သပိတ်စစ်ကြောင်းတွေ ရုပ်သိမ်းဖို့ဆိုရင် ဘယ်လိုညှိနှိုင်းဖို့ လိုအပ်နေသလဲ


2015.02.15

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် သပိတ်မှောက် ကျောင်းသားတွေ တောင်းဆိုထားတဲ့အချက်တွေကို ဥပဒေကြမ်းမှာထည့်သွင်းပြီး လွှတ်တော်မှာတင်သွင်းဖို့ မနေ့က ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူလိုက်ကြ ပါတယ်။

အစိုးရက သပိတ်မှောက်စစ်ကြောင်းတွေ ရန်ကုန်မြို့ထဲ ဝင်လာရင် ဥပဒေအရ အရေးယူသွားမယ်လို့ ပြော ထားပါတယ်။ သပိတ်စစ်ကြောင်းတွေ ရုပ်သိမ်းဖို့ဆိုရင် ဘယ်လိုညှိနှိုင်းဖို့ လိုအပ်နေတယ်ဆိုတာကို RFA သတင်းထောက် မဝေယံမိုးမြင့်က စုစည်းတင်ပြထားပါတယ်။

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် ကျောင်းသားတွေဘက်က တောင်းဆိုထားတဲ့ အချက် ၁၁ ချက် အပါအဝင် အခြားတောင်းဆိုတဲ့ အချက်တွေကို အစိုးရဘက်က လိုက်လျောပေးထားပြီး ဥပဒေကြမ်းအဖြစ် ပြင် ဆင်ပြီး လာမယ့်လွှတ်တော်မှာ တင်သွင်းဖို့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲကနေ သဘောတူခဲ့ကြပါတယ်။

ကျောင်းသူ ကျောင်းသားတွေရဲ့ သပိတ်စစ်ကြောင်းတွေကတော့ ရုပ်သိမ်းဖို့ မသေချာသေးဘူး ဖြစ်နေပါတယ်။ ရန်ကုန်မြို့ထဲ ဝင်မလာအောင် သပိတ်စစ်ကြောင်းတွေကို တားဆီးပေးဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးမှာ တွေ့ဆုံခဲ့တဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ အစိုးရဘက်က တောင်းဆို လိုက်ပါတယ်။

ရန်ကုန်ကို ကျောင်းသားသပိတ် စစ်ကြောင်းတွေဝင်လာရင် လုံခြုံရေးအရ စိုးရိမ်ဖွယ်ရာရှိတယ်လို့ မနေ့က ရန်ကုန်တိုင်းဒေသကြီးမှာကျင်းပတဲ့ ၄ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ပြောပါတယ်။

ဦးသန့်ရှင်း။               ။ကြေညာချက်လည်း ထုတ်ပြီးပြီ၊ ရပ်တန့်ပေးပါ၊ ဘာကြောင့်လဲဆိုတော့ ရန်ကုန်မြို့ က ရေနက်တဲ့နေရာပါ၊ ရေလည်းနစ်တက်တယ်၊ ဆိုလိုတာကတော့ ဟိုမှာနေလို့ရှိရင် လောင်စာမရှိဘူးပေါ့၊ ဒီမှာပေါ့ ကားကျပ်လို့ ဒေါကန်နေတာရှိတယ်၊ စားဝတ်နေရေးအတွက် တနေကုန်ရုန်းကန်နေရတဲ့လူတွေရှိတယ်၊ ဆိုတော့ သူတို့ရဲ့ ဒေါသတွေလည်းရှိတယ်၊ ရန်ကုန်မြို့ကလည်း ရှင်းရှင်းပြောရလို့ရှိရင် ရဲတောင်မှ ဆင်းပြီးတော့ ဓါးနဲ့ခုတ်တာရှိတယ်၊ ယခင်က မရှိခဲ့ဘူး၊ အပြည့်အဝ အကုန်လုံးက လုံခြုံမှုမဖြစ်လာနိုင်ဘူး၊ တစ်ဖွဲ့ဖွဲ့ကတော့ တစ်ခုခုလုပ်လိုက်လို့ရှိရင် ဒါကြီးဟာ ရုန်းရင်းဆန်ခတ်ပြီးတော့ ဒီမှာရှိတဲ့ ၆ သန်းသောလူထုက ဒုက္ခရောက်ကြ မယ်၊ ဒီလူထုကိုကြည့်ပြီးတော့ပဲ ရန်ကုန်ကို မဝင်နဲ့လို့ပဲပြောတယ်။

