားနိုင်ဘူး ပုံစံမျိုးနဲ့ သူတို့ ထွက်သွားကြတာပဲ ဖြစ်ပါတယ်”

စခန်းအတွင်းက သူတွေရဲ့ပြောပြချက်အရ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဒုက္ခသည်တွေက နိုင်ငံရပ်ခြားကို လှေတွေနဲ့ တရားမဝင် စတင်ထွက်ခွာနေခဲ့ကြတာဖြစ်ပြီး မိုးနဲ့ မုန်းတိုင်းကင်းစင်ပြီး ပင်လယ်လှိုင်းငြိမ်တဲ့ နွေနဲ့ ဆောင်းရာသီတွေမှာ ပိုအသွားများကြတယ်လို့ သိရပါတယ်။

စခန်းအတွင်းနေထိုင်သူတွေ လှေစီးဒုက္ခသည်တွေအဖြစ် နိုင်ငံရပ်ခြားကို သွားကြတာနဲ့ပတ်သတ်လို့ ဒါးပိုင်ဒုက္ခသည်စခန်းမှာ နေထိုင်နေတဲ့ ဦးကြီးမြင့် ( အမည်လွှဲ) က အစိုးရတာဝန်ရှိသူတွေ စခန်းကို လာတဲ့အခါ သူ့အနေနဲ့ တင်ပြတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

“ကျနော်ကိုယ်တိုင် အစိုးရကို အကြိမ်ကြိမ်တင်ပြပါတယ်။ ပွဲစားတွေက အယောင်ဆောင်ပြီး ဒုက္ခသည်စခန်းကို ဝင်ပြီးတော့ မလေးရှားသွားရင် အလုပ်ရမယ်။ ထိုင်းကိုသွားရင် အလုပ်ရမယ်။ ကျနော်တို့ လိုက်ပို့ပေးမယ် ဆိုပြီးတော့ မြန်မာငွေ နှစ်သိန်း၊ သုံးသိန်း အဲဒီလိုသွားမယ့်သူကို ပေးခိုင်းပါတယ်။ ၁၀၀ မှာ ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း အဲဒီလိုစွန့်ကြတယ်”

ပွဲစားတွေထဲမှာ မွတ်စလင်တွေပါသလို ရခိုင်တိုင်းရင်းသားတွေလည်း ပါဝင်တယ်လို့ စခန်းအတွင်းနေကြသူတွေက ပြောပါတယ်။

စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်တွေ တဘက်နိုင်ငံတွေကို တရားမဝင်ထွက်နေကြတယ်ဆိုတဲ့ သတင်းတွေအပေါ် မြို့ခံလည်းဖြစ်တဲ့ ရခိုင်အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော် ကိုမေးကြည့်တော့

“ရခိုင်ပြည်နယ်မှာနေတဲ့ ရခိုင်ပြည်နယ်သားအားလုံး ငတ်မွတ်ခေါင်းပါးမှု၊ စီးပွားရေးအဆင်မပြေမှု၊ ထမင်းငတ်မှုတွေ အကုန်လုံးအတူတူ ခံစားနေရတာ။ အဲဒါကြောင့် ဒီရခိုင်နဲ့ ရခိုင်မျိုးနွယ်စု တိုင်းရင်းသားတွေ ရခိုင်ပြည်နယ်မှာ မကျန်တော့ဘူး။ အနည်းဆုံးအဆင့် ဖားကန့်မှာ ကျောက်တူးဖို့ သွားနေကြတယ်။ ထိုင်းသွားတယ်။ မလေး သွားတယ်။ အဲဒီတော့ ဒီဘင်္ဂလီတွေလည်း ငတ်နေမှာပဲ။ အဲဒါကြောင့် ထမင်းစားဖို့အတွက် စီးပွားရေးလုပ်ငန်းအ ဆင်မပြေလာရင်တော့ ဘယ်လူမျိုးဖြစ်ဖြစ်သွားမှာပဲ”

ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်တဲ့ ဦးထွန်းအောင်ကျော် ပြောခဲ့တာပါ။

ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေက သူတို့တွေ စခန်းအတွင်း မနေနိုင်ကြောင်း ထောက်ပြတဲ့ အချက်တွေထဲမှာဆိုရင် ပညာရေးသင်ကြားခွင့် ချို့တဲ့တယ်ဆိုတဲ့အချက် ပါပါတယ်။

စခန်းထဲမှာ တက္ကသိုလ်ဝင်တန်းအဆင့် ပညာသင်ခွင့်ရှိပေမယ့် အစိုးရက ချထားပေးတဲ့ ကျောင်းဆရာ၊ ဆရာမတွေမရှိဘဲ ဒီစခန်းတွေထဲက ၁၀ တန်းအောင် ကျောင်းသား၊ ကျောင်းသူတွေက ကလေးငယ်တွေကို စာပြန်သင်တဲ့ စနစ်နဲ့ သွားနေရတယ်လို့ ဆိုပါတယ်။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဲ့ရဲ့ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ကိုကိုနိုင်ကတော့ စခန်းအတွင်း နေထိုင်ကြသူတွေကို လူတစ်ဦးရသင့်ရထိုက်တဲ့ ပညာရေး၊ ကျန်းမာရေး အပါအဝင် စားဝတ်နေရေးတွေမှာ ထောက်ပံ့မှုတွေပေးနေတယ်လို့ ပြောပါတယ်။

