ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ရွေးကောက်ပွဲရွှေ့ဖို့ နိုင်ငံရေးသမားတချို့ လိုလား

ဝေယံမိုးမြင့်
2020.08.27

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ရုတ်တရက် များပြားလာတာကို ဟန့်တားနေကြချိန်မှာ မဲဆွယ်စည်းရုံးရေး ပိုမိုခက်ခဲနိုင်တာကြောင့် ကူးစက်မှု လျော့နည်းချိန်ရောက်မှ ရွေးကောက်ပွဲ ပြုလုပ်သင့်တယ်လို့ အမတ်လောင်း တချို့က ပြောပါတယ်။

လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် စက်တင်ဘာလ ပထမပတ်အတွင်း မှာ မဲဆွယ်နိုင်တော့မှာဖြစ်ပါတယ်။

မဲဆွယ်စည်းရုံးခွင့်ရတယ် ဆိုပေမယ့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံပွားမှုကို ဟန့်တားနိုင်ရေးအတွက် မလိုအပ်ဘဲ အိမ်အပြင်မထွက်ဖို့ ကြပ်မတ်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ ဆိုရင် လူစုလူဝေးနဲ့ မဲဆွယ်စည်းရုံးဖို့ ဆိုတာ မဖြစ် နိုင်တဲ့ အခြေအနေပါ။

ရခိုင်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုးကတော့ မဲဆွယ်ဖို့ ဘာမှ မပြင်ဆင်ရသေးတဲ့အတွက် ရွေးကောက်ပွဲကို နောက်ဆုတ်သင့်တယ်လို့ ဆိုပါတယ်။

“ရခိုင်ပြည်နယ်တစ်ခုလုံးကို လော့ဒေါင်းချထားတယ်လေ၊ တစ်ခုနဲ့တစ်ခု သွားလာလို့ မရတော့ဘူး၊ ရွေးကောက်ပွဲကနီးလာပြီး ကျနော်တို့မှာ ပြင်ဆင်လို့ ဘာမှမလုပ်ရသေးဘူး၊ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် တောင် မဲဆွယ်တာကို ဘယ်လိုလုပ်ရမလဲ တော်တော်လေး စဉ်းစားနေရတယ်။ရွေးကောက်ပွဲက ရှိဖို့ လိုအပ်ပါတယ်၊ ဒါပေမဲ့ အခုအနေအထားက ရွေ့တာပိုကောင်းမယ်လို့ သုံးသပ်ပါတယ်။”

မြန်မာနိုင်ငံကို နောက်ကျမှ ရောက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နံှ့မှုက တဖြည်းဖြည်း တည်ငြိမ်ခဲ့ရာကနေ သြဂုတ်လလယ်ပိုင်းမှာ  ကူးစက်မှုနှုန်းက ခုန်တက်သွားပါတယ်။  ရခိုင်ပြည်နယ်မှာ ဆယ်ရက်အတွင်း အတည်ပြုလူနာ ၂၀၀ ဝန်းကျင်အထိ ဖြစ်သွားခဲ့ကြောင်း ဒီကနေ့ သြဂုတ်လ ၂၇ ရက်နေ့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မဲဆွယ်ကာလ လူထုနဲ့တွေ့ဆုံဖို့ဆိုတာ ဗိုင်းရပ်စ် ပြဿနာကြောင့် ခက်ခဲမယ်လို့ ရန်ကုန်တိုင်း လှိုင်သာယာအရှေ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးဌေးက  ပြောပါတယ်။

“ကိုဗစ်နိုင်တင်းရောဂါပိုးတွေ တွေ့တဲ့အခါ လက်တွေ့လုပ်ဖို့ မလွယ်ဘူး၊ ဘယ်သူမှ ထိတွေ့မှုမရှိပဲ လူတွေမှာတွေ့နေတော့ ဘယ်သူ့ဆီမှာရှိနေမှန်းမသိဘူး၊ ကျနော်တို့က လူထုနဲ့မတွေ့လို့မရဘူး ရှင်းပြရမယ် သူတို့ဖြစ်ချင်တာတွေ မေးမြန်းရမယ် မလုပ်ရင်မဖြစ်ဘူး၊ ဒါရွေးကောက်ပွဲ မဲဆွယ်နေတာတောင်မဟုတ်ဘူး။  ရွေးကောက်ပွဲဖြစ်စဉ်မှာ အခုလိုခက်ခဲနေတော့ဖြစ်နိုင်မယ်ဆို ရွေ့စေချင်တာ ဘာကြောင့်လဲဆိုတော့ လူတွေရဲ့ အသက်ရှင်သန်ရေးက အရေးကြီးတာ ရွေးကောက်ပွဲတို့ ဘာတို့က အရေးမကြီးပါဘူး။”

