နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေးနေ့

2014-11-25
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

အင်္ဂါနေ့က ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေနဲ့ ထားဝယ်မြို့တွေမှာ အမျိုးသမီးအဖွဲ့တွေက ဦးဆောင်ကျင်းပခဲ့ကြသလို အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ကလည်း မြန်မာတပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

အပြည့်အစုံကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က လေ့လာပြုစုခဲ့တဲ့ အစီရင်ခံစာထဲမှာ မြန်မာ့တပ်မတော်က တိုင်းရင်းသားဒေ သခံ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဘက်မှုတွေ ဆက်လက်ပြု လုပ်နေဆဲဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ အစီရင်ခံစာထဲမှာ မြန်မာတပ်မတော်က အုပ်စုဖွဲ့အဓမ္မပြုကျင့်မှုအပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြိုးစားခဲ့အမှုပေါင်း ၁၁၈ ခုရှိတယ်လို့လည်း ရေးသားထားပါတယ်၊ တိုင်းရင်းသားဒေသခံ အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာတွေဟာ ကရင်၊ ရှမ်း၊ ကချင်ပြည်နယ်တွေမှာ အများဆုံးတွေ့နေရတယ်လို့ အစီရင်ခံစာကို လေ့လာပြုစုခဲ့တဲ့ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) အမှုဆောင်အဖွဲ့ဝင် ရှမ်းအမျိုးသမီးရေးရာ လှုပ်ရှားဆောင်ရွက်ရေးကွန်ရက် ပြောခွင့်ရသူ ဒေါ်ရေးဟန်ဖက ပြောပါတယ်။

"အခုပဋိပက္ခဖြစ်ပွားတဲ့ နယ်မြေမှာပေါ့နော် ဥပမာ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ် နောက်ပြီးတော့ ချင်းပြည်နယ် နောက်ပြီးတော့ မြန်မာပြည်အောက်ပိုင်းမှာရှိတဲ့ ထားဝယ်တို့ မွန်ဒေသတွေမှာပေါ့နော်၊ အဲ့ဘက် မှာတော့ ပဋိပက္ခတော့ မဖြစ်ပေမဲ့လည်း သူတို့မှာလည်း အဲ့လိုမျိုး အကြမ်းဖက်ခံရမှုတွေ ခံရတာတွေရှိတယ်လေ၊ အဓိကကတော့ ကျမတို့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်မှာ ပိုများတာပေါ့နော်၊ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက အခုထက်ထိဖြစ်ပွားနေတဲ့အကြောင်းကို ကျမတို့က မီးမောင်းထိုးပြထား တယ်၊ နောက်ပြီးတော့ စစ်အစိုးကနေပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားတယ်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေလည်း သူတို့ဖော်ဆောင်နေတယ်ဆိုပေမဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်နေတယ်၊ အဲ့ဒီတိုက်ပွဲတွေ ဆက်လက်ဖြစ်နေတဲ့အတွက် ပဋိပက္ခဖြစ်တဲ့ဧရိယာမှာ စစ်သားတွေက တပ်အင်အားထပ်ဖြည့်တယ်၊ နောက်ပြီးတော့ မုဒိန်းကျင့်မှုလည်း ဆက်လက်ရှိနေတယ် ဆိုတဲ့အကြောင်းကို ကျမတို့က ဖော်ပြထားတာ ဖြစ်ပါတယ်ရှင့်"

