တိုင်းနဲ့ပြည်နယ်မှာ ကိုယ်ပိုင်ဖွဲ့စည်းပုံ ရေးဆွဲခွင့် အမြင်သဘောထား တင်ပြချက်

2017-05-16
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကနေ သဘောတူလိုက်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ပြုမယ့်ကိစ္စဟာ နိုင်ငံရေးမြှူဆွယ်မှုတခုလို့ တိုင်းရင်းသားတွေကရှုမြင်နေကြပါတယ်။

RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြထားပါတယ်။

၂၁ ရာစုပင်လုံညီလာခံကျင်းပနိုင်ရေးအတွက်ဒုတိယအကြော့ဆွေးနွေးပွဲတွေကို လာမယ့် မေလ ၂၄ ရက်နေ့မှာကျင်းပမှာဖြစ်ပြီး အဲဒီအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေးတွေကို ပြီးခဲ့တဲ့ရက်ပိုင်းတွေကပြုလုပ်ခဲ့ပါတယ်။ မေလ ၁၂ ရက်နေ့က အစည်းအဝေး အပြီးမှာတော့ တိုင်းနဲ့ပြည်နယ်တွေမှာ ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲခွင့်ပြုမယ်ဆိုတဲ့ သဘောထားတခုထွက်ပေါ်လာတာတွေ့ရပါတယ်။

ဒါဟာ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ပုံဖေါ်ဖို့လိုအပ်တဲ့အချက် တွေထဲက အဓိကအချက်တချက်ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီတိုင်းနဲ့ပြည်နယ်ဖွဲ့စည်းပုံတွေဟာ ပြည်ထောင်စုဖွဲ့စည်းပုံကိုကျော်လို့မရဘူးဆိုတဲ့ ချွင်းချက်ပါနေတဲ့အတွက် မြန်မာနိုင်ငံမှာ လက်ရှိ ပြဌါန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုရည်ညွှန်းသလား၊ နောက်ထပ်ပေါ်ပေါက်လာမယ့် ဖွဲ့စည်းပုံအသစ် ကိုရည်ညွှန်းသလားဆိုတာ ဒွိဟဖြစ်နေကြရပါတယ်။

ဒါနဲ့ပတ်သက်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က " ပြည်နယ်နဲ့ တိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတွေရေးဆွဲတဲ့အခါမှာ ပြည်ထောင်စု ဖွဲ့စည်းပုံကိုဆန့်ကျင်ခြင်းမရှိရဘူးဆိုတဲ့ ချွင်းချက်ပါတယ်ဗျ၊ သူ့ဟာသူဆွဲချင်တိုင်းဆွဲလို့မရဘူး။ ပါတဲ့အတွက် ဒီနေ့ထိ ပြည်ထောင်စုအခြေခံဥပဒေဆိုတာ ၂၀၀၈ ကိုယူရမလား၊ ဒါမှမဟုတ် အသစ်ကိုယူရမှာလားဆိုတာ မရှင်းလင်းသေးဘူး။ အဲဒါကြောင့် ဒီဟာကဘယ်လိုပဲခွင့်ပြုခွင့်ပြု၊ လက်တွေ့မှာဘာမှလုပ်လို့ မရသေးဘူး" လို့ ဆိုပါတယ်။

ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်ကလည်း "တိုင်းဒေသပြည်နယ်များ၏ဖွဲ့စည်းပုံရေးဆွဲ ခွင့်ပြုသည်ဆိုတဲ့မူဝါဒတခုအတည်ပြုလိုက်ပြီဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကိုကျော်လွန်ပြီးစဉ်းစားမယ်ဆိုရင် အခုရပိုင်ခွင့်ကို စောပြီးယူလိုက်တယ်ဆိုတာဟာ၊ မှန်ကန်တဲ့ချဉ်းကပ်မှုတခုလို့လည်း သုံးသပ်လို့ ရတာပေါ့။ ၂၀၀၈ အတိုင်းပဲဆိုရင်တော့ဖြင့် အခုပေးတဲ့ ပြည်နယ် တိုင်းဒေသကြီးဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ၊ ပိုပြီးတော့တောင် ကျဉ်းကျပ်သွားနိုင်ပါတယ်" လို့ သုံးသပ်ပါတယ်။

