အကြမ်းဖက်ခံရမှုကာကွယ်မယ့်ဥပဒေ အားနည်းချက်များ

2018-11-26
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး လှုပ်ရှားမှုပိုစတာ။
အမျိုးသမီးများ အကြမ်းဖက်ခံရမှုပပျောက်ရေး လှုပ်ရှားမှုပိုစတာ။
(Image: UN Women)

မြန်မာနိုင်ငံမှာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအပေါ် ဥပဒေပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှု အားနည်းတယ်လို့ အမျိုးသမီးအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြကြပါတယ်။

အဲဒီဝေဖန်မှုတွေအပေါ် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အမြင်တွေကို RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကြမ်းဖက်ခံရမှုကာကွယ်မယ့်ဥပဒေ အားနည်းချက်များ

(သီရိမင်းဇင်)

မနေ့က ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ကစပြီး ၁၆ ရက်တာ လှုပ်ရှားမှုတွေကို အမျိုးသမီး အဖွဲ့အစည်းတွေက စတင်လုပ်ဆောင်နေကြပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကနေ အကာအကွယ်ပေးနိုင်ဖို့ သီးသန့်ခိုင်မာတဲ့ ဥပဒေတွေ မရှိသေးတဲ့အပေါ် အတော်များများက ထောက်ပြကြပါတယ်။

အဓိကအနေနဲ့ မုဒိမ်းမှုတွေအပါအဝင် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ မလုပ်ဆောင်နိုင်သေးတဲ့အတွက် ကျူးလွန်မှုတွေ ပိုများလာတဲ့ အပေါ်မှာလည်း ဝေဖန်မှုတွေ ရှိနေတာပါ။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်သူတွေအတွက် ထိရောက်တဲ့ပြစ်မှုတွေပေးနိုင်တဲ့ ခိုင်မာတဲ့ ဥပဒေတစ်ခုရှိဖို့ လိုအပ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ပညာရေး၊ ကျန်းမာရေးနဲ့ အမျိုးသမီး၊ ကလေးသူငယ်ဆိုင်ရာ မြှင့်တင်မှု ကော်မတီဝင် တစ်ဦးလည်းဖြစ် သိန်းနီမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်နန်းခင်ထားရီ က ပြောပါတယ်။

"အမျိုးသမီးတွေကို ကာကွယ်မယ့် ဥပဒေက တစ်ခု ခိုင်ခိုင်မာမာ ဘာမှမရှိသေးဘူးလေ၊ ဥပဒေရေးဆွဲပြီး လုပ်တာ ပြစ်ဒဏ်တွေဆို ပိုပြီးထိရောက်တာပေါ့နော်၊ ခုကျတော့ ပြစ်ဒဏ်ချတာဆိုရင်လည်း တစ်သက် တစ်ကျွန်းဆိုရင်တောင်မှ နှစ်၂၀ ပဲလေ၊ သေဒဏ်ဆိုလည်း မုဒိမ်းမှုတွေမှာ ကျူးလွန်ခံရတဲ့ ကာယကံရှင် က သေမှပဲ ကျူးလွန်သူကို သေဒဏ်ချတယ်၊ အဲဒါကြောင့် ကျမတို့က အမျိုးသမီးတွေကို ကာကွယ်တဲ့ ဥပဒေတစ်ခု ပြဋ္ဌာန်းလိုက်ရင် ဒီဥပဒေအတိုင်း အကောင်အထည်ဖော်ရမှာမို့လို့ ဒါကတော့ မရှိမဖြစ် လိုအပ်တယ်"

တစ်ဘက်ကလည်း ဥပဒေပိုင်းအရ အကာအကွယ်ရယူဖို့ ကြိုးစားတဲ့ အမျိုးသမီးတွေ ထွက်ပေါ်လာဖို့လည်း တိုက်တွန်းကြပါတယ်။

အကြမ်းဖက်မှုခံရတဲ့ အမျိုးသမီးတွေကိုယ်တိုင် ဥပဒေကြောင်းအရ ရင်ဆိုင်လာရဲအောင်  အသိပညာပေးတာတွေ၊ ဘေးပတ်ဝန်းကျင်ရဲ့ ကူညီဖေးမမှုတွေ လိုအပ်တယ်လို့ သုံးသပ်ကြသူတွေလည်း ရှိပါတယ်။

