ကိုရိုနာကြောင့် သင်္ကြန်ကို ခြောက်ခြောက်သွေ့သွေ့ ကျော်ဖြတ်နေရ

သန့်ဇင်ဦး
2020.04.16

ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်စဉ်ကျင်းပနေကျ ရိုးရာသင်္ကြန်ပွဲတော်ကို ဒီနှစ်မကျင်းပပါဘူး။

စည်စည်ကားကားဖြစ်ခဲ့တဲ့ မြန်မာနှစ်သစ်ကူးကာလဟာ ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ ကူးစက်ရောဂါပိုးကို အကြီးအကျယ် တိုက်ဖျက်နေရချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ဒီနှစ်သင်္ကြန်ဟာ ခါတိုင်းနှစ်တွေရဲ့ သင်္ကြန်အနေအထားနဲ့ ဆန့်ကျင် က် ဖြစ်သွားပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလက အနုပညာရှင်တွေရဲ့ ဖျော်ဖြေရေးတွေ၊ ရေကစားမဏ္ဍပ်ကြီးတွေ အပါအဝင် လမ်းလျှောက် သင်္ကြန်တွေနဲ့ စည်ကားခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အစည်းကားဆုံးနေရာတွေထဲက တချို့နေရာတွေဟာဆိုရင် ဒီနှစ်မှာ ခြောက်ကပ်နေပါတယ်။ ရေပက်ကစားခြင်း မရှိကြ၊ အိမ်အပြင်ထွက်လည်ခြင်း မရှိကြဘဲ သင်္ကြန်ကို ခြောက် ခြောက်သွေ့သွေ့ ကျော်ဖြတ်နေကြပါတယ်။

ရန်ကုန်မြို့မှာနေတဲ့ အင်ဂျင်နီယာ ကိုဘိုဘိုဇင်က ရန်ကုန်မြို့ အခြေအနေကိုအခုလိုပြောပါတယ်။

"တနေ့ကရော မနေ့ကရော ထွက်ကြည့်တဲ့အခါကျတော့ အရင်တုန်းက အရမ်းစည်တဲ့ပြည်လမ်းဆိုရင် တစ်ယောက်မှမရှိဘူး၊ ကားဆို တစ်စီးနှစ်စီးပဲရှိတယ် ပုံမှန် ဘာသိသာလည်းဆိုတော့ အင်းစိန်လမ်းပဲသွားသွား ပြည်လမ်းပဲသွားသွား တာမွေဘက်ပဲသွားသွား လူနာတင်ကားတွေကတော့ နေရာတိုင်းမှာတွေ့တယ် လမ်းတိုင်း မှာတွေ့တယ်၊ ရန်ကုန်ကတော့ တော်တော်ခြောက်တယ်၊ လူတွေကလည်း လုံးဝမရှိသလောက်ပဲ၊ ဘတ်စ်ကား မှတ်တိုင်မှာ တစ်ယောက်စ နှစ်ယောက်စတွေ့တယ်၊ ဘတ်စ်ကားမှတ်တိုင်ဆိုတာ မှတ်တိုင်တိုင်းမဟုတ်ဘူး၊ ဆူးလေဘက်ဆိုရင် ဘယ်သူမှမရှိတော့ဘူး၊ ပြည်လမ်း အရင်ကစည်ပါတယ်ဆိုတဲ့ ကန်ဘောင်ရှေ့မှာ လုံးဝ မရှိတော့ဘူး၊ သင်္ကြန်ကာလမလို့ ပျော်ချင်တယ်၊ တကယ့်တကယ် အပြင်ထွက်ကြည့်တဲ့အခါကြတော့ သင်္ကြန်နဲ့ အရိပ်အယောက်တူတဲ့ ခံစားချက်မျိုး တစ်ခုမှမရှိတော့ဘူး၊ အဲတော့ သင်္ကြန်မဟုတ်သလို ခံစားရတယ်။"


မနှစ်က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ ဗဟိုမဏ္ဍပ်ကြီးပေါ်မှာ သံချပ်အဖွဲ့တွေ၊ သင်္ကြန်ယိမ်းပြိုင်ပွဲတွေနဲ့ စည်းကားခဲ့တာပါ။

မဟာဗန္ဓုလပန်းခြံဘေးမှာ စည်ပင်သာယာကကော်မတီ ဦးဆောင်ပြီး  လမ်းလျှောက်သင်္ကြန်ကျင်းပခဲ့ပါတယ်။ မဟာဗန္ဓုလပန်းခြံဟာဆိုရင်လည်း ရေကစားတဲ့သူတွေနဲ့ တစ်နေ့လုံး ပြည့်ကျပ်နေခဲ့တာပါ။

အင်းလျားကန်ဘောင်ရှေ့ ပြည်လမ်းမပေါ်က နာမည်ကြီးအဆိုတော်တွေရဲ့ မဏ္ဍပ်ကြီးတွေနဲ့ ပြည့်ကျပ်နေခဲ့တဲ့ နေရာဟာလည်း ရန်ကုန်မြို့မှာ အစည်ကားဆုံးလို့ဆိုရမှာပါ။

မနှစ်က ထီးတွေနဲ့ ကန်ဘောင်တလျှောက်လုံး အလှဆင်ပြီး စည်းကားခဲ့တဲ့ အင်လျားကန်ဘောင်ကလည်း တိတ်ဆိတ် ငြိမ်သက်နေပါတယ်။