တကယ်တော့ NCA အပစ်ရပ်စာချုပ်မှာလက်မှတ်မထိုးရင် ၂၁ ရာစုပင်လုံညီလာခံဆွေးနွေးပွဲတွေ တက်ခွင့်မရှိဘူး၊ တက်ခွင့်ပြုမယ်ဆိုရင်တောင် အထူးဖိတ်ကြားထားတဲ့ ဧည်သည်အနေနဲ့ပဲတက်ရ မယ်ဆိုတဲ့အကန့်အသတ်တွေကြောင့်၊ အခုလာမယ့် ဆွေးနွေးပွဲတွေမှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေ စုံစုံညီညီ တက်ကြမှာလားဆိုတာ ဘယ်သူကမှ တိတိကျကျ မပြောနိုင်သေးတဲ့အနေအထား မှာတွေ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရထိပ်ပိုင်းခေါင်းဆောင်အဖြစ် တာဝန်မရခင်မှာ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ NCA စာချုပ်ကို အစောတလျင်လက်မှတ်မထိုးကြဖို့ တိုက်တွန်းခဲ့ပြီး၊ အစိုးရထိပ်ပိုင်းတာဝန်ရလာတဲ့အခါမှာတော့ NCA စာချုပ်ကို ရဲရဲဝံ့ဝံ့လက်မှတ်ထိုးကြပါလို့ တိုက်တွန်းတာကလဲ တိုင်းရင်းသားတွေအတွက် အကြွင်းမဲ့ယုံကြည်လက်ခံဖို့ခက်လာတယ်လို့ ဝေဖန်ထောက်ပြသူတွေရှိပါတယ်။

ဒါပေမယ့် မွန်ပြည်သစ်ပါတီနဲ့ ကရင်နီ KNPP အဖွဲ့တို့လို UNFC ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်းနေတဲ့အတိုင်း NCA စာချုပ်ကို လက်မှတ်ထိုးပြီးဆွေးနွေးပွဲတွေတက်မယ်လို့ သေချာသလောက်နီးပါးပြောဆိုခဲ့ကြပါတယ်။ ဒီလိုပြောထားပေမယ့်လဲ သူတို့အဖွဲ့တွေတောင်းဆိုထားတဲ့ အချက် (၈) ချက်ကို စစ်တပ်ဖက်က သဘောမတူနိုင်သေးတဲ့အတွက် မေလ ၂၄ ရက်နေ့မှာ ပြုလုပ်မယ့်အစည်းအဝေးအမှီလက်မှတ်ထိုးဖို့ အချိန်မမီတော့သလို၊ ဆွေးနွေးပွဲတက်ဖို့ အခက်အခဲတွေရှိနေသေးတာတွေ့ရတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

UNFC ကအဆိုပြုထားတဲ့ အချက် (၈) ချက်ကိုပြန်ဖေါ်ပြရရင် ၁။ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲ ကြောင်း အားလုံးကကြေညာဖို့ ၂။ ဖက်ဒရယ် ပြည်ထောင်စုကို ၂၁ ရာစုပင်လုံ သဘောတူညီချက်နှင့်အညီ တည်ဆောက်ဖို့။ ၃။ နှစ်ဖက်လိုက်နာရမယ့် အပစ်ရပ်ရေးဆိုင်ရာ စည်းကမ်း၊ တပ်ပိုင်းဆိုင်ရာ ကျင့်ဝတ်နှင့် စောင့်ကြည့် ရေးလမ်းညွှန်တို့ကို ကြိုတင်သဘောတူညီချက်ရယူဖို့။ ၄။ ပါဝင်သင့်တဲ့ သူတွေ ပါဝင်တဲ့ အပစ်ရပ် ပူးတွဲစောင့်ကြည့်ရေးကော်မတီအပြင် နိုင်ငံတကာအစိုးရ ကိုယ်စားလည်တွေပါတဲ့ ကြီးကြပ်စောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းသွားဖို့။ ၅။ နိုင်ငံရေးဆွေးနွေးပွဲကို ၃ ပွင့်ဆိုင်အခြေခံ ပေါ်ကနေ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါဝင်စေဖို့။ ၆။ ၂၁ ပင်လုံကနေထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေအပေါ် အခြေခံပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေတွေရေးဆွဲပြဌာန်းဖို့။ ၇။ အပစ်ရပ် ဒေသတွင် ဒေသလူထုအပေါ် သက်ရောက်မှု ကြီးသည့် စီမံကိန်းကြီးတွေ ဆောင်ရွက်မယ်ဆိုရင် ဒေသလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင်တွေကိုပါ ဆွေးနွေးသဘောတူဖို့။  ၈။ NCA နှင့် နောက်ဆက်တွဲ သဘောတူညီချက်တွေ၊ လိုက်နာရမယ့် စည်းကမ်းချက်တွေ ပြေလည်မှုမရှိရင် နိုင်ငံတကာက နှစ်ဖက်သဘောတူညီတဲ့ တရားသူကြီးတွေ၊ ဥပဒေပညာရှင်တွေနဲ့ တရားစီရင်ရေး ခုံရုံးဖွဲ့ပြီး လွတ်လပ်စွာ တရားစီရင်ခွင့်ပြုဖို့တို့ ဖြစ်ပါတယ်။

