ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း ထိန်းချုပ်မှုဘာကြောင့်အားနည်းနေရလဲ

နေမျိုးထွန်း
2020-10-02
Share

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်များပြားလာတာဟာ သတိနဲ့ နေထိုင်ကြဖို့ ပျက်ကွက်ခဲ့တာကြောင့်ဖြစ်တယ်လို့ လေ့လာသူအများအပြားက ထောက်ပြနေကြပါတယ်။ တချို့ကလည်း စီမံခန့်ခွဲသူရဲ့ ခေါင်းဆောင်မှုကလည်း အရေးကြီးတယ်လို့ ဝေဖန်ပါတယ်။

မြန်မာနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းဟာ ရန်ကုန်မြို့ကို အများဆုံးရိုက်ခတ်ခဲ့ပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု တစ်ရက်ကို ထောင်ဂဏန်းအထိ စစ်ဆေးတွေ့ရှိလာရသလို သေဆုံးသူတွေလည်း တိုးလာနေပါတယ်။

ဒုတိယလှိုင်းကူးစက်မှုမှာ မျှော်လင့်တာထက် ကူးစက်ပျံ့နှံ့မှုတွေ၊ သေဆုံးတဲ့ အရေအတွက်တွေ ဘာကြောင့် ရုတ်တရက် မြင့်တက်လာရတာပါသလဲ…

ဒါဟာ ဦးဆောင်သူတွေရဲ့ စီမံခန့်ခွဲမှုတွေ လိုအပ်ချက်ကြောင့်လား ဒါမှမဟုတ် ပြည်သူတွေရဲ့ ပေါ့လျော့မှုလား ဒီအပေါ်မှာ အမြင်မတူတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။

အစိုးရကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍဟာ အားနည်းမှုရှိတာကြောင့် ကြိုတင်တွက်ဆထားမယ်ဆိုရင် အခုလိုအခြေအနေမျိုးထိ ဆိုးရွားလာနိုင်စရာမရှိဘူးလို့ Fortify Rights အဖွဲ့က ကိုနစ်ကီဒိုင်းမွန်း သုံးသပ်ပါတယ်။

“ကျွန်တော်တို့ နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွေ အရမ်းအားနည်းတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် အားနည်းမှုတွေ အကန့်အသတ်တွေရှိတယ်။ ဒါပေမဲ့ အဲဒီကန့်သတ်မှုတွေကို ကြိုတင်ပြင်ဆင် တွက်ဆထားမယ်ဆိုရင် အခြေအနေဒီလောက်အထိ ဆိုးမယ်မထင်ထားဘူးပေါ့။ လက်ရှိမှာ လူတွေကလည်း ပေါ့ဆတယ်။ လူတွေပေါ့ဆတာက တကယ်တမ်းသူ့တို့ရဲ့ အပြစ်မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက ဘာလဲဆိုရင် ခေါင်းဆောင်ရဲ့ ဦးဆောင်မှုနဲ့ လမ်းပြမှုအပေါ် အခြေခံပြီးတော့ လူတွေရဲ့ ပေါ့ဆမှုက ဖြစ်တာပါ။ ခေါင်းဆောင်က သူရဲ့ အပြောနဲ့ လက်တွေ့ကျတဲ့လုပ်ရပ်တွေနဲ့ ညီနေမယ်ဆိုရင် လူထုက အဲလောက်ထိ ပေါ့ဆသွားပြီး ပိုးအကူးခံရမှာ မဟုတ်ဘူးပေါ့။ အဓိကကတော့ အဲဒါပဲပေါ့။ ပိုးကူးစက်ခံရတာ ဘာနဲ့တိုက်ရိုက်အချိုးကျလဲဆိုတော့ လူထုခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုနဲ့ အချိုးကျတယ်လို့ပဲ ကျွန်တော်သုံးသပ်တယ်။”

ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာ နိုင်အောင်ကတော့ အစိုးရအပါအဝင် အားလုံးက ခေါင်းချင်းဆိုင်ပြီး ဘက်ပေါင်းစုံက ပြင်ဆင်အားထုတ်သင့်တယ်လို့ ထောက်ပြပါတယ်။

