‘စစ်မှုထမ်းဖို့ အဓမ္မ အဆွဲခံရတာ’

forced-recruitment.jpg

စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများ

အာဏာသိမ်းပြီး လေးနှစ်အကြာမှာ စစ်ရေးအသာစီးရနေတဲ့ တော်လှန်ရေးတပ်တွေကို တန်ပြန်တိုက်နိုင်ဖို့ စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်း နေပါတယ်။

အေးအေးမွန် ရေးသားသည်။
၂၀၂၅ ဇန်နဝါရီ ၂၉ ရက်

မြန်မာနိုင်ငံအလယ်ပိုင်း မြို့လေးတစ်မြို့က အသက်သုံးဆယ်အရွယ် ကိုအောင်အောင်ဟာ ဇူလိုင်လရဲ့ မနက်ခင်းတစ်ခုမှာ နေအိမ်က ထွက်လာချိန်မှာပဲ သေနတ်နဲ့‌ထောက်ပြီး အဖမ်းခံခဲ့ရပါတယ်။ အဖမ်းခံရသူ အယောက်သုံးဆယ်ရှိပြီး အဲဒီနေ့မှာပဲ သူတို့အားလုံးကို မြို့ပေါ်က အချုပ်ခန်းထဲ ထည့်လိုက်ပါတယ်။ သူတို့ ဘာပြစ်မှု ကျူးလွန်မိလို့ပါလဲ။ စစ်အင်အား လျော့နည်းလာတဲ့ စစ်ကောင်စီတပ်အတွက် စစ်မှုထမ်းဖို့ သတ်မှတ်ထားတဲ့ အသက်အရွယ်ထဲမှာ အကျုံးဝင်နေလို့ပဲ ဖြစ်ပါတယ်။

အဖမ်းခံရပြီး တစ်လမပြည့်ခင် မိုးသည်းသည်းမည်းမည်းရွာနေတဲ့ တစ်ရက်မှာပဲ ကိုအောင်‌အောင်နဲ့ တခြားဆယ်ဦးဟာ ဇာတိမြို့ဖြစ်တဲ့ မကွေးတိုင်း ရေနံချောင်းမြို့ကနေ မိုင် ၇၀ နီးပါးဝေးတဲ့ တောင်တွင်းကြီးမြို့ အမှတ် (၇) လေ့ကျင့်ရေးကျောင်းကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ အတွင်းခံ‌ဘောင်းဘီနဲ့ စွပ်ကျယ်လောက်သာ ဝတ်ဆင်ထားတဲ့ သူတို့အားလုံး မိုးရေထဲမှာ ရွှဲနစ်ကုန်ပါတယ်။

စစ်တပ်စစ်ဆေးရေးဂိတ်တွေကို ရှောင်ကွင်း၊ တောထဲမှာ နှစ်ညအိပ်ခဲ့ရပြီး ထွက်ပြေးခဲ့ကြပါတယ်။ နောက်သုံးရက်အကြာ လုံခြုံတဲ့နေရာကို မရောက်ခင်အထိ ဒေသခံတွေပေးတဲ့ အစားအစာ၊ ငွေကြေး၊ အဝတ်အစားနဲ့ ဒေသခံတွေလမ်းပြတဲ့အတိုင်း သူတို့ ထွက်ပြေးခဲ့ကြပါတယ်။

"လမ်းမှာလည်း တော်တော်ဒုက္ခ ရောက်ခဲ့ပါတယ်။ တစ်သက်နဲ့တစ်ကိုယ် မကြုံခဲ့ဖူးပါဘူး" လို့ ကိုအောင်အောင်က RFA ကို ပြောပါတယ်။

