သေနတ်ပြောင်းဝအောက်က
မြန်မာပြည်
"စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေရဲ့ဘဝဟာ ဆိုးသထက် ဆိုးလာရာကနေ ကြောက်မက်ဖွယ် အခြေအနေ ရောက်ခဲ့ပါပြီ”
မြန်မာစစ်တပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို မဲစာရင်းမှားယွင်းမှု အကြောင်းပြချက်နဲ့ လွန်ခဲ့တဲ့နှစ်နှစ်က ဖယ်ရှားပြီး အာဏာသိမ်းလိုက်ပါတယ်။ အဲဒီနောက်မှာတော့ စစ်တပ်အာဏာတည်မြဲရေး ကြိုးပမ်းမှုကြောင့် တစ်နိုင်ငံလုံး ကပ်ဘေးသင့်ခဲ့ရပြီး အရပ်သားပြည်သူ ထောင်နဲ့ချီသေဆုံး၊ လူပေါင်းတစ်သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ ပါဝင်ဖြေရှင်းကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူး က လူ့အခွင့်အရေးကောင်စီမှာ မိန့်ခွန်းပြောရာမှာ… “အပြစ်မဲ့ မြန်မာပြည်သူ မြောက်မြားစွာရဲ့ဘဝဟာ ဆိုးသထက် ပိုဆိုးလာပြီး နောက်ဆုံးမှာ ကြောက်မက်ဖွယ်အကောင်းဆုံး အခြေအနေကို ရောက်ခဲ့ရပြီ” လို့ ထည့်သွင်းပြောဆိုထားပါတယ်။
“မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်အကြမ်းဖက်မှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ်လိုလို ကျူးလွန်နေတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းရွာက စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီရွာမှာ PDF အဖွဲ့တွေ ခိုအောင်းနေလို့ အပြန်အလှန်ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီက ပြောပေမယ့်၊ ဒေသခံရွာသားတွေကတော့ ဒါဟာ လုပ်ကြံဖန်တီးပြီး သတင်းထုတ်ပြန်တာလို့ ရွာသားတွေက ပြောပါတယ်။
နေ့ခင်းဘက် စာသင်ကျောင်းဖွင့်ထားချိန်မှာ စစ်ရဟတ်ယာဉ်နှစ်စီးနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့အတွက် ကလေးငယ် ၇ ယောက်အပါအဝင် စုစုပေါင်း ၁၃ ယောက် သေဆုံးခဲ့ရပါတယ်။
သေဆုံးသူ ၁၃ ယောက်ထဲမှာ အသက်ခုနစ်နှစ်အရွယ် မောင်ဘုန်းတေဇလည်း အပါအဝင်ဖြစ်ပါတယ်။ သားဖြစ်သူရဲ့ ဦးခေါင်းမှာရော၊ ကိုယ်တွေလက်တွေမှာပါ မြင်မကောင်းရှုမကောင်း သွေးသံရဲရဲ ဒဏ်ရာတွေနဲ့ သေလုနီးပါး ဖြစ်နေတာကို မိခင်ဖြစ်သူက နောက်ဆုံး တွေ့လိုက်ရပါတယ်။
ဒီလိုကြေကွဲစရာမြင်ကွင်းဟာ စစ်တပ်အာဏာသိမ်းလိုက်ကတည်းက ပုံမှန်ဖြစ်နေတဲ့ နှလုံးပျက်စရာ မြင်ကွင်းတွေပါ။
ပြီးခဲ့တဲ့နှစ်နှစ်အတွင်း စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၂၆၅ ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအထဲက ၅၉ ယောက်ဟာ အသက်ကိုးနှစ်အောက်အရွယ်တွေ ဖြစ်ကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ဝဲဒေါင့်ရွာကို PDF တွေရှိတယ်ဆိုပြီး အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်က ဝင်စီးချိန်မှာ အသက်ကိုးနှစ်အရွယ် မောင်ခန့်ဖြိုးသူ သေနတ်မှန်ပြီး သေဆုံးခဲ့ရပါတယ်။ အဲဒီနေ့မှာပဲ ရွာသားအယောက်ကိုးရာကျော်လည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ကြရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် တစ်နိုင်ငံလုံးလူဦးရေရဲ့ နှစ်ရာခိုင်နှုန်းနီးပါး၊ လူပေါင်း ၁ ဒသမ ၂ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။