“ချိန်ကိုက်မဟာဗျူဟာတွေ အားနည်းတယ်။ အသေးစိတ် တွက်ချက်မှုတွေမှာ အားနည်းတယ်။ ဒီနေ့ လိုအချိန်အခါမျိုးမှာ ကျွန်တော်မြင်တာတော့ အစိုးရနဲ့ အားလုံးက ခေါင်းချင်းဆိုင်ပြီး ဘာလုပ်မယ် ဘာလုပ်မယ်ဆိုတာ ဘက်ပေါင်းစုံက ပြင်ဆင်နေတာကို ပိုပြီးအားထုတ်သင့်တယ်လို့ ထင်တယ်။ နောက်တစ်ခု ကျွန်တော်တို့ တိုင်းပြည်ရဲ့ အားနည်းချက်က ဆင်းရဲတာကိုး အရင်မြစ်တွေကလည်း ဘက်ပေါင်းစုံက အားနည်းတယ်။ ကျွန်တော်တို့ လူထုကလည်း သိတဲအတိုင်းပဲ စည်းကမ်းပျက်နေတဲ့ နေရာမှာ ခေါက်ရိုးကျနေတဲ့လူထု ဖြစ်နိုင်တယ်။ အဲဒီအထဲမှာ ပိုဆိုးတာက အိမ်မှာနေခိုင်းတယ်ဆိုတာ တတ်နိုင်သူမှ နေနိုင်တာကိုး။ မြန်မာပြည်က တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ အဲဒါတွေက ကျွန်တော်တို့ အားနည်းချက်တွေ ဖြစ်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဟာ ပြည်တွင်းမှာ လူကြိုက်များသလို ခေါင်းဆောင်စကားကို နားထောင်ကြတယ်၊ ချစ်ကြတာဟာ အားသာချက်တစ်ခုလို့လည်း ဒေါက်တာ နိုင်အောင်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး အမျိုးသားအဆင့် ဗဟိုကော်မတီက မဟာဗျူဟာ ချမှတ်ပေးတာကို တိုင်းဒေသကြီးအဆင့်နဲ့ မြို့နယ်အဆင့် အကောင်အထည်ဖော်တဲ့နေရာမှာ အားနည်းသလို ဌာနတစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တချို့ ရှိနေသေးတယ်လို့ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောပါတယ်။

“နည်းဗျူးဟာ အဆင့်ပေါ့ဗျာ၊ အောက်ခြေနဲ့ အလယ်အလတ် တိုင်းဒေသကြီးအဆင့်နဲ့ မြို့နယ်အဆင့်တွေမှာ အကောင်အထည်ဖော်တဲ့အခါမှာတော့ အတွေ့အကြုံအားနည်းမှုတွေ၊ နောက် နဂိုထဲကိုက ကျန်းမာရေးစနစ်မှာ မပြည်စုံမလုံလောက်မှုတွေ ရှိတာတွေကြောင့် အခက်အခဲတွေ တွေ့ နေတယ်။ အထူးသဖြင့် ဌာနတစ်ခုနဲ့တစ်ခု ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တချို့ ရှိနေတယ်လို့ မြင်ပါ တယ်။ ပြည်သူတွေရဲ့ လိုက်နာမှုပေါ့၊ ပထမလှိုင်း နည်းနည်းလေး အေးသွားတဲ့အချိန်မှာ ကျွန်တော်တို့တွေက အတော်ပေါ့လျော့ခဲ့တာပေါ့နော်။ ကျွန်တော်တို့ ကိုယ်တိုင်ပင် ရောဂါနဲ့ ပတ်သက်လို့ ပေါ့ပေါ့လျော့လျော့နေခဲ့တယ်။ ဒါ့ကြောင့် ဒုတိယလှိုင်းဖြစ်လာတဲ့အခါ ကူးစက်မှုနှုန်းက မျှော်လင့်ထားတာထက် ပိုပြီးတော့ များပြားလာတယ်လို့ မြင်တယ်။”

အဓိကအနေနဲ့ အသိအမှတ်ပြုရမှာက စေတနာဝန်ထမ်းတွေနဲ့ အလှူရှင်တွေရဲ့ အင်အားကတော့ အများကြီး အသိမှတ်ပြုရမယ့် ကိစ္စလို့လည်း ဦးရဲထွဋ်က ဆိုပါတယ်။