ဒီအကြောင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီရဲ့ တိုင်းအဆင့် ကော်မတီဝင်တစ်ဦးဖြစ်သလို စစ်ကိုင်းတိုင်း ကလေးမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် တစ်ယောက်လည်းဖြစ်တဲ့ ဒေါ်သန့်ဝေကျော် က အခုလို ပြောပါတယ်။

"ဥပဒေပညာရှင်တွေဘက်ကကျတော့လည်း ဥပဒေတွေက အမျိုးသမီးတွေကို ကာကွယ်ပေးထားတယ် ပေါ့လေ၊ ဒါပေမဲ့အရပ်ထဲမှာ ကြုံနေရတဲ့ဖြစ်ရပ်တွေနဲ့ယှဉ်ရင် ဥပဒေပညာရှင်တွေပြောတာ အထိုက်အလျောက်တော့ မှန်တယ်၊ ဥပဒေလမ်းကြောင်းအတိုင်း မသွားနိုင်ဘဲနဲ့ အကြမ်းဖက်မှုတွေက အောက်ခြေမှာပဲ ဂုဏ်သိက္ခာပိုင်း အရသော်လည်းကောင်း အခြေနေအမျိုးမျိုးနဲ့ ဥပဒေလမ်းကြောင်း အတိုင်းမသွားနိုင်ဘဲ ဖြစ်နေတဲ့ အရာတွေလည်း အများကြီးရှိတယ်၊ ရှိထားတဲ့ ဥပဒေတွေ၊ နောက်ထပ် ပြုဖို့လိုတဲ့ ဥပဒေတွေအပြင်ကို တကယ်ဒီဥပဒေတွေဟာ အမျိုးသမီးတွေကို အကာကွယ်ပေးနိုင်မယ့် လမ်းကြောင်းဆီအထိ ဆွဲခေါ်နိုင်မှုအပိုင်း ကိုပါ စဉ်းစားဖို့လိုပြီလို့၊ ဥပဒေရဲ့ လိုအပ်ချက်တင် ထောက်ပြလို့ မရဘူး၊ လူမှုဝန်းကျင်ပိုင်းက ဘယ်လောက်ထိ သူတို့ကို အကာကွယ်ပေးနိုင်လဲပေါ့၊ အဲဒီအခန်းကဏ္ဍတွေပါ ပြောဖို့လိုမယ်"

ဒါ့အပြင် အမျိုးသမီး အခွင့်အရေး ကာကွယ်ပေးဖို့ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေထဲမှာကိုပဲ လိင်ပိုင်းဆိုင်ရာ ထိပါးခံနေရတဲ့ အမျိုးသမီးတွေရှိနေတာကို ကြားလာရတဲ့အတွက် ဒီလိုကိစ္စမျိုးတွေကို ဖုံးကွယ်မနေဘဲ အမျိုးသမီးတွေဘက်က ရဲရဲဝံ့ဝံ့ ရပ်တည်ပေးကြဖို့ လိုအပ်ကြောင်းလည်း ဒေါ်သန့်ဝေကျော် က ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်ရဲ့ စစ်တမ်းတွေအရ မုဒိမ်းမှုအပါအဝင် အမျိုးသမီးတွေ အကြမ်းဖက်ခံရလို့ဆိုပြီး ရဲစခန်းမှာ လာရောက်တိုင်ကြားတဲ့အမှုတွေဟာ ၂၀၁၇ မှာဆိုရင် ၂၀၁၆ ခုနှစ်ကထက် ရာနဲ့ချီ မြင့်တက်လာတာကို တွေ့ရပါတယ်။

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး လက်ရှိဥပဒေတွေထဲမှာပဲ အကာအကွယ်ပေးထား တာတွေရှိနေပေမယ့် ဌာနဆိုင်ရာအဆင့်ဆင့်နဲ့ ဆက်သွယ်ဆောင်ရွက်ရတဲ့ချိန်မှာ အခက်အခဲတွေရှိတဲ့အကြောင်း ရန်ကုန်တိုင်း ကျောက်တံတားမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ကြည်ပြာ က အခုလို ထောက်ပြပါတယ်။