မေလ ၂၄ ရက်နေ့မှာကျင်းပမယ့် ဆွေးနွေးပွဲမတိုင်ခင် စစ်တပ်ဘက်က အဲဒီအချက် (၈) ချက်ကို သဘောမတူသေးရင်၊ လတ်တလောမှာ NCA စာချုပ်ကိုလက်မှတ်ထိုးထားပြီး နောက်ပိုင်းမှာ ဆက်ဆွေးနွေးဖို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌဒေါက်တာတင်မျိုးဝင်းက တိုင်းရင်းသားအဖွဲ့တွေကို နားချတယ်လို့ သိရပါတယ်။ ဒီလိုပြောဆိုထားသလားဆိုတာ ဒေါက်တာတင်မျိုးဝင်းကို ဆက်သွယ်မေးမြန်းအတည်ပြုဖို့ကြိုးစားပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒါကြောင့် လူစုံဖို့မသေချာတဲ့ ဒုတိယ အကြော့ဆွေးနွေးပွဲမတိုင်ခင်မှာ တိုင်းရင်းသားတွေသဘောကျနိုင်လောက်တဲ့ တိုင်းနဲ့ပြည်နယ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးခွင့်ပြုဖို့ UPDJC ကသဘောတူတယ်ဆိုတဲ့အကြောင်းထွက်ပေါ်လာတာလို့ သုံးသပ်ကြပါတယ်။

ဒါနဲ့ပတ်သက်လို့ ANP ပါတီခေါင်းဆောင် ဒေါက်တာအေးမောင်က "တိုင်းနဲ့ပြည်နယ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေရေးခွင့်ပြုတယ်ဆိုတာကတော့ဖြင့် လာမယ့်ညီလာခံကို နည်းနည်းလေး ပိုအာရုံစူးစိုက်နိုင်အောင် အဲဒီအသုံးအနှုန်းလေးကိုစပြီး သဘောတူတယ်လို့ထင်တယ်" လို့ ပြောပါတယ်။

SNLD ပါတီအထွေထွေအတွင်းရေးဦးစိုင်းညွန့်လွင်ကလည်း" ဒါကလက်တွေ့မှာ လုံးဝမဖြစ်နိုင်သေးဘူး။ အောက်မှာ သုံးထပ်တို့ ဖောင်ဒေးရှင်းတို့ဘာမှမချသေးပဲနဲ့ လေးထပ်ကိုအရင်ဆောက်လိုက်တာပဲ" လို့ သုံးသပ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် NCA စာချုပ်ကိုလက်မှတ်ထိုးမယ်လို့ ဆန္ဒရှိနေတဲ့ တိုင်းရင်းသားအဖွဲ့တွေက သူတို့အဆိုပြုထားတဲ့အချက် (၈) ချက်နဲ့ပတ်သက်လို့ သဘောတူညီမှုမရသေးသလို၊ NCA စာချုပ်ကို မစဉ်းစားတော့ပဲ နိုင်ငံရေးဆွေးနွေးပွဲတွေပြုလုပ်နိုင်မယ့်လမ်းကိုရွေးမယ်လို့ ကြေညာထားတဲ့ မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့တွေရဲ့ အခြေအနေကလည်း ရှိနေပါတယ်။

ဒါကြောင့် တိုင်းနဲ့ ပြည်နယ်တွေမှာကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခွင့်ပြုမယ်ဆိုတဲ့ ကိစ္စဟာ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြော့အစည်းအဝေးကျင်းပဖို့ ပြင်ဆင်နေတဲ့ ဒီကာလအတွင်း နိုင်ငံရေးမြူဆွယ်မှုတခုသာဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက သံသယရှိနေကြတာ တွေ့ရပါတယ်ခင်ဗျာ။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့