ကူးစက်နှုန်းမြင့်လာတာနဲ့ပတ်သက်ပြီး အစိုးရရဲ့အားနည်းချက်လို့ပြောလို့မရဘဲ တစ်ဦးတစ်ယောက်တည်းရဲ့ အားနည်းချက်မဟုတ်ဘဲ သဘာဝတရားကို ထိန်းချုပ်ဖို့ ခက်ခဲတာလည်း ဖြစ်နိုင်တယ်လို့ ရန်ကုန်အခြေစိုက် ISP Myanmar အဖွဲ့က ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

ယခင်က မြန်မာပြည် အရှေ့ဘက် တရုတ်နိုင်ငံက ကူးစက်မှု များခဲ့သလို လတ်တလောမှာလည်း အနောက်ဘက် အိမ်နီးချင်းနိုင်ငံတွေမှာ ကူးစက်မှု များပြားနေတာကြောင့် ကူးစက်မှုဟာ နေရာအနှံ့အပြားက ဝင်ရောက်လာနိုင်တယ်လို့ ဦးအောင်သူငြိမ်းက ယူဆပါတယ်။

“သူများထက်စာရင် ကျနော်တို့က ရွှေ့ပြောင်းလုပ်သား ပိုများတယ်လေ။ နယ်စပ်ကလည်း ဒိုးယိုပေါက်ဖြစ်နေတယ်၊ တရုတ်ဘက်က ပြန်လာသူရှိတယ်၊ ထိုင်းဘက်က ပြန်လာသူရှိတယ်။ အခုနောက်ပိုင်းကျတော့ အနောက်ဘက်တံခါးက ပွင့်သွားပြီး ကူးစက်တယ်ဆိုတာမျိုး ပြောနေကြတာလည်းရှိတယ်။ ကျနော်တို့ဆီမှာက သဘာဝအလျောက်ကိုက ထိန်းချုပ်ဖို့ ခက်တဲ့ပုံစံမျိုးဖြစ်ပါလိမ့်မယ်။ တစ်ယောက်တည်းကို ကွက်မပြောချင်ဘူး။"

ချမ်းသာတဲ့နိုင်ငံတွေက ငွေအား၊ လူအား ကျန်းမာရေးဝန်ထမ်းကစလို့ ဆေးရုံပစ္စည်း အသုံးအဆောင်အဆုံး မြန်မာနိုင်ငံထက်သာလွန်ပြီး မြန်မာနိုင်ငံမှာက အစောပိုင်းကာလမှာဆိုရင် လူတစ်ထောင်လောက်ကို ပိုးရှိ၊ မရှိ စစ်နိုင်ဖို့အတွက်တောင် ခက်ခဲခဲ့ရတယ်လို့ သူကထောက်ပြပါတယ်။

လက်ရှိအချိန်မှာ တစ်ရက်ကို လူခြောက်ထောင်လောက် စစ်နိုင်တဲ့အနေအထားမျိုးဖြစ်လာပြီး တိုးတက်မှုတွေရှိလာသလို အခုကာလမှာ ဖွဲ့စည်းထားတဲ့ ကော်မတီတွေ၊ အများဦးဆောင်မှုနဲ့ ရုန်းမယ်ဆိုရင် ပိုအလုပ်ဖြစ်မယ်လို့ ထင်ကြောင်းလည်း ဦးအောင်သူငြိမ်းက ဆိုပါတယ်။

အစိုးရရဲ့ ဆောင်ရွက်မှုပိုင်းမှာလည်း အမိန့်တွေ၊ ညွန်ကြားချက်တွေ ထုတ်ပြန်နေပေမယ့် FM လို ရေဒီယိုတွေ၊ ဆက်သွယ်ရေးပိုင်းတွေကနေ ပြောရေးဆိုခွင့်ရှိသူတွေက ထွက်ရှင်းတာမျိုးတွေ အားနည်းတယ်လို့လည်း ဦးအောင်သူငြိမ်းက ထောက်ပြပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ကတော့ Outbreak လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့ မှုကြီးကို မထိန်းချုပ်နိုင်သေးတာဟာ စီမံခန့်ခွဲမှုအပိုင်း အားနည်းချက်ကြောင့် ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“ကျွန်တော်အနေနဲ့ လူပုဂ္ဂိုလ်အရ တိုက်ခိုက်ဝေဖန်မှုကို မလုပ်ချင်ပါဘူး။ သို့သော်လည်း အားလုံး အမြင်မှာ တွေ့နေတာပါပဲ။ ဘယ်နိုင်ငံမှာ ဘယ်ခေါင်းဆောင်က ဘယ်လို လုပ်နေတယ်ဆိုတာ။ ဒီနေရာမှာတော့ တစ်ယောက်ချင်းအရ ပုဂ္ဂိုလ်ရေးအရ ဝေဖန်တာရော၊ တိုက်ခိုက်တာရော၊ ပြစ်တင်တာရော မလုပ်ချင်ပါဘူး။ သို့သော်လည်း ပြည်သူလူထုတွေရဲ့ လက်တွေ့ ခံစားနေရတဲ့ အနေအထားနဲ့ တစ်နေ့တစ်နေ့ တိုးတက်လာတဲ့ Outbreak ကြီးကို အခုချိန်အထိ မထိန်းချုပ်နိုင် သေးဘူးဆိုတဲ့နေရာမှာတော့ စီမံခန့်ခွဲမှုအပိုင်းမှာ လိုအပ်ချက်တွေ ရှိနေတယ်ဆိုတာ သိတာထင်ရှားပါတယ်။”