စစ်တပ်ထဲမှာ စစ်မှုထမ်းအဖြစ် စာရင်းသွင်းခံထားရဆဲ ဖြစ်တာကြောင့် သူ့နာမည်အရင်းကို မဖော်ပြဖို့ ကိုအောင်အောင်က တောင်းဆိုထားပါတယ်။ စစ်မှုမထမ်းချင်လို့ တိမ်းရှောင်ရင် ဒါမှမဟုတ် တိမ်းရှောင်ဖို့ အားပေးကူညီရင် ထောင်ဒဏ်ငါးနှစ်၊ ငွေဒဏ်နဲ့ ထောင်ဒဏ်၊ ငွေဒဏ် နှစ်မျိုးစလုံးချမှတ်နိုင်ကြောင်း စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေမှာ ပြဋ္ဌာန်းထားတာပါ။

military-training-of-recruitment.jpg
၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့က တောင်တွင်းကြီးမြို့ အမှတ် (၇) အခြေခံ စစ်သင်တန်းကျောင်းတွင် တပ်သားသစ်များအား စစ်ကောင်စီ မကွေးတိုင်းဝန်ကြီးချုပ် စကားပြောနေစဉ်။ ဤသင်တန်းကျောင်းသည်၂၀၂၄ ခုနှစ် ဇူလိုင်လက အောင်အောင်နှင့် ဇော်ဇော်တို့ ထွက်ပြေးခဲ့သည့် လေ့ကျင့်ရေး‌ကျောင်းဖြစ်သည်။ (ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေးဌာန)

ဒီဖြစ်ရပ်က မြန်မာနိုင်ငံမှာ ထူးဆန်းတဲ့ အဖြစ်အပျက် မဟုတ်တော့ပါဘူး။ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုး သားတွေ၊ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အကြား အမျိုးသမီးတွေ စစ်မှုထမ်းရမယ်ဆိုပြီး ၂၀၂၄ ခုနှစ် အစောပိုင်းမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ထုတ်ပြန်လိုက်ကတည်းက စစ်တပ်ထဲ အဓမ္မသွတ်သွင်းခံရတဲ့ အမျိုးသားအရေအတွက် တိုးလာနေပါတယ်။

ရွေးကောက်ခံဒီမိုကရေစီအစိုးရကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖမ်းဆီးပြီး အာဏာသိမ်းလိုက်ပြီးနောက် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်အတွင်း စစ်တပ်အင်အား လျော့နည်းလာပါတယ်။ စစ်မှုထမ်းဥပဒေကို ရှောင်ရှားဖို့အတွက် အာဏာပိုင်တွေကို ငွေမပေးနိုင်တဲ့ ဆင်းရဲသားမိသားစုက လူငယ်အများစုဟာ ဒီလျော့နည်းသွားတဲ့ အင်အားကို ဖြည့်တင်းဖို့ စစ်သားစုဆောင်းခံနေရပါတယ်။

unlawful-conscription.jpg
Source: Unlawful Conscription Watch (NUG Ministry of Human Rights)

၂၀၂၄ ခုနှစ် အစောပိုင်းကစပြီး လူနှစ်သောင်းသုံးထောင် အဓမ္မစစ်သားစုဆောင်းခံထားရ တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောပါတယ်။

ဒါပေမဲ့ ဒီပြဿနာဟာ စစ်မှုထမ်းဥပဒေ မပြဋ္ဌာန်းခင်ကတည်းက ဖြစ်နေတာပါ။

အသက် ၂၃ နှစ်အရွယ် ကိုမင်းခန့်ကျော်ရဲ့ ဆွေမျိုးတွေကို ပြီးခဲ့တဲ့နိုဝင်ဘာလထဲမှာ အာဏာပိုင်တွေက ရုတ်တရက်ဖုန်းဆက်လာပြီး ကိုမင်းခန့်ကျော် တိုက်ပွဲမှာသေဆုံးသွားပြီလို့ ပြောခဲ့ပါတယ်။ သုံးနှစ်ကျော်လောက် ပျောက်ဆုံးနေပြီးနောက် အဲဒီလို အကြောင်းကြားလာတော့မှ စစ်တပ်ထဲ ရောက်နေတာကို ဆွေမျိုးတွေ သိလိုက်ရပါတယ်။