အဲ့ဒီ အစီရင်ခံစာကို ၂ဝ၁ဝ ခုနှစ်ကနေ ၂ဝ၁၄ ခုနှစ်အတွင်း မြန်မာတပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား စစ်ပွဲတွေအကြား ကချင်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေကို အဓိကထား ရေးသားခဲ့တာဖြစ်ပြီး ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးခန်းမှာ အစီရင်ခံစာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါ တယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာတပ်မတော်ရဲ့ တပ်စခန်းတွေပိုများလာတဲ့အတွက် ဒေသခံ အမျိုးသမီးတွေဟာ လုံခြုံမှုမရှိသလို ဖြစ်နေတယ်လို့ တအာင်းပလောင် အမျိုးသမီးအဖွဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါ်ဒွေးဖိုးပိန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ရှမ်းပြည်မြောက်ပိုင်းမှာဆိုရင် အရင်ထက်စာရင် တပ်ရင်းတွေပိုပြီးတော့ တိုးပွားလာတယ်၊ အဲ့ဒီတပ်ရင်းတွေ တိုးလာတဲ့အတွက်ကြောင့်မို့ ကျမတို့ ပြည်သူလူထုရဲ့ ဘဝလုံခြုံမှုက လုံဝမရှိပါဘူး၊ အထူးသဖြင့် ကျမတို့ အမျိုးသမီးတွေက ပိုပြီးတော့မှ ဘဝလုံခြုံမှုတွေမရှိဘူး၊ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာ စော် ကားခံရတယ်၊ ကျမ ဥပမာတစ်ခုပေးရမယ်ဆိုရင် ကျမတို့ စစ်တမ်းကောက်ချက်အရဆိုရင် ကွတ်ခိုင်မှာရှိတဲ့ ၅၆၇ တပ်ရင်း မြန်မာတပ်ရင်းကနေပြီးတော့ ၁၄ နှစ်အရွယ်ရှိတဲ့ ကချင်အမျိုးသမီးကို သူတို့မုဒိန်းကျင့်လိုက်တယ်၊ ပြီးလို့ရှိရင် ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ သိတဲ့ကျေးရွာလူထုတွေသိတယ်၊ ဆွေမျိုးတွေသိတယ်၊ တိုင်ကြားတယ် ဒါပေမဲ့ ဘာမှအပြစ်ပေး အရေးယူမှုတွေ ဘာတစ်ခုမှမရှိဘူး"

ဒီနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးအထိမ်းအမှတ် အခမ်းအနားတွေ ကို ရန်ကုန်မြို့ စိမ်းလမ်းစိုပြေဥယျာဉ်မှာ အမျိုးသမီးအဖွဲ့တွေက ဦးဆောင်ကျင်းပခဲ့သလို စစ်တွေနဲ့ ထားဝယ်မြို့တွေမှာလည်းအလားတူ လှုပ်ရှားမှုအခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်ခင်ဗျား၊ စစ်တွေမြို့ပေါ်မှာဆိုရင် အမျိုးသမီးအဖွဲ့တွေက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရပ်တန့်ဖို့တိုက်တွန်းတဲ့ စာရွက်တွေဝေခဲ့သလို ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့ပါတယ်၊ ဒီနေ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး လှုပ်ရှားမှုတွေဟာ လူထုကိုပညာပေးတာဖြစ်တယ်လို့ ရခိုင်အမျိုးသမီးအဖွဲ့ ဒုတိယဥက္ကဌ ဒေါ်စောစံငြိမ်းသူက ပြောပါတယ်။

"တိုက်ပွဲတွေဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတလျှောက်မှာ ဆိုလို့ရှိရင်လည်း မုဒိန်းမှုတွေက အများကြီးဖြစ်ပေါ်နေ တယ်ဆိုတာ ရှိတယ်ပေါ့၊ အဲ့ဒီလိုမျိုး မုဒိန်းမှုတွေဖြစ်နေတဲ့ဟာတွေလည်း ကျူးလွန်တဲ့သူတွေကို တရားဥပဒေအရ အရေးယူဆောင်ရွက်နိုင်ဖို့ဆိုတဲ့ ကိစ္စတွေနဲ့အမျိုးသမီးတွေအပေါ် အကြမ်းဖက်တယ်ဆိုတဲ့ဟာက ဘာကိုဆိုလို လဲဆိုတဲ့ဟာကို ပြည်သူလူထုကနေသိပြီးတော့ တစ်ဦးတစ်ယောက်ချင်းစီအနေနဲ့လည်း ကာကွယ်စောင့်ရှောက် မှုတွေ ပေးနိုင်အောင် တနည်းအားဖြင့်လည်း အသိပညာပေးတဲ့အနေနဲ့ ကျမတို့လုပ်တာဖြစ်ပါတယ်"

ဒီနေ့မှာကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေး အခမ်းအနားတွေကို ရန်ကုန်၊ စစ်တွေ၊ ထားဝယ် စတဲ့မြို့ကြီးတွေမှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်းသိရပါတယ် ခင်ဗျား။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့