တချို့နေရာတွေမှာ တစ်ရက်၊ နှစ်ရက်လောက်သာ ထွက်ပြေးတိမ်းရှောင်ကြရပေမယ့် အများစုကတော့ သီတင်းပတ်နဲ့၊ လနဲ့ချီပြီး တိမ်းရှောင်နေကြရတာပါ။ အဲဒီအတောအတွင်း နေစရာ၊ စားစရာနဲ့ ဆေးဝါးအခက်အခဲတွေ ကြုံတွေ့ရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ကလေးငယ်တွေဟာ ပိုလီယိုနဲ့ ဝက်သက်လို ပုံမှန် ကာကွယ်ဆေး တွေတောင် ထိုးခွင့်မရကြတော့တဲ့အတွက် စိုးရိမ်စရာအခြေအနေ ရောက်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ လူပေါင်းတစ်သန်းကျော် အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသလို၊ စားဝတ်နေရေးအတွက် ပြည်ပထွက် အလုပ်လုပ်ကြသူ မြန်မာ ဒုက္ခသည် ခုနစ်သောင်းလောက် ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အဲဒီအထဲက တချို့ဟာ လုပ်အားခ ခေါင်းပုံဖြတ်မှု နဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ခံရတာတွေလည်း ရှိနေပါတယ်။
စစ်ကောင်စီတပ်တွေကို အပြင်းထန်ဆုံး ခုခံကာကွယ်နေတဲ့ စစ်ကိုင်းတိုင်းမှာဆိုရင်လည်း လူဦးရေထက်ဝက်ကျော်ဟာ အိုးအိမ်စွန့်ပြီး ထွက်ပြေးရတဲ့အဖြစ် ရောက်နေပါတယ်။
စစ်ကောင်စီဟာ သူ့ကိုခုခံဆန့်ကျင်သူတွေကိုချေမှုန်းတဲ့ စစ်ဆင်ရေးအတွင်း နေအိမ်တွေကိုမီးရှို့နေတာ အခုဆိုရင် စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း လေးသောင်းရှစ်ထောင်ကျော်၊ မီးရှို့ခံရတဲ့ တစ်နိုင်ငံလုံးကနေအိမ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းနီးပါး မီးလောင်ပြာကျခဲ့ရပါပြီ။
အရပ်သားတွေကို စစ်တပ်က နှိပ်စက်သတ်ဖြတ်တဲ့ သက်သေအထောက်အထားအဖြစ် RFA မြန်မာဌာနက ဖြစ်ရပ်နှစ်ခုကို ဖော်ထုတ်တင်ပြနိုင်ခဲ့ပါတယ်။ တစ်ခုက ရေဦးမြို့နယ် မုန်တိုင်ပင်ရွာက အစုလိုက်အပြုံလိုက် လူသတ်မှုပါ။ စစ်သားတစ်ယောက် ကျကျန်ခဲ့တယ်လို့ ယူဆရတဲ့ လက်ကိုင်ဖုန်းတစ်လုံးထဲမှာ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်ပြီး ရိုက်ယူထားတဲ့ ဓာတ်ပုံတွေ၊ သူတို့ကိုယ်တိုင် လူဘယ်နှယောက်ကို ဘယ်လိုသတ်ခဲ့တယ် ဆိုတာကို အပြိုင်အဆိုင်ပြောနေတဲ့ ရုပ်သံဖိုင်တွေ တွေ့ခဲ့ရတာပါ။ နောက်ဖြစ်ရပ်တစ်ခုကတော့ ကယားပြည်နယ်မှာ စစ်ကောင်စီတပ်သားတစ်ယောက်က လူတစ်ယောက်ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်မေးမြန်းပြီး သတ်ဖြတ်လိုက်တဲ့ ရုပ်သံမှတ်တမ်းပါ။