ကိုမင်းခန့်ကျော်နဲ့ပတ်သက်လို့ အချက်အလက် အနည်းငယ်ပဲ အာဏာပိုင်တွေက ပြောပြခဲ့ပါတယ်။ ဘယ်တုန်းက၊ ဘယ်နေရာမှာ၊ ဘယ်လိုသေခဲ့လဲ၊ ရန်ကုန်မှာ ဘယ်သူတွေနဲ့ အတူနေခဲ့သလဲ ဆိုတဲ့ အသေးစိတ်အချက်အလက် ဘာတစ်ခုမှ မသိရပါဘူး။ သူသေသွားပြီလို့သာ ပြောခဲ့ပြီး စစ်တပ်က ခံစားခွင့်အနည်းငယ် ထောက်ပံ့ပေးမယ်လို့ ဆွေမျိုးသားချင်းတွေကို ပြောခဲ့ပါတယ်။ ကိုမင်းခန့်ကျော်သေဆုံးချိန်မှာ အင်္ကျီအိပ်ကပ်ထဲကနေ မှတ်ပုံတင်ကတ်တွေ့လို့ သူ့ရဲ့ဇာတိရွာမှာရှိတဲ့ ဆွေမျိုးသားချင်းတွေကို အာဏာပိုင်တွေက ဆက်သွယ်အကြောင်းကြားလာတာပါ။

ကိုမင်းခန့်ကျော်ရဲ့ ဦးလေးဖြစ်သူ ဦးလူမော်က ဒီအကြောင်းတွေကို ဝမ်းနည်းဒေါသထွက်တဲ့အသံနဲ့ ပြန်ပြောပြခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကိုမင်းခန့်ကျော်ရဲ့ မိဘနှစ်ပါးနဲ့ ညီငယ်၊ ညီမငယ် သုံးယောက်လုံး သေဆုံးသွားချိန်မှာ အသက်ခုနစ်နှစ်အရွယ် မိဘမဲ့လေး ကိုမင်းခန့်ကျော်ကို ဦးလူမော်က မွေးစားခဲ့ပါတယ်။

သူ့တူဖြစ်သူဟာ စစ်တပ်ထဲကို အဓမ္မ သွတ်သွင်းခံခဲ့ရတာလို့ ဦးလူမော်က ယုံကြည်နေပါတယ်။

“စစ်တပ်ထဲဝင်သွားတာ တစ်ယောက်မှ မသိဘူး။ ဆွေမျိုးတွေလည်း မသိဘူး” လို့ ဦးလူမော်က RFA ကို ပြောပါတယ်။

“စုံစမ်းလိုက်တဲ့အခါကျတော့ သူ့စိတ်နဲ့သူ့ကိုယ် ဝင်သွားတာမဟုတ်ဘူး။ သူ့စိတ်နဲ့သူ့ကိုယ် ဝင်သွားတာဆိုရင် ဆွေမျိုး၊ ညီအကို၊ မောင်နှမတွေ အကုန်သိရမယ်လေ။ အခု သေတော့မှသာ တိုက်ပွဲကျသွားပြီဆိုပြီး သတင်း ရောက်လာတာ”

“သူ့စိတ်နဲ့သူ့ကိုယ် ဝင်တာဆို မပြောလိုဘူး။ အဲလို မဟုတ်ဘူး။ ပြောရရင် အခုက အဆွဲခံရတာ။ ပြောရရင် စိတ်ထဲတော်တော်လေး မကောင်းဘူး”

news-recruitment-ayeyarwady-v.jpg
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် စုဆောင်းထားသည့် တပ်သားသစ်များကို စစ်ကောင်စီ ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် အရာရှိများ ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က စစ်ဆေးနေစဉ်။ (ဓာတ်ပုံ- စစ်ကောင်စီပြန်ကြားရေးဌာန)

