ဝံသာနု စိတ်ဓာတ်ကဗျာ ကို စတုတ္ထတန်းသင်ရိုးက ပယ်ဖျက်


2019.03.08
wontharnu-poem-622.JPG စတုတ္ထတန်းရဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိမှာ ထည့်သွင်းသင်ကြားနေတဲ့ " ဝံသာနုစိတ်ဓာတ် " ကဗျာကို တွေ့ရစဉ်
.

လက်ရှိ စတုတ္ထတန်းရဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိမှာ ထည့်သွင်းသင်ကြားနေတဲ့ " ဝံသာနုစိတ်ဓာတ် " ကဗျာကို မသင်ကြားကြတော့ဘဲ ပယ်ဖျက်ဖို့ ပညာရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီကဗျာမှာ လူမျိုးနဲ့ ကိုးကွယ်ရာဘာသာကို ခွဲခြားဆက်ဆံပြီး ဖိနှိပ်တဲ့အကြောင်းအရာတွေ ပါဝင်နေတဲ့အတွက် ဝေဖန်မှုတွေရှိနေသလို အရပ်ဖက်အဖွဲ့အစည်းတွေဘက်က သမ္မတထံ စာပေးပို့ထားတာရှိပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူ၊ အရပ်ဖက်အဖွဲ့တွေကို မေးမြန်းပြီး RFA သတင်းထောက် မသီရိမင်းဇင် က စုစည်းတင်ပြထားပါတယ်။

■ စတုတ္ထတန်းကျောင်းသား၊ ကျောင်းသူတွေကို သင်ကြားနေတဲ့ စာရိတ္တနဲ့ ပြည်သူ့နီတိ ဘာသာရပ်မှာပါတဲ့ "ဝံသာနုစိတ်ဓာတ်" ကဗျာဟာ ခေတ်စနစ်နဲ့ မကိုက်တော့တဲ့အတွက် သင်ကြားခြင်းမပြုဘဲ ပယ်ဖျက်ကြောင်း ပညာရေးဝန်ကြီးဌာနဘက်က မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်တာပါ။

အဲဒီကဗျာမှာ " သွေးနှောတာ ငါတို့မုန်း လူမျိုးအညွန့်တုံး၊ သွေးနှောလျှင် လူမျိုးအညွန့်တုံးမည်၊ သွေးနှောတာကို ကျွနု်ပ်တို့ မုန်းတီးရပါသည် " စတဲ့ ခွဲခြားဆက်ဆံမှုဆိုင်ရာ စာသားတွေပါရှိနေတာ ဖြစ်ပါတယ်။

ပယ်ဖျက်ရတဲ့အကြောင်းရင်းကို ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က RFA ကို အခုလို ပြောပါတယ်။

"အခုမှ အသစ်ပေါ်လာတဲ့ကဗျာလည်း မဟုတ်ဘူး၊ အဲကဗျာအခြေခံထားတာက သားသမီးဝတ်ထဲကနေပြီးတော့ အမျိုးအနွယ်ကို ထိန်းသိမ်းဖို့တို့ စောင့်ဖို့တို့၊ ကိုယ့်လူမျိုးကိုယ်ချစ်ဖို့တို့၊ ဒါလေးကို Focus လုပ်ပြီးတော့ ကဗျာအနေနဲ့ လုပ်ထားတာပေါ့နော်၊ ကဗျာကိုခံစားတဲ့လူတွေက အကျယ်ချဲ့ပြီးခံစားတယ်၊ သူတို့ရဲ့စိတ်ထဲမှာ အဓိပ္ပာယ်ဆိုတာ အမျိုးမျိုးဖွင့်လို့ရတယ်၊ အဓိပ္ပာယ်အမျိုးမျိုးဖွင့်ပြီးတော့ ပြစ်တင်ဝေဖန်မှုတွေများနေတဲ့အတွက် ဒါကို လက်ရှိခေတ်စနစ်နဲ့ မကိုက်တဲ့အတွက် လိုအပ်ချက်အရ ပယ်ဖျက်လိုက်တာ"

အဲကဗျာဟာ ဆရာကိုင်စာအုပ်ထဲမှာ ပါတာဖြစ်ကြောင်းလည်း ဦးကိုလေးဝင်း က ဆက်ပြောပါတယ်။

"စာအုပ်ထဲမှာကတော့ ရှိနေဦးမယ်၊ ဒါက ကျောင်းသားကိုင် စာအုပ်မဟုတ်ဘူး၊ ဆရာကိုင် စာအုပ်ထဲကဟာ၊ အဲဆရာကိုင် စာအုပ်ထဲကဟာကို လိုက်ပြီးတော့မှ ပြစ်တင်ဝေဖန်နေတာ၊ တော်ရုံတန်ရုံလူက အပြင်မှာ မမြင်ဖူးဘူး အဲစာအုပ်ကို"