"ရှိပြီးသား ဥပဒေတွေနဲ့ပတ်သက်ပြီးတော့ လုပ်လို့ရတာတွေရှိတယ်၊ ဒါပေမဲ့ အကောင်အထည်ဖော်မှု အပိုင်းကျတော့ ပြဿနာက ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေ အကြမ်းဖက်မှု ဖြစ်ပြီဆိုရင် အရင်ဆုံးစပြီး ဆက်သွယ်ကြတာက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ နောက်မှ ရဲစခန်းပေါ့၊ အဲဒီဌာနအဆင့်ဆင့်မှာလည်း ဆောင်ရွက်ပေးတဲ့အခါမှာလည်း အားနည်းချက်တွေ အများကြီးရှိတယ်၊ ရဲစခန်းသွားပြီဆိုရင် ကိုယ့်ရဲ့ အကြောင်းတစ်စုံတစ်ရာကို ပွင့်ပွင့်လင်းလင်းပြောပြဖို့ အမျိုးသမီး ရဲမေ ရှိချင်မှရှိမယ်၊ ရှိတယ်ဆိုရင်လည်း ကူညီပေးမှုအပိုင်းမှာ လိုလိုလားလားပုံစံမျိုး မရှိတာတွေကြောင့် မပြောရဲမဆိုရဲ ဖြစ်ပြီးတော့ ဒီဟာမျိုးက ကိုယ့်ဟာကိုယ် ပြေလည်အောင်ပဲ လုပ်လိုက်ဆိုတာမျိုးနဲ့လည်း အမှုမဖွင့်ပေးချင်လို့ လုပ်တာမျိုးတွေပေါ့၊ စသဖြင့် ရဲစခန်းကစပြီးတော့ အမျိုးသမီးတွေအပေါ် ကူညီပံ့ပိုးမှု အားနည်းလိုက်တာ၊ အဆင့်ဆင့် အားနည်းသွားတဲ့အခါကျတော့ ကာကွယ်ပေးမှု နည်း သလိုဖြစ်နေတာပေါ့နော်"

လက်ရှိမှာတော့  အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေမူကြမ်းကို လူမှုဝန်ထမ်း ဦးစီးဌာနက ရေးဆွဲပြီး ပြီးခဲ့တဲ့ မတ်လအတွင်းက ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ထားတာ ရှိပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဌာနခွဲက ညွှန်ကြားရေးမှူး ဒေါ်နော်သဝါး က အခုလို ပြောပါတယ်။

"အဲဒီဥပဒေက စိစစ်ပြီးသွားလို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထောက်ခံချက်နဲ့ ကျမတို့ကို ထပ်ပြီးတော့ ဆောင်ရွက်ဖို့ မကြာခင် စာထုတ်မယ်လို့ သတင်းရပါတယ်၊ အထက်က လက်မှတ်ထိုးဖို့ စောင့်နေတယ်ပေါ့လေ၊ ပြီးရင်တော့ ကျမတို့ဆီ ပြန်ပို့မှာပါ"

အဲဒီမူကြမ်းမှာ အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မှုကျူးလွန်ရင် အမြင့်ဆုံးသေဒဏ်အထိ အပြစ်ပေးနိုင်ပြီး ကလေးငယ်တွေနဲ့ မသန်စွမ်းတွေအပေါ်မှာ ကျူးလွန်ရင် ထောင်ဒဏ်နှစ် ၂၀ ကနေ အကျဉ်းထောင်ထဲမှာ သေဆုံးတဲ့အထိ တစ်သက်တစ်ကျွန်း ကျခံရနိုင်တဲ့ ပြစ်ဒဏ်တွေ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။

ဒီဥပဒေမူကြမ်းကို လွှတ်တော်ထံ ဆက်လက်တင်သွင်းပြီး အတည်ပြုချက်ရပြီဆိုရင် ၆ လအတွင်း နည်းဥပဒေတွေ ဆက်ပြီး ရေးဆွဲပြဌာန်းနိုင်မှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူအပြစ်ပေးမှု အားနည်းတာကြောင့် မုဒိန်းမှုတွေနဲ့ အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် ခိုင်မာတဲ့ ဥပဒေတရပ် ပေါ်ထွန်းလာဖို့ကို အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက မျှော်လင့်နေကြပါတယ်ရှင်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့