ယာယီသက်သေခံကတ်ပြားတွေ ပြန်လည်အပ်နှံဖို့အကြောင်း တင်ပြချက်

2015-02-12
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ

ယာယီသက်သေခံကတ်ပြားတွေရဲ့သက်တမ်းဟာ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား ပြန်လည်အပ်နှံဖို့ နိုင်ငံတော်သမ္မတက မနေ့ကရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

သမ္မတရဲ့ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပတဲ့အခါ ယာယီသက်သေ ခံလက်မှတ် ကိုင်ဆောင်ထားသူတွေ မဲပေးခွင့်ရှိတယ်လို့ပါရှိတဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေကို နိုင်ငံတော် သမ္မတက လက်ရှိမှာတော့ ယာယီလက်မှတ်ရေးထိုး အတည်ပြုပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ ယာယီ အဲ့ဒီလက်မှတ်ကိုင်ဆောင်ထားသူတွေကို လာမယ့် မတ်လ ၃၁ ရက်နေ့ သက်တမ်းကုန် မယ်လို့ ကြေညာလိုက်တဲ့အတွက် သူတို့ဟာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ မဲပေးခွင့်  မရှိတဲ့အနေအထားတွေ ဖြစ် လာပါတယ်။

မိုးပွင့်အထူစီမံချက်အဖြစ် တစ်နိုင်ငံလုံးမှာ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးရေးလုပ်ငန်းစဉ်ကို ဆောင်ရွက် မှာ ဖြစ်တာကြောင့် ယာယီထုတ်ပေးထားတဲ့ သက်သေခံလက်မှတ်တွေကို ကုန်ဆုံးရက် သတ်မှတ်ပြီး သိမ်းဆည်း တာ ဖြစ်တယ်လို့ သမ္မတရဲ့ကြေညာချက်မှာ ပါရှိပါတယ်။

သမ္မတရဲ့ ကြေညာချက်အရဆိုရင် ယာယီသက်သေခံ လက်မှတ်ဆိုတာ မရှိတော့ပဲ ပြည်လူံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေမှာပါတဲ့အချက်ဟာ အဓိပ္ပါယ်မရှိတော့ပါဘူး။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မေလအတွင်း ကျင်းပဖြစ်ရင် လက်ရှိယာယီကိုင်ထားသူတွေအနေနဲ့ မဲပေးခွင့်ဆုံးရှုံးမယ့် အနေအထားရှိတယ်လို့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါတယ်။

ဦးရွှေမောင်

နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ရှသူတွေ၊ ပျက်စီးသူတွေ၊ အသက်မပြည့်သူတွေ လုပ်ငန်းဆောင်ရွက်တဲ့အခါ၊ ခရီးသွားလာတဲ့အခါ အဆင်ပြေအောင် ယာယီသဘောအဖြစ် အစိုးရက ယာယီသက်သေခံလက်မှတ် ထုတ်ပေး ထားတာဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၆ဝ နီးပါး ယာယီလက်မှတ်သာ ကိုင်ဆောင်ထားသူတွေ လည်း ရှိနေတယ်လို့ သိရပါတယ်။

ယာယီသက်သေခံလက်မှတ်အရေးနဲ့ ပတ်သက်ပြီး သမ္မတရဲ့ဆောင်ရွက်ချက်အပေါ် အမျိုးသား လွှတ်တော်ကိုယ် စားလှယ် ဦးလှဆွေက သူ့အမြင်ကို အခုလိုပြောပါတယ်။

ဦးလှဆွေ

ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေဟာ နိုင်ငံသားစိစစ်ရေးလက်မှတ် ရရှိဖို့အတွက် ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးနည်းဥပဒေနဲ့အညီ စစ်ဆေးခံရမှာဖြစ် ပါတယ်။

သမ္မတအနေနဲ့ အခုလိုကြေညာချက် ထုတ်ပြန်လိုက်တာဟာ ဥပဒေနဲ့ညီညွတ်ပေမယ့် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေမှာ နိုင်ငံသားဖြစ်ခွင့် မရနိုင်သူတွေပါဝင်ရင် သူတို့ကို ဘယ်လိုလုပ် ဆောင်ပေးသွားမယ် ဆိုတာ အသေအချာစီမံဖို့လိုတယ်လို့  တရားလွှတ်တော် ရှေ့နေဦးကိုနီက ပြောပါတယ်။

ဦးကိုနီ

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင်ရေးဥပဒေ၊ နည်းဥပဒေတွေအရ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေကို လက်မှတ်အပ်နှံပြီး ပြန်လည်စိစစ်တဲ့အခါ နိုင်ငံသားမဟုတ်သူတွေတွေ့ရှိရင် အဲ့ဒီသူတွေအတွက် ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို အစိုးရက လေ့လာသုံးသပ် အကြံပြုရေးကော်မရှင်ဖွဲ့စည်း ပြီး ဆုံးဖြတ်သွားဖို့ရှိပါတယ်။

နိုင်ငံတော်သမ္မတက အခုလိုကြေညာချက် ထုတ်ပြန်တာဟာ ယာယီသက်သေခံလက်မှတ် အရေးကို ပြတ်ပြတ် သားသား ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး ကပြောပါတယ်။

ဦးဇော်ဌေး

တစ်နိုင်ငံလုံးမှာ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူအရေအတွက် ၁၅ သိန်းဝန်းကျင် ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ခန့်မှန်းတွက်ဆပေမဲ့ အရေအတွက်အတိအကျ ထုတ်ပြန် ချက်မရှိပါဘူး။

ခန့်မှန်း ၁၅ သိန်းဝန်းကျင်မှာ ၁၁ သိန်းခန့်ဟာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြသူတွေဖြစ်ပြီး ကျန် ၄ သိန်းကတော့ ဝ၊ကိုးကန့်စတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေအပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နေထိုင်ကြသူတွေလို့ တွက်ဆမှုတွေရှိပါတယ်ရှင်။

ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့