လက်ရှိမှာ သပိတ်စစ်ကြောင်းတွေအနေနဲ့ မန္တလေးပင်မစစ်ကြောင်း၊ ဧရာဝတီစစ်ကြောင်း၊ ပခုက္ကူ၊ မုံရွာ၊ ထားဝယ် ၊ မော်လမြိုင် စတဲ့မြို့တွေပူးပေါင်းထားတဲ့ စစ်ကြောင်းတွေရှိပြီး စစ်ကြောင်းတွေအလိုက် ခေါင်းဆောင်တွေက သပိတ်ရပ်ဖို့မရပ်ဖို့ကို အားလုံးရဲ့သဘောထားနဲ့ ဆုံးဖြတ်သွားကြမှာဖြစ်တယ်လို့ ကျောင်းသားကိုယ်စားလှယ်တွေ က ပြောပါတယ်။

ကျောင်းသားတွေဘက်က အစိုးရရဲ့လိုက်လျောမှုအပေါ် အပြည့်အဝအယုံအကြည်မရှိပဲ တောင်းဆိုမှုတွေ အားလုံးရရှိတဲ့အထိ သပိတ်ကိုဆက်လက် ထားရှိသွားမယ်လို့ ပြောနေတာလည်း ရှိပါတယ်။

ကျောင်းသားတွေက တောင်းဆိုမှုအဆင့် ၃ ဆင့်မှာ ၂ ဆင့်သာရရှိသေးတဲ့အတွက် သပိတ်တွေကို မရပ်နားသေး တာဖြစ်တယ်လို့ ပဲခူးမြို့မှာ သပိတ်ခတ္တရပ်နားနေတဲ့ မုံရွာတက္ကသိုလ်ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုဝေမိုးနိုင် က ပြောပါတယ်။

ကိုဝေမိုးနိုင။              ။ကျနော်တို့ စုံစမ်းစဉ်အခါ အဆင့် ၃ ဆင့်ရှိတယ်ပေါ့နော်၊ ပထမတဆင့်က အစိုးရနဲ့ ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းတဲ့အဆင့်ပေါ့၊ ဒုတိယတဆင့်ကတော့ သဘောတူညီလို့ ရလာတဲ့အချက်တွေကို ဥပဒေကြမ်း ရေးဆွဲတဲ့အဆင့်ပေါ့၊ နောက်ဆုံးတဆင့်က လွှတ်တော်ကို တင်ပြီးတဲ့အခါမှာ လွှတ်တော်ကနေ ပြီးတော့ အမျိုးသားပညာရေး ပြန်လည်ပြင်ဆင်သည့် ဥပဒေကြမ်းကို ဥပဒေအဖြစ် အတည်ပြုလိုက်တဲ့ အချိန်ပေါ့နော်၊ ကျနော်တို့ လှုပ်ရှားမှုကို ပြန်ကြည့်မယ်ဆိုရင် လက်ရှိအချိန်မှာ ဒုတိယအဆင့်ကိုတောင်မှ ပဲ ကောင်းကောင်း မကျော်ဖြတ်နိုင်သေးတဲ့ အဆင့်မှာရှိနေတယ်၊ ကျနော်တို့ဘက်မှာ ပြောရလောက်အောင် အာမခံချက်မရှိသေးဘူး၊ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ဆီၤမှာ သပိတ်တွေ ဆက်ဖြစ်နေတာဖြစ်တယ်။

အစိုးရနဲ့ ကျောင်းသားတွေကြား သပိတ်ရပ်ဖို့ကိစ္စ ညှိနှိုင်းပြေလည်အောင် ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် NNER က ကြားဝင်စေ့စပ် ညှိနှိုင်းပေးနေပေမယ့် ကျောင်းသားတွေဘက်က သပိတ်ရပ်ဆိုင်းရေး ကို အာမခံပြောကြားခြင်း မရှိသေးပါဘူး။

မနေ့က ဆွေးနွေးပွဲအပြီးမှာ ဆွေးနွေးပွဲတက်ရောက်လာတဲ့ ကျောင်းသားခေါင်းဆောင်တစ်ချို့က သပိတ်စစ်ကြောင်းတွေဆီ သွားရောက်ပြီး အစိုးရနဲ့ ညှိနှိုင်းပြေလည်မှုတွေကို ရှင်းပြပြီး သဘောထား ရယူသွားဖို့ရှိတယ်လို့ သိရပါတယ်။

သပိတ်တွေရပ်နားဖို့ဟာ ကျောင်းသားတွေအားလုံးရဲ့ သဘောထားနဲ့ သက်ဆိုင်တဲ့အတွက် ဦးဆောင်ကော်မတီ ဝင်တွေအနေနဲ့ ဆုံးဖြတ်လို့မရဘူးလို့ ဦးဆောင်ကော်မတီဝင် ကိုပိုင်ရဲသူက ပြောပါတယ်။