နိုင်ငံရေးပါတီအများအပြားရဲ့ အမှတ်တံဆိပ်တွေကိုတော့ မဲဆန္ဒရှင်တွေက သိရှိပြီးသားဖြစ်ပါတယ်။

တသီးပုဂ္ဂလ ဝင်ပြိုင်မယ့်သူတွေကတော့  မဲဆွယ်ကာလရောက်မှ ကိုယ်စားလှယ် အမှတ်သင်္ကေတနဲ့ မိတ်ဆက်ကြရမှာဖြစ်တဲ့အတွက် မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံခွင့်က သူတို့အတွက် အရေးပါတဲ့အချက် ဖြစ်ပါတယ်။

ကော့မှူးမဲဆန္ဒနယ်အမှတ် ၁ ကနေ တသီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒေါ်စုစုနွေးက ဗိုင်းရပ်စ် ထိန်းချုပ်ဖို့ အရေးကြီးတဲ့ကာလမှာ ရွေးကောက်ပွဲကို ဘာကြောင့် အလျင်စလို ကျင်းပချင်ရတာလဲလို့ မေးခွန်း ထုတ်လိုက်ပါတယ်။

“ကူးစက်ရောဂါက အရမ်းဖြစ်လာရင် အစိုးရကို ပြောချင်တာ ရွေးကောက်ပွဲကို နောက်ဆုတ်စေချင်တယ်၊ ပြည်သူလူထုရဲ့ ကျမ်းမာရေးနဲ့ အသက်ဘေးက အဓိကဖြစ်တယ် ၁၁ လပိုင်းကျင်းပဖို့ဆုံးဖြတ်လိုက်တာကို သိပ်သဘောမကျဘူး၊ ကိုဗစ်ထိန်းချုပ်ရေးကို ဦးစားပေး သွားနေတဲ့အချိန်မှာ အစိုးရက ရွေးကောက်ပွဲကို အားချင်း ဘာလို့ကျင်းပချင်နေတာလဲလို့ တွေးမိပါတယ်။"

ပါတီတွေအနေနဲ့ မကြာခင် အွန်လိုင်းဖေ့ဘုတ်စာမျက်နှာကနေ မဲဆွယ်ဖို့ ပြင်ဆင်နေကြပြီး မဲဆွယ်ကာလမတိုင်မှီ ပါတီစည်းရုံးရေးတွေ လုပ်ဆောင်ခွင့်ရရှိနေပါတယ်။

ဗိုင်းရပ်စ်ကူးစက်ပျံပွားမှု ဒီထက်အခြေအနေ ဆိုးလာရင် ရွေးကောက်ပွဲရွေ့ဆိုင်းဖို့ တောင်းဆိုသင့် တောင်းဆို ရမယ်လို့ ပြည်သူ့ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးမင်းဇေယျက ပြောပါတယ်။

“ရှေ့လဆန်းမှာ တရားဝင်လှုပ်ရှားရမှာဆိုတော့ အဲဒီအချိန်နောက်ပိုင်း ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာ အခက်အခဲ အဟန့်အတားတွေက လွတ်လပ်ပြီးတရားမျှတဲ့ အနေအထားမရှိဘူးဆိုရင် ရွေ့ဆိုင်းဖို့ တောင်းဆိုမှာပါ အခုချိန်ကတော့ စောင့်ကြည့်နေပါတယ်။”

