သေဒဏ်ကျ မြန်မာနှစ်ဦးလွတ်မြောက်ရေး လက်မှတ်ကောက်ခံ


2019.09.11
aungmyomin-622.jpg အာဆီယံအရပ်အဖက်အဖွဲ့အစည်း ညီလာခံမှာ သေဒဏ်ကျခံနေရတဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ရေးအတွက် ညီမျှခြင်းမြန်မာအဖွဲ့ လှုပ်ရှားမှုပြုလုပ်စဉ်။
Photo: RFA

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ အာဆီယံအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ညီလာခံမှာ လိပ်ကျွန်းလူသတ်မှုက သေဒဏ်ကျခံနေရတဲ့ ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ လွတ်မြောက်ဖို့ အတွက် လက်မှတ်ကောက်ခံတဲ့ လှုပ်ရှားမှုကို စက်တင်ဘာလ ၁၁ ရက်နေ့က စပြီး ညီမျှခြင်းမြန်မာအဖွဲ့က ဦးဆောင်ပြုလုပ်နေပါတယ်။

အဲဒီလှုပ်ရှားမှုကို  အာဆီယံအရပ်ဘက်အဖွဲ့တွေက ထောက်ခံခဲ့ကြပြီး မနေ့က လက်မှတ် ၄ဝဝ ကျော် ရခဲ့တယ်လို့ ညီမျှခြင်းမြန်မာအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့ ဒီနေ့လက်မှတ်ပေါင်း ၄ဝဝ ကျော်ရပါတယ်။ ဒီလက်မှတ်အားလုံးကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းတွေ အကူအညီနဲ့ ဘာသာပြန်မယ်။ အဓိကအချက်တွေထဲမှာတော့ ဒီဝင်းနဲ့ဇော်ကို သေဒဏ်ကနေ ကင်းလွတ်ပေးဖို့၊ နောက်တရားဥပဒေအတိုင်း နိုင်ငံတကာစံချိန်နဲ့အညီ ပြန်လည်သုံးသပ်ဖို့ တောင်းဆိုထားတယ်။ ကျနော်တို့ ထိုင်းဘုရင့်ဆီကို ပေးပို့သွားမှာပါ”

အဲဒီအစည်းအဝေးကို အာဆီယံ ၁၁ နိုင်ငံက အရပ်ဘက်အဖွဲ့ကိုယ်စားလှယ် ၇ဝဝ ကျော် တက်ရောက်နေတာပါ။ မနေ့က လှုပ်ရှားမှုမှာ ဝင်းနဲ့ဇော် အမှုနဲ့ပတ်သက်ပြီး  တရားဥပဒေရဲ့ အားနည်းချက်တွေကို ရှင်းလင်းပြခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ ကျနော်တို့ ဒီလိုတင်ပြတဲ့အခါ အင်္ဂလိပ်ဘာသာအပြင် ထိုင်းဘာသာနဲ့လည်း ကူညီဘာသာပြန်ပေးတယ်။ ဒီမှာလာရောက်တက်တဲ့ထဲမှာ ထိုင်းက အရပ်ဘက်အဖွဲ့အတွေ တက်ကြွလှုပ်ရှားသူတွေပါတယ်။ သူတို့က ပိုသဘောပေါက်သွားတယ်။ တချို့က သူတို့ရဲ့အကြောင်းကို ထိုက်တန်လို့ တကယ်ပြစ်မှုကျူးလွန်လို့ သေဒဏ်ပေးတယ်လို့ ယူဆထားတယ်။ ကျနော်တို့က ထောက်ပြတာက ဝင်းနဲ့ဇော်ကို  ကျနော်တို့ ပထမဆုံးအကြိမ် လွှတ်ပေးဖို့ အသနားခံစာလုပ်တဲ့အချိန်မှာ DNA ကောက်ယူမှု စစ်ဆေးမှုမှာ ကွဲလွဲနေတာကို ထောက်ပြထားတယ်။ နောက်ဒုတိယအကြိမ် ထိုင်းရှေ့နေကောင်စီက အသနားခံစာ ထပ်တင်တဲ့အထဲမှာဆိုရင် စစ်ဆေးတဲ့အခါမှာ ရဲတပ်ဖွဲ့က သင့်တင့်တဲ့လုပ်ထုံးလုပ်နည်းတွေ မလုပ်ဆောင်ဘူး။ တချိန်တည်းမှာ အတင်းအကြပ် ဖိအားပေးဝန်ခံခိုင်းတဲ့ အချက်တွေပါတယ်။ သူတို့အတွက် လိုအပ်တဲ့ ဥပဒေဆိုင်ရာအကူအညီတွေ လုံလောက်တဲ့ တရားရေးဆိုင်ရာ ကူညီစောင်မမှုတွေမရှိတာကို ရှင်းပြတော့ တော်တော်များများက စိတ်ဝင်စားပြီး လက်မှတ်ထိုးလာတာကို တွေ့ရတယ်”

