ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD)

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၈၈ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် ပေါ်ပေါက်ခဲ့တဲ့ ဇိုမီးအမျိုးသားကွန်ဂရက်ပါတီကို အမည်ပြောင်းပြီး ၂၀၁၂ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ နှစ်နေရာ အနိုင်ရခဲ့ပေမယ့်၊ စစ်တပ် က အာဏာ လွှဲပြောင်းမပေးတဲ့နောက်ပိုင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီကြီးတွေ ပူးပေါင်းပြီး ၁၉၉၈ ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီမှာ ပါဝင်ပါတယ်။ ဒါကြောင့် တခြားတိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့အတူ ဇိုမီးအမျိုးသားကွန်ဂရက် ခေါင်းဆောင်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တခြား တိုင်းရင်းသားပါတီတချို့ နည်းတူ ဇိုမီးအမျိုးသားကွန်ဂရက်လည်း ပြန်ပြီး မှတ်ပုံမတင်ခဲ့ဘဲ၊ ၂၀၁၂ ခုနှစ်ကျမှ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် အမည်နဲ့ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အတွက် (၆) နေရာ အနိုင်ရခဲ့ပြီး၊ ၂၀၂၀ ရွေး ကောက်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ လက်ရှိပါတီဥက္ကဋ္ဌက ပူးကျင့်ရှင်းထန် ဖြစ်ပါတယ်။ ပူးကျင့်ရှင်းထန်ဟာ လူငယ်ဘဝက ချင်းကျောင်းသားသမဂ္ဂခေါင်းဆောင် ဖြစ်ခဲ့သလို၊ စစ်အစိုးရခေတ်မှာ ခြောက်ကြိမ်လောက် ဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိမှာ ပူးကျင့်ရှင်းထန်ဟာ တီးတိန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။