“ ပညာရေး၊ ကျန်းမာရေးလုပ်နေလို့ ကျောင်းတွေလည်း တက်နေကြသားပဲ။ ကျန်းမာရေးကလည်း လုပ်လိုက်ရတာမှ Mobile တွေကော အမျိုးကိုစုံလို့။ သာမာန်ကျနော်တို့ တိုင်းပြည်မှာ လူတစ်ယောက် ရသင့်ရထိုက်တာတွေ ရနေတယ်လို့ ကျနော်တို့ သိထားတယ်လေ။ ခွဲခြားဆက်ဆံမှုမရှိဘူးလို့ ပြောတော့ပြောတာပဲ။ တောက်လျှောက်တော့လည်း ထောက်ပံ့ပေးနေတာပဲ။ ဘာပေတံတွေနဲ့ တိုင်းကြမလဲဆိုတာ ခက်တော့ခက်တာပဲ။ ကျနော်တို့တိုင်းပြည်မှာ ဆင်းရဲတဲ့နေရာတွေကလည်း တခြားနေရာတွေမှာလည်း ရှိတော့ရှိနေတာပဲ”

ကျန်းမာရေးနဲ့ ပတ်သက်ပြီးထားရှိပေးထားတဲ့ သက္ကယ်ပြင်စခန်းက ယာယီဆေးခန်းအကြောင်းကို ဒါးပိုင် စခန်းက ဦးကြီးမြင့် ( အမည်လွှဲ) ပြောတာကတော့ ဒီလိုပါ။

“သက္ကယ်ပြင်မှာ ယာယီဆေးခန်းရှိပါတယ်ခင်ဗျ။ သမ္မတကြီး လာမယ်၊ ဝန်ကြီးချုပ် ဦးညီပုလာမယ်၊ ကုလသမဂ္ဂ လာမယ်၊ အဲဒီနေ့ဆိုရင် ဆရာ၊ ဆရာမတွေ၊ ဆရာဝန်တွေ အများကြီးပဲ။ သူတို့ထွက်ခွာသွားတာနဲ့ ဘာမှမရှိဘူး။ တစ်ခုခုဆိုရင် ဆေးရုံတက်ခိုင်းတယ်။ စစ်တွေမြို့ ဆေးရုံပေါ့နော်။ လူနာအစောင့် တစ်ယောက်သွားရတယ်။ အဲဒီလူနာအစောင့်ကို ၃၀၀၀ ပေးရတယ်။ ကားမောင်းတဲ့သူကို လူနာတစ်ယောက် သယ်သွားတယ်ဆိုရင် ၅၀၀၀ ပေးရတယ်”

ဒုက္ခသည်စခန်းအတွင်း နေထိုင်ကြသူတွေရဲ့ အခုလိုပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုကို RFA က အကြိမ်ကြိမ် ဆက်သွယ်မေးကြည့်ပေမယ့် ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်ပြောဆိုခွင့် မရခဲ့ပါဘူး။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် လက်ရှိအချိန်အထိ စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရသူတွေဟာ အစိုးရက သူတို့ကို သူတို့ပိုင်ဆိုင်ခဲ့တဲ့ မြေနေရာတွေမှာ နေရာပြန်မချထားပေးတာ့ဘဲ တခြားလုပ်ငန်းတွေကို အဲဒီမြေနေရာတွေမှာ အကောင်အထည်ဖော်ဆောင်ရွက်မှာကို စိုးရိမ်နေကြပါတယ်။

သဲချောင်းဒုက္ခသည်စခန်းက အသက် ၅၇ အရွယ်ဦးကျော်လှက သူရဲ့ မျှော်လင့်ချက်ကို အခုလို ရင်ဖွင့်ပါတယ်။

“မသေခင်လေး မျှော်လင့်ချက်က ရှိပြီးသား။ ရမယ် မရဘူးဆိုတာကတော့ ကံကြမ္မာပဲ။ ဆိုးဆိုးဝါးဝါးပဲ။ ကျနော်တို့ မျှော်လင့်တယ်။ မဖြစ်နိုင်ဘူး။ ကျနော်တို့ အိုးအိမ်နဲ့ တိုက်နဲ့ မီးနဲ့ အဲဒီလို နေလာခဲ့တာကို ကျနော်တို့ ဒီနေ့ လမ်းဘေးမှာရောက်နေတယ်။ ကျနော်တို့ ဘာသာအရဆိုရင် ဒါက ကံကြမ္မာပဲ။ ခံနိုင်ရည်တော့ များများရှိတယ်။ မျှော်လင့်ချက်ကတော့ အဆင်ပြေလာမယ် အဲဒီလိုမျိုးတော့ရှိတယ်”

ကွယ်လွန်သွားပြီဖြစ်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်က ရခိုင်ပြည်နယ်အတွင်းက လူ့အဖွဲ့အစည်း နှစ်ခုအကြား ပြန်လည်သင့်မြတ်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးရဖို့အတွက် အကြံပြုထားတဲ့ အချက် ၈၈ ချက်ရှိပါတယ်။

အဲဒီအချက်တွေထဲမှာ စစ်တွေမြို့က မွတ်စလင်ဒုက္ခသည်စခန်းအတွင်း နေထိုင်သူတွေ တောင်းဆိုနေတဲ့ ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းပြီး မူလနေရပ်တွေမှာ နေရာပြန်လည်ချထားရေး၊ လွတ်လပ်စွာသွား လာခွင့်ပေးရေးနဲ့ ပညာရေး၊ ကျန်းမာရေး ကဏ္ဍတွေကို အဆင့်မြင့်တင်ပေးရေး ကိစ္စရပ်တွေပါဝင်ကြောင်း တင်ပြလိုက်ရပါတယ်ရှင်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။