မုန်တိုင်ပင်ဖြစ်ရပ်အတွက် စုံစမ်းမေးမြန်းမယ်လို့ စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း က RFA ကိုပြောထားပေမယ့် အခုချိန်အထိ တစ်စုံတရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ စစ်ကောင်စီဘက်က လူမဆန်ရက်စက်နေပေမယ့် ပြည်သူတွေကတော့ ဒူးထောက်လက်မြှောက် အရှုံးပေးတာ မရှိသေးပါဘူး။
“စစ်ကိုင်းတိုင်းကပြည်သူတွေဟာ ဘယ်တုန်းကမှ မတွေ့ဖူးတဲ့ ရဲစွမ်းသတ္တိတွေနဲ့ စစ်ကောင်စီကို ခုခံတော်လှန်နေတာတွေ့ရတယ်” လို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင့်ဆွေက RFA ကို ပြီးခဲ့တဲ့နှစ်က ပြောခဲ့ပါတယ်။
လူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံဟာ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ မစိမ်းတဲ့နိုင်ငံ ဖြစ်ပါတယ်။ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်တွေဟာ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဗမာလူမျိုးအများစုနဲ့ဖွဲ့ထားတဲ့စစ်တပ်ကို တိုက်နေတာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေပါပြီ။ ဒါပေမဲ့ စစ်တပ်က အခုတစ်ကြိမ် အာဏာသိမ်းလိုက်ချိန်မှာတော့ စုစည်းညီညွတ်မှု ရသွားတဲ့သဘော တွေ့ရပါတယ်။
မြန်မာစစ်တပ်ဟာ ချင်း၊ ကချင်၊ ရခိုင်၊ ကရင်၊ ကယား၊ ကရင်နီ စတဲ့ လူမျိုးစုလက်နက်ကိုင်တပ်တွေအပြင် ဗမာလူမျိုးအများစုနဲ့ဖွဲ့ထားတဲ့ ဒီမိုကရေစီလိုလားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တိုက်နေရပါပြီ။
မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တွေသေဆုံးတာ ထောင်နဲ့ချီ ရှိနေပြီလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ အင်အားသာလွန်တဲ့ စစ်တပ်ရဲ့လက်နက်ကြီးတွေ၊ ရုရှားနဲ့ တရုတ်ကနေဝယ်ထားတဲ့ တိုက်လေယာဉ်တွေ ရဟတ်ယာဉ်တွေက စစ်ဌာနချုပ်ဖြစ်တဲ့ နေပြည်တော်ကို တော်လှန်ရေးအင်အားစုတွေ မရောက်နိုင်အောင် တားဆီးကာကွယ်ထားနိုင်နေပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ အတိုက်အခံအင်အားစုတွေအကြား ဖြစ်ခဲ့တဲ့တိုက်ပွဲပေါင်း ၇၈၅၈ ကြိမ်ရှိခဲ့ပြီး၊ လုံခြုံရေးအပြည့်ရှိနေတဲ့ နေပြည်တော်အနီးမှာ တစ်ကြိမ်သာ ဖြစ်ပွားခဲ့ပါတယ်။ လက်နက်အင်အားချင်း မမျှတဲ့အတွက် နိုင်ငံတကာအနေနဲ့ လေယာဉ်မပျံသန်းရနယ်မြေ သတ်မှတ်ပေးဖို့၊ မြေပြင်ကနေ ဝေဟင်ပစ် လက်နက်တွေရောင်းပေးဖို့ သက်ဆိုင်ရာ နိုင်ငံတွေကို ပြည်သူ့ ကာကွယ်ရေးတပ်တွေက တောင်းဆိုနေပေမယ့် မရသေးပါဘူး။
