လေတပ်အတွက် ခြိမ်းခြောက်မှုအသစ် FN-6

သန့်ဇင်ဦး
2019.11.25
fn-6-622 TNLA ဆီကနေ သိမ်းဆည်းရမိတဲ့ တရုတ်တပ်မတော်ထုတ် မြေပြင်နဲ့ ဝေဟင်ပစ်ဒုံး MANPAD FN-6 ကို တွေ့ရစဥ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဟယ်လီကော်ပတာတွေကို ပစ်ချနိုင်တဲ့ဒီလို မြေပြင်ဝေဟင်၊ လေယာဉ်ပစ်ဒုံးလက်နက်အမျိုးအစားကို ပြီးခဲ့တဲ့အပတ်က ရှမ်းမြောက် နမ့်ဆန်ဒေသမှာတပ်မတော်က ဖမ်းမိတဲ့အထဲ ပါဝင်နေပါတယ်။ အမျိုးအစားကတော့ တရုတ်တပ်မတော်ထုတ် (PLA) FN-6 MANPAD လို့ သိကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကလည်း အဲဒီလက်နက်တစ်ခုရဲ့ပေါက်ဈေးက ကန်ဒေါ်လာ ၇ သောင်းကနေ ၉ သောင်းအထိရှိတယ်လို့ ဆိုပါတယ်။ မြန်မာကျပ်ငွေသိန်းတစ်ထောင်ကျော်နဲ့ ညီမျှပါတဲ့သဘောပါ။  တအာင်းလက်နက်ကိုင်တပ်ဖွဲ့ (TNLA) အဖွဲ့ကလည်း သူတို့ရဲ့လက်နက်တွေဖြစ်ကြောင်း ဝန်ခံထားပါတယ်။

FN-6 လက်နက်ဖမ်းဆီးရရှိတာနဲ့ ပတ်သက်ပြီးတပ်မတော်ထောက်ခံသူ အသိုင်းအဝိုင်းကြားမှာတော့ ဒါဟာတပ်မတော်-လေရဲ့ တိုက်ခိုက်ရေးရေးဟတ်ယာဉ်တွေအတွက် ခြိမ်းခြောက်မှုအသစ် ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေကြပါတယ်။ New China ရုပ်သံရဲ့ ထုတ်လွှင့်ချက်အရ တရုတ်ကာကွယ်ရေးတပ်က ဒီလို FN-6 အမျိုးအစားနဲ့ ဒရုန်းတွေကို ပစ်ချတဲ့စမ်းသပ်မှုမျိုး လုပ်တာတွေ့ရပါတယ်။

၂၀၁၃ ဖေဖော်ဝါရီလတုန်းက Foreign Policy သတင်းရဲ့ဖော်ပြချက်အရ ဆီးရီးယားသူပုန်တွေဟာ အစိုးရစစ်တပ်ရဲ့ ထောက်ပို့ရဟတ်ယာဉ် Mi-8 ကိုပစ်ချခဲ့ဖူးပါတယ်။

ပုခုံးထမ်းဒုံး FN-6 ဟာတပ်မတော်-လေရဲ့ လေယာဉ်နဲ့ ဟတ်စကီးတွေကို ပစ်ချနိုင်ပါသလားဆိုတာ RFA က လေ့လာသူတွေရဲ့ သုံးသပ်ချက်တွေကိုတင်ပြသွားမှာပါ။ လက်ရှိတပ်မတော်မှာ ရုရှားထုတ် Mi-24P တိုက်ခိုက်ရေးရဟတ်ယာဉ်၊ Mi-35 တို့ကို လက်ရှိရခိုင်ပြည်နယ်နဲ့ ရှမ်းမြောက်တွေမှာစစ်မြေပြင်တွေမှာ အသုံးပြုတာကို တပ်မတော်ကထုတ်ပြန်တဲ့သတင်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းကလည်း မကွေးလေတပ်က Yak-130 လေးစီး၊ တရုတ်နိုင်ငံထုတ် ချန်ဒူး JF-17 နှစ်စီးနဲ့ MiGအမျိုးအစားတွေနဲ့ လေကြောင်းလေ့ကျင့်ရေးလုပ်တာကို တပ်မတော်-လေက သတင်းထုတ်ပြန်ထားပါတယ်။

တပ်မတော်သားဟောင်းတွေ ဦးစီးတည်ထောင်ထားတဲ့ သနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ ဒါရိုက်တာ ဦးနိုင်ဆွေဦးကတော့ FN-6 ဒုံးလက်နက်ဟာ အနိမ့်ပျံတဲ့တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေကိုပါ ခြိမ်းခြောက်နိုင်စွမ်းရှိတယ်လို့ သုံးသပ်ပါတယ်။ အဲဒီအထဲမှာ ရိုးရိုးဟယ်လီကော်ပတာလည်း ပါပါတယ်။ တပ်မတော်ကအသုံးပြုနေတဲ့ Mi-24P အမျိုးအစားဟာပေ ၁၆၀၀၀ ကျော်ထိ ပျံသန်းနိုင်ပြီးတော့ Yak 130 အမျိုးအစားဟာ ပေလေးသောင်းအထိ ပျံသန်းနိုင်ပါတယ်။

Yak-130 ရဲ့ မြန်နှုန်းဟာတစ်နာရီမိုင် ၆၆၀ ဝန်းကျင်အထိ ရှိတယ်လို့ ဦးနိုင်ဆွေဦးက ပြောပါတယ်။