ဒီၤလက်မှတ်တွေကို ဒီနေ့အစည်းအဝေးပြီးတဲ့အထိ ကောက်ခံသွားမှာဖြစ်ပြီး  ကောက်ခံရရှိတဲ့လက်မှတ်တွေကို မနက်ဖြန် စက်တင်ဘာလ ၁၃ ရက်နေ့မှာ ထိုင်းဘုရင့်ဆီကို ပို့မှာဖြစ်တယ်လို့ ဆိုပါတယ်။  ဒီလှုပ်ရှားမှုကြောင့် ဝင်းနဲ့ဇော် အရေးသာမက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးကိုပါ တင်ပြနိုင်ခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ကျနော်တို့က မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမား နှစ်ယောက်ကြောင့် လုပ်ဆောင်တာမကပဲနဲ့ အာဆီယံဒေသတွင်းက ရွှေ့ပြောင်းအလုပ်သမားကြားတွေထဲမှာ တခါတလေ ဒီလို ဥပဒေအခွင့်အရေး မရတာတွေ၊ Access to Justice လို့ခေါ်တဲ့ တရားစီရင်မှု လက်လှမ်းမမှီတဲ့ကိစ္စတွေ ဒါတွေကို ထောက်ပြတယ်ဆိုတော့  ဝင်းနဲ့ဇော်ကို အခြေခံပြီး အာဆီယံဒေသတွင်းမှာ အများစုကြုံတွေ့နေရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအရေးကို ဒေသတွင်း ၁၁ နိုင်ငံက အရပ်ဘက်အဖွဲ့တွေကလည်း ပူးပေါင်းပါတယ်ဆိုတော့ ဒါထူးခြားမှုတခုပါပဲ”

ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ဟာ ၂ဝ၁၅ ခုနှစ်က ထိုင်းနိုင်ငံ၊ လိပ်ကျွန်းက ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံခဲ့ရမှုနဲ့ ပတ်သက်ပြီး သေဒဏ်ချမှတ်ခံထားရတာပါ။ သူတို့အတွက် အယူခံဝင်ခဲ့ပေမယ့်လည်း သြဂုတ်လ ၂၉ ရက်နေ့က အယူခံ ပယ်ချခံခဲ့ရတာကြောင့် နောက်ဆုံးအဆင့်ဖြစ်တဲ့  ထိုင်းဘုရင့်ဆီမှာပဲ အသနားခံဖို့  အရပ်ဘက်အဖွဲ့တွေက လုပ်ဆောင်နေကြတာပါ။

ဝင်းနဲ့ဇော်ရဲ့ သေဒဏ်အတွက် မြန်မာအစိုးရကိုယ်တိုင်လည်း ထိုင်းဘုရင်မင်းမြတ်ဆီ အသနားခံစာတင်သွင်းဖို့ ထိုင်းအကျိုးဆောင်ရှေ့နေတွေနဲ့ တိုင်ပင်ဆွေးနွေးနေသလို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး လိုက်ပါကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စက်တင်ဘာလ ထိုင်းနိုင်ငံကို ရောက်နေချိန်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို တွေ့ဆုံပြီး  သူတို့နှစ်ဦးရဲ့ပြစ်ဒဏ်ကို သက်ညှာပေးဖို့ စဉ်းစားပေးဖို့ တောင်းဆိုထားသလို  စက်တင်ဘာလ၂ ရက်နေ့ကလည်း အမျိုးသားရေးတက်ကြွလှုပ်ရှားသူတွေက  ထိုင်းဘုရင်ဆီ အသနားခံစာကို ရန်ကုန်မြို့ထိုင်းသံရုံးကို ပေးပို့ခဲ့ပါတယ်။

(RFA ဝိုင်းတော်သူ မခင်ခင်အိ စုစည်းတင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။