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အောက်တိုဘာလ ၁ ရက်နေ့ညပိုင်းအထိ ၁၄၃၈၃ ဦး၊   သေဆုံးသူ ၃၂၁ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။

ကူးစက်မှုများပြားတဲ့ ရန်ကုန်မြို့မှာတော့ နယ်ကျော်ပြီးသွားလာတာတွေကို ကန့်သတ်ထားပြီး နေအိမ်မှာပဲ နေထိုင်ကြဖို့ အမိန့်ထုတ်ထားပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စည်းမျဉ်းစည်းကမ်းတွေထုတ်ပြီး ထိန်းချုပ်တာဟာ ပြည်သူတွေကို ထိန်းချုပ်တာမဟုတ်ဘဲ ရောဂါကိုထိန်းချုပ်ဖို့ဖြစ်ကြောင်း၊ အများအကျိုး ထိခိုက်မှုရှိလာရင် ဥပဒေအရ အရေးယူသွားမှာ ဖြစ်ကြောင်း စက်တင်ဘာလ ၂၈ ရက်နေ့ညက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ပြည်သူတွေကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အစိုးရဘက်ကလည်း ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ထိန်းသိမ်းဖို့ ဆောင်ရွက်နေပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ရန်ကုန်တိုင်း ဒေသကြီးမှာတော့ တော်တော် ဆင်ဆင်ခြင်ခြင် ဖြစ်လာပြီလို့ သိရတဲ့အတွက် ဝမ်းသာပါတယ်။ ဒါပေမယ့်လည်း ဆက်ပြီးတော့ ဆင်ခြင်ဖို့ လိုပါတယ်။ အခုစပြီး ဆင်ခြင်လို့ မနက်ဖြန် ချက်ချင်း အားလုံးဟာ ပျောက်သွားမှာမဟုတ်ပါဘူး။  ကူးပြီးသားရောဂါပိုးတွေကတော့ ရှိနေမှာပဲ။ ဆက်ပြီးတော့ မပြန့်ပွားအောင် ကျွန်မတို့က ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဆက်ပြီးတော့  မပြန့်ပွားအောင်လို့ အဲဒီလို ပြန့်ပွားစေတဲ့ နေရာတွေကို  အထူးဂရုပြုပြီးတော့ လုပ်ဆောင်နေပါတယ်”

တောင်ကိုးရီးယားနိုင်ငံကနေ မှာယူထားတဲ့ Antigen (အန်တီဂျင်) Test Kit တွေနဲ့ မြို့နယ်၊ ခရိုင် ဆေးရုံတွေမှာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ စတင် စစ်ဆေးနိုင်မှာဖြစ်လို့ များများ စစ်တဲ့အခါ ကူးစက်မှုများများတွေ့မှာဖြစ်လို့ ပြည်သူတွေ အစိုးရိမ်မလွန်ကြဖို့လည်း Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

နောက်ဆက်တွဲ စီးပွားရေးအခက်အခဲတွေအတွက်စိုးရိမ်မှု မလွန်ကဲဖို့နဲ့အဲဒီအတွက် နိုင်ငံတော် အနေ နဲ့ ပြင်ဆင်ထားပြီးသလို အခြေအနေတွေသုံးသပ်ပြီး ဘယ်လိုပြောင်းလဲသင့်တယ်ဆိုတာတွေလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့