မြန်မာစစ်တပ်ဟာ လိမ်လည်လှည့်ဖြား၊ အဓမ္မဖိအားပေးပြီး စစ်သားစုဆောင်းတယ်ဆိုတဲ့ မှတ်တမ်းတွေ တောက်လျှောက်ထွက်ပေါ်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ရဲ့အစီရင်ခံစာအရ နဝတ စစ်အစိုးရလက်ထက် စစ်အင်အားတောင့်တင်းဖို့ ကြိုးစားနေတဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အဲဒီနည်းနဲ့ စစ်သားစုဆောင်းခဲ့ကြောင်း ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်မှာ မြန်မာစစ်တပ်အတွက် စစ်သားသစ်စုဆောင်းဖို့ အပြင်းအထန် လိုအပ်လာပြန်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ မြေပြင်တိုက်ပွဲတွေမှာ အကြီးအကျယ်ရှုံးနိမ့်နေပြီး နိုင်ငံတစ်ဝန်းမှာ နယ်မြေအများစုကို လက်လွတ်ဆုံးရှုံးနေပါတယ်။

အရင်က စစ်အင်အားသုံးသိန်းကနေ လေးသိန်းအကြားရှိခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ၂၀၂၃ နှစ်ကုန်ပိုင်းမှာ စစ်အင်အား တစ်သိန်းသုံးသောင်းလောက်သာ ကျန်ပြီး အဲဒီအထဲက ထက်ဝက်လောက်ဟာ ရှေ့တန်းစစ်မျက်နှာမှာ ဖြစ်တယ်လို့ မြန်မာ့အရေးကျွမ်းကျင်သူ ဦးရဲမျိုးဟိန်း က ပြီးခဲ့တဲ့နှစ်က လေ့လာသုံးသပ်ချက်တစ်ခုမှာ ခန့်မှန်းထားပါတယ်။ ဒီခန့်မှန်းချက်တွေအရ လက်ရှိ စစ်ကောင်စီတပ်ရင်းတွေဟာ အင်မတန် အင်အားချည့်နဲ့နေပြီလို့ ယူဆရပါတယ်။

စစ်မှုထမ်းဥပဒေဟာ ၂၀၂၄ ခုနှစ် ဧပြီလမှာ အသက်ဝင်လာတာဖြစ်ပြီး၊ စတင်ပြဋ္ဌာန်းတဲ့ ဖေဖော်ဝါရီလမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၄ နှစ်ကုန်ပိုင်း ရောက်တဲ့အခါ စစ်သားသစ် ငါးသောင်းလောက် စုဆောင်းပြီးသား ဖြစ်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။

‘ကျွန်မသားလေးတွေကို မပေးနိုင်ဘူး’- စစ်မှုထမ်းဥပဒေကြောင့် သောကရောက်နေရတဲ့ သားသုံးယောက်မိခင်

လောလောဆယ် စစ်သားသစ် ဘယ်လောက်စုဆောင်းခံထားရသလဲ ဆိုတာနဲ့ပတ်သက်လို့ တိကျခိုင်လုံတဲ့ စာရင်းတော့ မရှိပါဘူး။ သေချာတာကတော့ စစ်မှုထမ်းဥပဒေဟာ မြန်မာနိုင်ငံက ကျန်းမာသန်စွမ်းတဲ့ လူငယ်အမြောက်အမြားကို တိုင်းပြည်ကနေ ထွက်ပြေးစေခဲ့ပါတယ်။ ဒီဥပဒေကြောင့် ရပ်ကွက်ကျေးရွာအဆင့်အထိ လာဘ်စားမှု ကြီးထွားလာပြီး စစ်မှုမထမ်းချင်တဲ့ မိသားစုတွေဟာ အာဏာပိုင်တွေကို အနည်းဆုံး ကျပ်ငွေငါးသိန်းကနေ သိန်းငါးဆယ်အထိ လာဘ်ထိုးကြရပါတယ်။