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးမှူး Yanghee Lee က လာမယ့် မတ်လ ၁၁ ရက်နေ့ကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ အဲလိုလူမျိုးရေးခွဲခြားဖို့ အဓိပ္ပာယ်ရတဲ့ ကဗျာကို သင်ကြားနေတယ်ဆိုတဲ့ အချက်တွေပါဝင်တဲ့ အစီရင်ခံစာကို တင်သွင်းမယ်လို့ ဖော်ပြခဲ့ပြီး ၃ ရက်အကြာမှာ တိုက်ဆိုင်စွာ အခုလို ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်တာလည်းဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ဒီကဗျာထည့်သွင်းသင်ကြားနေတာကို ကြပ်မတ်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း ၁၀၀ ကျော်က ၂၀၁၈ ဒီဇင်ဘာလအတွင်းက သမ္မတဆီ အိတ်ဖွင့်ပေးစာ ပေးပို့တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းကပဲ အဲဒီကဗျာကိစ္စနဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းတချို့နဲ့ ပညာရေးဝန်ကြီးဌာနတာဝန်ရှိသူတွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ဖယ်ရှားပေးမယ်ဆိုတဲ့ သဘောတူညီမှုရခဲ့ပါတယ်။

အဲလိုတွေ့ဆုံခဲ့ချိန်က ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ဌာနတွင်း အဆင့်ဆင့် ပြုပြင်ပြောင်းလဲနေပေမယ့် အဲဒီသင်ခန်းစာကို သတိမထားမိခဲ့ကြောင်း၊ အရပ်ဖက်အဖွဲ့အစည်းတွေက ခုလိုအပြုသဘောဆောင် တင်ပြတာကို ကြိုဆိုကြောင်း ပြောကြားခဲ့တယ်လို့ သွားရောက်ဆွေးနွေးသူတွေက RFA ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

မျိုးရိုးကို စောင့်ထိန်းရမယ်ဆိုတာကို လက်ခံပေမယ့် မစောင့်ထိန်းနိုင်သူတွေကိုလည်း အပြစ်ပြောလို့မရကြောင်း ညီမျှခြင်းမြန်မာရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်း က ထောက်ပြပါတယ်။

"စောင့်လေမျိုးနွယ်တို့ ဝံသာနုစိတ်ဓာတ်တို့ဆိုတာ အမှန်တော့ ကလေးတွေကို စာရိတ္တကောင်းအောင် သင်ကြားတာပါ၊ အမျိုးသီလစောင့်ရမယ်ဆိုတာ ကျနော်တို့ လက်ခံတယ်ခင်ဗျ၊ အမျိုးချစ်တဲ့စိတ်ရှိရမယ်ဆိုတာ လက်ခံတယ်၊ အဲလိုသင်ကြားမှုမှာ အဓိပ္ပာယ်ကောက်ယူမှုလွဲပြီးတော့ အမျိုးပဲစောင့်ရမယ်၊ သွေးနှောတွေက မဖြစ်သင့်ဘူး ဆိုတဲ့အရာတွေကျတော့ လွန်သွားတဲ့သဘောရှိပါတယ်၊ မစောင့်နိုင်တဲ့လူတွေကိုလည်း ကျနော်တို့က သွားပြီးတော့ အပြစ်ပြောလို့မရဘူး၊ အထူးသဖြင့် ဒီလိုမျိုးခေတ်ကာလမှာ တစ်ယောက်နဲ့ တစ်ယောက် သွေးနှောမှုတွေရှိလာတယ်၊ ပေါင်းသင်းဆက်ဆံမှုတွေ များလာတဲ့ဟာမျိုးတွေ ရှိလာတယ်၊ အဲဟာမျိုးတွေက မှားယွင်းတဲ့သဘောမျိုးဖြစ်ပြီးတော့ သူတို့ကို မုန်းတီးရမယ်ဆိုပြီး မျိုးရောတွေ၊ သွေးရောတွေ လက်မခံရဘူး၊ မှားလား မှန်လား၊ ဆိုတဲ့ထဲမှာ ဒါတွေကို မုန်းတီးရမယ်ဆိုတဲ့ မေးခွန်းပုံစံမျိုးတွေနဲ့ မေးလာတဲ့အခါမှာတော့ ရည်ရွယ်ချက်လွဲသွားပြီ"

အဲဒီကဗျာကို အရင်က ဒုတိယတန်းမှာ သင်ကြားရာကနေ ကလေးတွေအသက်အရွယ်နဲ့ သင်ကြားဖို့ မကိုက်ညီတာကြောင့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှာ စတုတ္ထတန်းသင်ရိုးကို ပြောင်းရွှေ့ထည့်သွင်းခဲ့တာလို့လည်း သိရပါတယ်။

လာမယ့်ပညာသင်နှစ်ကနေစပြီး အဲကဗျာကို မသင်ကြားတော့ဖို့ တိုင်းနဲ့ ပြည်နယ် ပညာရေးမှူးတွေက ခရိုင်/မြို့နယ် ကျောင်းတွေကို အဆင့်ဆင့်ညွှန်ကြားကြဖို့ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်ရှင်။

 

 

 


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။