FN-6 ရဲ့ပျံသန်းနှုန်းဟာ တစ်စက္ကန့်မှာ ပေ ၂၀၀၀ ဝန်းကျင်ရှိပြီးတော့၊ ပေ၁၈၀၀၀ ကျော် အကွာအဝေးနဲ့၊ အမြင့်ပေ ၃.၈ မိုင် (ပေ-၁၂၀၀၀ ကျော်) အထိပစ်ခတ်နိုင်တယ်လို့ စစ်ဖက်ဆိုင်ရာသတင်းတွေဖော်ပြနေတဲ့ army recognition မှာရေးသားထားပါတယ်။

ဦးနိုင်ဆွေဦးကတော့ ၂၀၁၇ ရှမ်းပြည်၊ မုန်းကိုးတိုက်ပွဲတုန်းက တပ်မတော်ရဲ့ တရုတ်နိုင်ငံထုတ် Nangchang A-5 ဗုံးကျဲ တိုက်လေယာဉ်အမျိုးအစားကို အမည်မသိလက်နက်ကိုင်တဖွဲ့က FN-6 နဲ့ပစ်ခတ်လို့ ထိမှန်ခဲ့တာရှိတယ်လို့ ပြောပါတယ်။  Nangchang တိုက်လေယာဉ်ရဲ့ ပျံသန်းမှု အရှိန်ဟာ Mi-24P တိုက်ခိုက်ရေးရဟတ်ယာဉ်ထက် ပိုမြန်ပါတယ်။

Mi-24P တိုက်ခိုက်ရေးရဟတ်ယာဉ်ရဲ့ အားသာချက်ကပစ်မှတ်တု (Flare) ပစ်လွှတ်ပြီး ဒုံးလက်နက်ရန်ကို ကာကွယ်နိုင်ခြင်းပဲဖြစ်ပါတယ်။ ဒါပေမဲ့ တပ်မတော်ကအသုံးပြုတဲ့ Mi-24P တွေမှာ ပစ်မှတ်တုထုတ်လွှတ်တဲ့ စနစ်တွေ ပါ၊ မပါကိုတော့တရားဝင်ထုတ်ဖော်ပြောဆိုတာမရှိလို့၊ မသိနိုင်ဘူးလို့ တပ်မတော်သားဟောင်း ဦးနိုင်ဆွေဦးက ဆိုပါတယ်။

ဧပြီလတုန်း က မြောက်ဦးမြို့အရှေ့ဖက်ကအမှတ် (၃၁) ရဲတပ်ရင်းကို ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်တိုက်ခိုက်တုန်းက တပ်မတော်ဖက်ကရုရှားထုတ် Yak-130 တိုက်လေယာဉ်တွေသုံးပြီး တိုက်ခဲ့ဖူးပါတယ်။ ရက္ခိုင့်တပ်တော် AA မှာလည်း FN-6 လေယာဉ်ပစ်ဒုံးတွေ ပိုင်ဆိုင်မှုရှိ၊ မရှိဆိုတာမသိရပေမယ့် AA ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင် ကသူ့ရဲ့ဖေ့စ်ဘွတ်မှာ FN-6 ဓါတ်ပုံကို တင်ခဲ့ဖူးတာရှိပါတယ်။

FN-6 လက်နက်တွေကို အင်အားအကြီးမားဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ “ဝ” (UWSA) ရဲ့ စစ်ရေးပြအခမ်းအနားတွေမှာလည်း တွေ့ရလေ့ရှိပါတယ်။ ဝတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူကို RFA က ဆက်သွယ်ပေမယ့် မရရှိခဲ့ပါ။

တိုင်းရင်းသားအရေးကျွမ်းကျင်သူ၊ ဗကတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ ဦးမောင်မောင်စိုးကတော့ FN-6 လို ပုခုံးထမ်းဒုံးတွေကို တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲတွေမှာ အသုံးပြုတာမျိုး မတွေ့ဖူးသလောက်ဖြစ်တာမို့ လက်နက်ရဲ့ပစ်ခတ်နိုင်စွမ်းကို မှန်းဆဖို့ခက်တယ်လို့ပြောပါတယ်။

ဒီလက်နက်တွေက…. လာအိုနဲ့ ထိုင်းနယ်စပ် … မှောင်ခိုဈေးကွက်ကနေ ရရှိတာလည်းဖြစ်နိုင်ကြောင်းပြောပါတယ်။”

တပ်မတော်ကဖမ်းတဲ့အထဲ လက်နက်ကြီးတွေဖြစ်တဲ့ RPG အကြီးအငယ် စုစုပေါင်း ၃၁ လက်၊ ချေမှုန်းရိုင်ဖယ်နဲ့စက်သေနတ်မျိုးစုံ ၁၄၆ လက်၊ ၄၀ မမ၊ ၆၀ မမမော်တာသီးတစ်ရာကျော်၊ ကျည်ဆံ လေးသောင်းကျော် မိတယ်လို့ သိရပါတယ်။ တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးကတော့ တပ်ရင်းတစ်ရင်းစာဝန်းကျင်ရှိတယ်လို့ ဆိုနိုင်ကြောင်းပြောပါတယ်။

လက်နက်ကျွမ်းကျင်သူတွေ၊ တပ်မတော်ရဲ့ ပြောကြားချက်တွေကိုအခြေခံပြီး ခန့်မှန်းတွက်ချက်ကြည့်တဲ့အခါ ဖမ်းဆီးရရှိမိတဲ့ လက်နက်ခဲယမ်းတွေရဲ့ တန်ကြေးကျပ်ငွေဟာအနည်းဆုံး သိန်း ငါးထောင် ကျော်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။