သတင်းအချက်အလက်လုံခြုံရေးပညာရှင် ကိုမျိုးကျော်ထွန်း က ဒီနှစ်မကျင်းပရတဲ့ သင်္ကြန်နဲ့ပတ်သက်ပြီး အခုလိုပြောပါတယ်။

"မနှစ်က လမ်းလျှောက်သင်္ကြန်ကို စလုပ်တာပေါ့နော်၊ တော်တော်စည်တာပေါ့၊ သင်္ကြန်ယဉ်ကျေးမှုလေးကို ပြန်ပြီးတော့ မွေးဖွားလိုက်သလိုမျိုး လုပ်တဲ့အခါကြတော့ ကျွန်တော်တို့လည်း သဘောကျတယ်၊ တော်တော် ပျော်စရာကောင်းပါတယ်၊ ဒီနှစ်ကတော့သိတဲ့အတိုင်းပဲ COVID-19 ကိစ္စဖြစ်လာတဲ့အခါကြတော့ လမ်းပေါ်မှာ လူတွေခြောက်ကပ်ကုန်တာပေါ့၊ အဲတော့ သင်္ကြန်ကို ဘယ်လိုလုပ်ကြရသလဲဆိုတော့ အွန်လိုင်းသင်္ကြန်တွေပဲ ဖြစ်ကုန်တာပေါ့၊ ကိုယ့်နီးစပ်ရာတွေကို Video Call တွေခေါ်ပြီး အဲမှာပဲ ချီးယားစ်တွေလုပ်၊ အွန်လိုင်းမှာပဲ အရင်နှစ်ကပျော်ခဲ့တဲ့ဓာတ်ပုံတွေတင်ပေါ့၊ နောက်ပြီးသီချင်းတွေဖွင့် ကိုယ့်ဟာကို တကိုယ်ရည်သင်္ကြန်တွေ ဖြစ်ကုန်တာပေါ့၊ ဒါတဒင်္ဂပေါ့ နောက်နှစ်ကြရင်တော့ ကျွန်တော်ထင်တယ် အခုနှစ်ကဟာကို အတိုးနဲ့ပြန်ပျော် ကြလိ့မ်မယ်လို့ထင်တယ်၊ ပြန်လည်းပျော်ရလိမ့်မယ်လို့ မျှော်လင့်တယ်၊ ပြန်ပျော်ကြတာပေါ့။"


အလားတူ နေပြည်တော်မှာလည်း မနှစ်ကအထိ ဟိုတယ်ဇုန်သင်္ကြန်ဟာ အစည်းကားဆုံးဖြစ်ခဲ့ပါတယ်၊ ဝန်ကြီးဌာနတွေရဲ့မဏ္ဍပ်တွေအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ရေကစားတဲ့ ထိုက်ချီတို ရေကစားမဏ္ဍပ်လည်း ရှိခဲ့ဖူးပါတယ်။

မြို့တော်ဝန်မဏ္ဍပ်၊ သပြေကုန်းဈေးနဲ့ နာမည်ကြီး ဥပါန်တသန္တိဘုရားတွေဟာလည်း နေပြည်တော်က အစည်ကားဆုံးဖြစ်ခဲ့ဖူးတဲ့နေရာတွေပါ။

မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးနဲ့ မဟာသင်္ကြန်ပွဲတော်မှာ အစည်းကားဆုံးဖြစ်တဲ့ မန္တလေးမြို့ကြီးဟာလည်း အသွားအလာတွေ နည်းပါးသွားတာပါ။

မန္တလေးမြို့မှာနေတဲ့ ရတနာပုံတက္ကသိုလ်ရဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ဝင် ကိုမျိုးချစ်ဇော် ကလည်း မန္တလေးနဲ့ သင်္ကြန်ကို ခွဲထားသလို ခံစားရတယ်လို့ ပြောပါတယ်။

"COVID–19 ကြောင့် ခြောက်ကပ်သွားတာကတော့ တော်တော်လေးလည်း ကွာခြားသွားတယ်၊ မြို့ရဲ့စည်းကား မှုတွေ ကမ္ဘာကျော်တဲ့ မန္တလေးသင်္ကြန်ရဲ့ ကွာခြားမှုတွေကတော့ တကယ်ကိုခြောက်ကပ်သွားတယ်၊ အရင်တုန်း ကဆို ကျုံးဘေးမှာဆို မဏ္ဍပ်တွေ၊ သံချပ်တွေ ၊ အလှပြယာဉ်တွေ ထွက်ကြတယ်ဗျာ၊ ဒါပေမဲ့ အခုအချိန်မှာ ဘာမှမရှိတဲ့အတွက် တော်တော်လေးကို ခြောက်ကပ်သွားပါတယ်၊ ပုံမှန်ထိုင်နေကြနေရာမှာအစ လူမရှိတော့ဘူး၊ ရပ်ကွက်တွေထဲမှာတောင် အသွားအလာမရှိတော့တာတောင်ရှိပါတယ်၊ အခြေအနေကတော့ သိပ်တော့ အဆင် မပြေဘူးပေါ့ဗျာ၊ သင်္ကြန်နဲ့မန္တလေးက ခွဲခြားလို့မရတာကို အခုခွဲခြားသလိုဖြစ်သွားတာပေါ့၊"

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို တားဆီးဖို့  ပြည်သူတွေ အပြင်မထွက်ကြဖို့နဲ့ သင်္ကြန်ပွဲတော် အပါအဝင် ပွဲလမ်းသဘင်တွေ မကျင်းပဖို့ အစိုးရက ကြေညာထားတာကြောင့်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။