ပိုင်ရဲသူ။                  ။ကျနော်တို့အနေနဲ့က ကျနော်တို့ ဆုံးဖြတ်ချင်တိုင်း ဆုံးဖြတ်လို့ မရတဲ့အပိုင်းတွေရှိတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ ကျောင်းသားတွေနဲ့ အပိုင်းက ကျနော်တို့နဲ့ သူတို့တွေနဲ့ အသက်သိပ်ကွာ တာတော့ မဟုတ်ဘူး၊ အဲ့ဒီတော့ ကျနော်တို့ရဲ့ ဆုံးဖြတ်ရမယ့်အပိုင်းတွေက တစ်ချို့ဆုံးဖြတ်ရမယ့်အပိုင်းတွေကျရင် ပွင့်ပွင့်လင်းလင်း ဆုံးဖြတ်လို့ရပေမယ့် အများနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်မျိုးကျတော့ ကျနော်တို့ ပြန်ပြီးတော့ ဆုံးဖြတ် ချက်ရယူရလိမ့်မယ်လို့ထင်တယ်၊ အဲ့ဒါကို ကျနော်တို့ အဲ့ဒီအချက်အနေနဲ့ ထောက်ပြပြီးဘယ်သူက ကျောင်း သားခေါင်းဆောင်လဲဆိုတဲ့ မေးခွန်းအပေါ်ကတော့ ကျနော်တို့ ကျောင်းသား ညီညွတ်ရေးကို ပြိုကွဲအောင်လုပ် တဲ့မေးခွန်းမျိုးလို့ ကျနော်အနေနဲ့မြင်တယ်။

ကျောင်းသားသပိတ်တွေ ရုပ်သိမ်းဖို့ဆိုရင် ဒီဥပဒေကြမ်းကို အစိုးရက လွှတ်တော်မှာ  အမြန်ဆုံးတင်သွင်းပြီး အတည်ပြုပေးဖို့ လိုအပ်နေတယ်လို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ NNER က ဥပဒေပညာရှင် ဒေါက်တာ ညိုညိုသင်းက ပြောပါတယ်။

ဒေါက်တာညိုညိုသင်း။                     ။ကျောင်းသားတွေက ဒီနေ့ဆွေးနွေးပွဲရဲ့ရလဒ်ကို ပြန်ပြောဖို့ပေါ့နော် ၊ ပြန်ပြောဖို့ဆိုတဲ့နေရာမှာ မယ်မယ်ရရ ရလဒ်မရှိသေးဘူးလို့ တစ်ချို့သော ကျောင်းသားခေါင်းဆောင်တွေက ထင်ကြတယ်ပေါ့နော်၊ ဥပဒေကြမ်းက မထွက်သေးဘူး၊ ဒါကြောင့်မို့လို့ အန်တီတို့က ဥပဒေကြမ်းကို မြန်မြန် ထွက်စေချင်တယ်၊ ဥပဒေကြမ်းကို လွှတ်တော်မြန်မြန် ရောက်စေချင်ပြီးတော့ လွှတ်တော်ကလည်း ဒီဥပဒေကြမ်းကို မြန်မြန် ဥပဒေကြမ်းကို အတည်ပြုစေချင်တယ်ပေါ့နော်၊ အဲ့ဒီတော့ သက်ဆိုင်ရာဝန်ကြီးဌါန က မြန်မြန်လေးဒီဟာကို စီစဉ်ရင်တော့ ကောင်းတာပေါ့နော်။

ရန်ကုန်မြို့ကို ဦးတည်ပြီး သပိတ်မှောက်လမ်းလျှောက်ကြတဲ့ မန္တလေးသပိတ်ကြောင်းဟာ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ်မှာ ဒီနေ့ညအိပ်ရပ်နားမှာဖြစ်ပြီး၊ ဧရာဝတီစစ်ကြောင်းက ဖျာပုံမြို့နယ်မှာ သပိတ်ခတ္တရပ်နား ထားတာ နှစ်ရက်ရှိပြီဖြစ်ပါတယ်။ မုံရွာ၊ ပခုက္ကူ၊ မော်လမြိုင်၊ ထားဝယ် စုပေါင်းသပိတ် စစ်ကြောင်းတွေကလည်း ပဲခူးမြို့ပေါ်မှာ သပိတ်ခတ္တရက်နားထားတာ နှစ်ရက်ရှိပြီဖြစ်ပြီး လွှတ်တော်ကို ဥပဒေတင်သွင်းတဲ့အချိန် ထိ ရောက်တဲ့မြို့တွေမှာ ရပ်နားပြီး စောင့်ဆိုင်းသွားမယ်လို့ သိရပါတယ်ရှင်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။