ပိုဆိုးတာက ကျေးလက်ရော မြို့ပြလမ်းကြားတွေမှာပါ လူတွေ အဓမ္မ အဆွဲခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းအရ ရန်ကုန်၊ ပဲခူး၊ မန္တလေးနဲ့ နေပြည်တော်မှာ လူငယ်တွေ ဖမ်းဆီးခံရမှု မြင့်တက်လာတာ တွေ့ရပါတယ်။ ယူနီဖောင်းမဝတ်ဘဲ အရပ်ဝတ် ဝတ်ထားသူတွေက ကိုယ်ပိုင်ကားတွေမောင်းပြီး လူတွေကို ဆွဲခေါ်၊ စစ်သားစုဆောင်းတဲ့ ညဘက်လျှို့ဝှက်စစ်ဆင်ရေးတွေကြောင့် အခုလို ဖမ်းဆီးခံရမှု မြင့်တက်လာတာပါ။ RFA ရဲ့စာရင်းအရ တစ်လတည်းမှာတင် အဲဒီမြို့လေးမြို့ကနေ လူ ၂၅၀ ဖမ်းဆီးခံခဲ့ရပါတယ်။

အသက် ၂၇ နှစ်အရွယ် ကိုဇော်ဇော် (အမည်လွဲ) ဟာ မကွေးတိုင်း စလေမြို့စွန်တစ်နေရာမှာ နေထိုင်သူပါ။ ဇူလိုင်လဆန်းပိုင်းက သူ့ရဲ့အိမ်မှာပဲနေထိုင်စဉ် ညဘက်မှာ ဝင်ရောက်စီးနင်းခံရပြီး အဖမ်းခံခဲ့ရတယ်လို့ ကိုဇော်ဇော်က ပြောပါတယ်။ ကျန်းမာရေးစစ်ဆေးဖို့ ချောက်မြို့ကိုမပို့ခင် သူ့ကို စလေမြို့ရဲစခန်းဆီ ခေါ်သွားခဲ့ပါတယ်။

“စစ်မှုထမ်းဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့သူတွေလည်း ဆေးစစ်ချက် အောင်တာပဲ။ အခြေအနေ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူတို့က လူတိုင်းကို လက်ခံတဲ့သဘော ဖြစ်နေတယ်” လို့ ကိုဇော်ဇော်က ပြောပါတယ်။

“လေ့ကျင့်ရေးသင်တန်းကျောင်းကိုရောက်တော့ ကျွန်တော့်မိသားစုပေးလိုက်တဲ့ အဝတ်အစားတွေ၊ နာရီတွေ၊ ဖုန်းတွေ၊ ပိုက်ဆံတွေ အကုန်လုံး သူတို့သိမ်းသွားတယ်”

သူလည်း ကိုအောင်အောင်လိုပဲ တောင်တွင်းကြီးမှာရှိတဲ့ အမှတ် (၇) လေ့ကျင့်ရေးကျောင်းကို အပို့ခံခဲ့ရပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ ထိန်းချုပ်ရာနယ်မြေဆီ ထွက်ပြေးလွတ်မြောက်လာတာပါ။

အဓမ္မ စစ်သားစုဆောင်းခံရမှုကို ပုံစံမျိုးစုံနဲ့ တွေ့ရပါတယ်။ အကုန်လုံးက လမ်းကြားတွေထဲကနေ ဆွဲခေါ်ခံရတာတော့ မဟုတ်ပါဘူး။ အခြားသူတွေကတော့ ရွေးချယ်စရာနည်းလမ်း နည်းတာကြောင့် ရိုးရိုးသားသားပဲ စစ်မှုထမ်းဖို့ စာရင်းပေးခဲ့တာပါ။

၂၀၂၄ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့သိမ်းတိုက်ပွဲအပြီးတွင် ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်သည့်ဗီဒီယိုဖိုင်။ (AA Info Desk)

ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်က ကလေးသုံးယောက်မိခင် မမိုးပပရဲ့ခင်ပွန်း အသက် ၂၉ နှစ်အရွယ်ကိုရဲလင်းအောင်ဟာ စစ်မှုထမ်းခေါ်ဆောင်ခံရပြီးနောက် ပျောက်ဆုံးနေပါတယ်။ သူ့ခင်ပွန်းဟာ စစ်မှုထမ်းဥပဒေကိုရှောင်ဖို့ အာဏာပိုင်တွေကို လာဘ်ထိုးစရာ ငွေမရှိတဲ့အတွက် စစ်မှုထမ်းဖို့ စာရင်းသွင်းခဲ့ရတယ်လို့ မမိုးပပက ပြောပါတယ်။