ရွေးကောက်ပွဲနဲ့ ကျန်းမာရေးမှာ ဦးစားပေးဆိုရင် ပြည်သူတွေရဲ့ ကျမ်းမာရေးကို ဦးစားပေးရွေးချယ်မယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဆိုပါ တယ်။

“နိုင်ငံသားတွေကျန်းမာရေးက အရေးကြီးသလို ရွေးကောက်ပွဲဆိုတာကလည်း သူတို့ကို  ပြောင်းလဲပေး နိုင်တဲ့အတွက် အရေးကြီးပါတယ်။ ဒါပေမဲ့ ဦးစားပေးဆိုရင် နိုင်ငံသားတွေရဲ့ ကျန်းမာရေးကို ဦးစားပေး ရမှာပေါ့။ နောက်ထပ် ဘယ်လောက်ဆိုးဝါးစွာဖြစ်လာမလဲ၊ အဲဒီအပေါ် UEC က ဘယ်လိုဆောင်ရွက်မလဲ အဲဒီအပေါ်ကိုပဲ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။"


လက်ရှိ အာဏာရပါတီ NLD ရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှုး မုံရွာအောင်ရှင် ကတော့ ဒါဟာ ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ ညှိနှိုင်းရမယ့်ကိစ္စဖြစ်တယ်လို့ မယုတ်မလွန် ဆိုပါတယ်။

“နိုင်ငံရေးပါတီတွေပေါ် အများကြီးမူတည်ပါတယ်၊ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ညှိနှိုင်းပြီးလုပ်ရင်ဖြစ်မယ်ထင်ပါတယ်။ ဒါတွေက အားလုံးကတိုက်တွန်းရင် စဉ်းစားကြမယ်ထင်ပါတယ်။"

ရွေးကောက်ပွဲကျင်းပဖို့အတွက် နှစ်လကျော်သာလိုတော့တာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပျံ့ပွားနေတဲ့ ဒီလို အခြေအနေမျိုးမှာ ပါတီတွေအနေနဲ့ မဲဆွယ်ရာမှာ တခြားနည်းလမ်း အသုံးပြုနိုင်ဖို့ ကြိုတင်စဉ်းစားထားဖို့ လိုအပ်နေပြီလို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေက သတိပေးပြောကြားထားပါတယ်။

လက်ရှိအခြေအနေဟာ အရပ်ဖက်အဖွဲ့တွေ၊ ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အမြန်ဆွေးနွေးဖို့ လိုအပ်နေတယ်လို့ နယူးမြန်မာဖောင်ဒေးရှင်းရဲ့ ရွေးကောက်ပွဲဆိုင်ရာအကြံပေး ဒေါ်မြနန္ဒာသင်းက ထောက်ပြပြောဆိုပါတယ်။

“သတင်းအချက်အလက်ကို ပြည့်စုံစွာမရဘူးဆိုရင် ရွေးကောက်ကို ဖျက်ဖို့ပဲရှိတယ်၊ ရွေးကောက်ပွဲ မအောင် မြင်တာမျိုးဖြစ်သွားတယ် အဲလိုမဖြစ်အောင် ဘာလုပ်ကြရင်ကြမလဲ၊ အဆိုးဝါးဆုံးအခြေအနေကို ရောက် ပြီလား၊ ဘယ်လိုအခြေအနေကို ရောက်ပြီလဲ၊  ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်လား မရွှေ့ဆိုင်းဘူးဆိုရင်လည်း ဘာလုပ်သင့်လဲ၊ ဘယ်လိုအခြေအနေနဲ့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရမလဲဆိုတာကို ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင်တို့ အားလုံးပါဝင်တဲ့ အစည်းအဝေးထိုင်ပြီး အပြန်ပြန်အလှန်လှန်အဖြေရှာကြမယ်၊ အဲဒါမျိုးကို အမြန်ဆုံးလုပ်သင့်တဲ့ အခြေအနေကိုရောက်နေပြီ။”

၂၀၂၀ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျင်းပသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇွန်လ ၂၉ ရက်နေ့က ကြေညာထားပါတယ်။

ရွေးကောက်ပွဲကို တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီ ၉၀ ကျော်က ကိုယ်စားလှယ် လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေကြဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။