တစ်ဖက်မှာလည်း ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေက ဆန္ဒပြပွဲတွေ၊ CDM လို့အတိုကောက်ခေါ်တဲ့ "အာဏာဖီဆန်ရေးလှုပ်ရှားမှု" တွေနဲ့ အန်တုနေသလို၊ စစ်ကောင်စီဘက်ကလည်း ဒီလှုပ်ရှားမှုတွေကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ… စစ်တပ်အာဏာသိမ်းကတည်းက လူပေါင်း ၁၇,၄၈၁ ယောက် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၁၃,၆၈၀ ဟာ အကျဉ်းထောင်အသီးသီးမှာ ထိန်းသိမ်းခံနေရတယ်လို့ သိရပါတယ်။ အဖမ်းခံထားရသူတွေထဲမှာ ၁၉၉၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ သုံးခုစလုံးမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။
နိုင်ငံရေးအတိုက်အခံတွေ၊ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေရာမှာ အသက် ၃၀ အရွယ် ကိုကျော်သက်ဟာ သေဒဏ်ချမှတ်ခံထားရတဲ့အပြင် ထောင်ဒဏ် ၂၂၅ နှစ်ပါ ချမှတ်ခံရပါတယ်။ အသက် ၃၆ နှစ်အရွယ် ကိုနှင်းမောင်ကတော့ သေဒဏ်နဲ့ ထောင်ဒဏ် ၉၅ နှစ် ချမှတ်ခံထားရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးဝင်းမြင့်လှိုင်ဟာလည်း အကြမ်းဖက်ဥပဒေစွဲချက် ရှစ်ခုနဲ့ ထောင်ဒဏ် ၁၄၈ နှစ် ချမှတ်ခံထားရပါတယ်။
အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် စုစုပေါင်းထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ဒီမိုကရေစီရေးလှုပ်ရှားသူလည်းဖြစ်၊ စစ်အစိုးရအဆက်ဆက် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်တဲ့ ကိုဂျင်မီနဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူ လေးယောက်ကို အင်းစိန်ထောင်တွင်းမှာ ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
ဒီလုပ်ရပ်အတွက် စစ်ကောင်စီကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက… ဒီလိုကွပ်မျက်လိုက်တာဟာ တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း အကြောင်းပြချက်တွေတောင် မပါဘဲ ကြိုတင် ကြံစည်ထားတဲ့လူသတ်မှု ကျူးလွန်လိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
“နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင်” လုပ်ဆောင်ခဲ့တယ်ဆိုပြီး စစ်ကောင်စီက ကြိုးပေးကွပ်မျက်လိုက်သူ လေးဦးထဲက ကိုဂျင်မီဟာ တိုင်းပြည်လွတ်မြောက်ရေးအတွက် သူ့ရဲ့ ကျောင်းသားဘဝ၊ လူငယ်ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ပြီး စစ်အကျဉ်းထောင်ထဲမှာ အနှစ် ၂၀ ကျော်နေခဲ့ရသူ ကဗျာဆရာ၊ စာရေးဆရာတစ်ဦး ဖြစ်ပါတယ်။
Reporting by RFA Burmese Service
-------------
Graphics by Amanda Weisbrod
-------------
Cover by Gemunu Amarasinghe
-------------
Written by Jim Snyder
-------------
Text editing by Thane Aung, Nay Rein Kyaw, Kyaw Min Htun, Mat Pennington, Ginny Stein
-------------
Visual editing by Amanda Weisbrod, H. Léo Kim, Paul Nelson
-------------
Web page produced by Minh-Ha Le
-------------
Produced by Radio Free Asia
-------------
© 2023 RFA
-------------
Facebook - Youtube - Twitter