“သူပြောတာက အခုမလိုက်လည်း နောက်ကျရင် လူကြီးက မရမက ခေါ်မှာပဲတဲ့။ ကျွန်မက… မလိုက်ပါနဲ့ ယောက်ျားရယ်၊ ဒီမှာပဲ လုပ်ကိုင်စားပါ၊ ထမင်းမငတ်ပါဘူး… လို့ သူ့ကို အတန်တန်တားတဲ့ကြားက လိုက်သွားတာ”

ရက္ခိုင့်တပ်တော် (AA) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခံနေရတဲ့ စစ်ကောင်စီတပ်တွေရှိရာ ရခိုင်ပြည်နယ်က ရှေ့တန်းစစ်မျက်နှာကို မပို့ခင်လေးမှာ ခင်ပွန်းဖြစ်သူကို မမိုးပပ နောက်ဆုံးမြင်တွေ့ ခွင့်ရပြီး ၁၅ မိနစ်လောက် စကားပြောခွင့်ရခဲ့ပါတယ်။

“ငါးသိန်းပေးမယ်ဆိုပြီး ခေါ်သွားတာ။ ကျွန်မတို့ကလည်း စားဝတ်နေရေးက ကျပ်တည်းနေတယ်၊ အလုပ်အကိုင်တွေကလည်း အဆင်မပြေတော့ ကျွန်မယောက်ျားကို ရပ်ကွက်လူကြီးကနေပြီး… ငါးသိန်းပေးမယ်တဲ့၊ ဝင်ဝင်ချင်း။ သင်တန်းသုံးလတက်နေချိန် တစ်လကို သုံးသိန်းတစ်သောင်း ရမယ်တဲ့။ အဲဒါ ကျွန်မကို တစ်လတစ်ခါ လွှဲလွှဲပေးမယ်လို့ ပြောခဲ့တယ်” လို့ မမိုးပပက ပြန်ပြောပြပါတယ်။

ဒါပေမဲ့ ဝင်ဝင်ချင်း ငါးသိန်းကလွဲပြီး ကိုရဲလင်းအောင်အတွက် စစ်မှုထမ်းလစာကို မမိုးပပ လုံးဝ မရခဲ့ပါဘူး။

“ရှေ့တန်းကိုရောက်ပြီးတော့ ကျွန်မကို ဖုန်းလှမ်းခေါ်သေးတယ်။ ရှေ့တန်းရောက်ပြီးမှ နှစ်ခါ၊ သုံးခါ ဖုန်းခေါ်သေးတယ်။ ဘူးသီးတောင်၊ မောင်တောမှာတဲ့။ နှစ်ခါသုံးခါ ခေါ်ပြီး ကျွန်မကို လစာလွှဲပေးမယ်လို့ ပြောသေးတယ်။ အဲဒီအချိန်ကတည်းက အခုထိ အဆက်အသွယ်မရတော့တာ။ ကျွန်မကို လစာလည်း လွှဲမပေးဘူး။ အဆက်အသွယ်လည်း မရတော့ဘူး”

ခင်ပွန်းဖြစ်သူ သေဆုံးသွားပြီလို့ မမိုးပပ သံသယရှိနေပါတယ်။ ရခိုင်ပြည်နယ်ရှေ့တန်းကနေ ဖုန်းမခေါ်တာ ခြောက်လရှိသွားပါပြီ။


အဖွင့်



ဂရပ်ဖစ် - ဝင်းအိစံ
-------------
အယ်ဒီတာ - နေရိန်ကျော်၊ ကျော်မင်းထွန်း၊ ကျော်ကျော်အောင်
-------------
Visual editing by Charlie Dharapak, H.Leo Kim, Paul Nelson
-------------
Video production Win Ei San, Thane Aung, Chan Aung, Thiri Min Zin, Ginny Stein
-------------
Series Producer Ginny Stein
-------------
Web page produced by Minh-Ha Le
-------------
© 2024 RFA
-------------
Facebook - YouTube - Instagram - X
  Back to Top