အမှောင်ခေတ်တွင်း ပြန်လည်သက်ဆင်းခြင်း

ဆယ်နှစ်သက်တမ်းသာ ရှိသေးတဲ့ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်ကို ကြားဖြတ်ပြီး စစ်တပ်က အာဏာသိမ်းလိုက်တာ ခြောက်လပြည့်သွားချိန်မှာ မြန်မာပြည်သူတွေဟာ လွတ်လပ်ခွင့်နဲ့ အသက်ရှင် ရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေကြရဆဲပါ။


၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ်နဲ့ နောက်တစ်ကြိမ်အနိုင်ရခဲ့ပေမယ့် မဲမသမာမှုတွေရှိခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ NLD အစိုးရကို စစ်တပ်က ဖယ်ရှားခဲ့တာ ခြောက်လပြည့်ခဲ့ပါပြီ။ မြန်မာပြည်သူ ၅၄ သန်းကို အမှောင်ခေတ်ကနေ လွတ်မြောက်အောင် ကယ်တင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့၊ နုနယ်အားနည်းသေးတဲ့ အရပ်သားအစိုးရက ကြိုးစားခဲ့ပေမယ့် မြန်မာပြည်ဟာ အမှောင်ခေတ်ကို ပြန်ပြီး သက်ဆင်းခဲ့ရပါပြီ။


၂၀၂၁ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန် စမ်းချောင်းမြို့နယ်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲကို ဖြိုခွဲရန် ပြင်ဆင်နေသည့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များ။ (Photo: RFA)

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကို ပြည်သူအများစုက လက်မခံဘဲ ဆန့်ကျင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲတွေကို စစ်ကောင်စီက အင်အားသုံး ချေမှုန်း ခဲ့သလို အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြတဲ့ ပြည်သူ့ဝန်ထမ်းတွေကိုလည်း အစုလိုက်အပြုံလိုက် ဖမ်းဆီးဖြိုခွဲခဲ့ ပါတယ်။ အရပ်သားပြည်သူ ကိုးရာကျော် သတ်ဖြတ်ခံရပြီး ၅၄၀၀ ကျော် ဖမ်းဆီးခံထားရပါတယ်။

NLD အစိုးရ အောင်အောင်မြင်မြင် လုပ်ဆောင်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ထိန်းချုပ်ရေးဟာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက် အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ အခက်အခဲ ကြုံတွေ့နေရတဲ့ ကြားကပဲ ကပ်ရောဂါ တတိယလှိုင်းရဲ့ ခြိမ်းခြောက်မှုကို တစ်နိုင်ငံလုံး ခံစားနေရပါတယ်။

လက်ရှိစစ်ကောင်စီအနေနဲ့ ကပ်ရောဂါအရေးကို လျစ်လျူရှုထားတာ၊ သတင်းမီဒီယာတွေကို ဖိနှိပ်တာ၊ စီးပွားရေးစီမံခန့်ခွဲမှု မှားယွင်းတာတွေဟာ အရင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး (နဝတ) ကောင်စီရဲ့ ၁၉၈၈ - ၁၉၉၇ ကာလ လုပ်ရပ်တွေနဲ့ တူညီနေတယ်လို့ လေ့လာသူတွေက ဝေဖန် သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ နှစ် ၅၀ ကြာ စစ်တပ်အုပ်ချုပ်မှု ဟာ ၂၀၁၁ ခုနှစ်မှာ တစ်စိတ်တစ်ပိုင်း အဆုံးသတ်ခဲ့ပေမယ့် ၁၀ နှစ်အကြာမှာ ပြန်ပြီး ပေါ်ထွက်လာပါပြီ။


ကပ်ရောဂါအရေးကို ဥပေက္ခာပြုထားခြင်း

ရန်ကုန်မြို့ ရေဝေးသုဿာန်တွင် လူမှုကူညီရေးအသင်းယာဉ်များနှင့် သံဃာတော်များကို ၂၀၂၁ ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ တတိယလှိုင်း ကူးစက် ပြန့်ပွားနေပေမယ့် ဆေးရုံဆေးခန်းတွေမှာ အောက်ဆီဂျင်၊ ဆေးဝါးပစ္စည်းကိရိယာ မလုံလောက်တဲ့အတွက် သေကောင်ပေါင်းလဲ လူနာတွေကလွဲလို့ ကျန်တဲ့လူနာတွေ နေအိမ်မှာပဲ ကိုယ်ထူကိုယ်ထ ကုသနေကြရပါတယ်။ ကပ်ရောဂါကြောင့် ဇူလိုင်လ ၃၁ ရက် နေ့အထိ လူပေါင်းကိုးထောင်ကျော် (၉,၃၃၄ ဦး) သေဆုံးခဲ့ပါပြီ။

စစ်တပ်ထိန်းချုပ်ထားတဲ့ ဆေးရုံတွေမှာ လူနာတွေလက်မခံတာ၊ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြတဲ့ ဆရာဝန်တွေ၊ ကျန်းမာရေး ဝန်ထမ်းတွေကို ဖမ်းဆီးတာ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း စေတနာ့၀န်ထမ်း ကူညီသူတွေကို ဟန့်တားတာ၊ အောက်ဆီဂျင် ရောင်းချတာတွေ ကန့်သတ်တာတွေကြောင့် ကပ်ရောဂါ အခြေအနေ ပိုဆိုးဝါးလာတယ်လို့ လေ့လာသုံးသပ်သူတွေက ‌ဝေဖန်နေကြပါတယ်။


သတင်းလွတ်လပ်ခွင့် ပိုမိုဆိုးဝါးလာခြင်း

၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြပွဲသတင်း ရယူနေသည့် Myanmar Now သတင်းထောက် ကေဇွန်နွေးကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးသွားစဉ်။ (Photo: AFP)

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီဟာ ဖေ့စ်ဘွတ်ခ်၊ တွစ်တာနဲ့ တခြားလူမှုမီဒီယာတွေကို ချက်ခြင်း ပိတ်ပင်ပြီး၊ လွတ်လပ်တဲ့ သတင်းမီဒီယာအားလုံးကို ပိတ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။ သတင်းထောက်တွေ ခြိမ်းခြောက်နှောက်ယှက်၊ ဖမ်းဆီးအကျဉ်းချခံရပြီး ညှဉ်းပန်းနှိပ်စက်ခံကြရပါတယ်။

သတင်းထောက် အများအပြား ထိုင်း၊ အိန္ဒိယ (ဒါမှမဟုတ်) ဘေးကင်းရာဒေသတွေကို‌ ထွက်ပြေးခဲ့ကြရပါတယ်။

သတင်းသမား ၉၀ ကျော် အဖမ်းခံခဲ့ရပြီး အဲဒီထဲက ၄၅ ဦးထက်မနည်း ထိန်းသိမ်းခံနေရပါတယ်။ အများစုဟာ သတင်းအမှားဖြန့်ချိတယ်ဆိုတဲ့ စွဲချက်နဲ့ ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) အရ စွဲချက်တင်ခံနေရပါတယ်။


ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ကျဆင်းခြင်း

ရန်ကုန်မြို့ရှိ ဘဏ်တစ်ခုတွင် ATM စက်မှ ငွေထုတ်ယူရန် တန်းစီစောင့်ဆိုင်းနေသူများကို ၂၀၂၁ မတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေ၊ ဆန္ဒပြပွဲတွေ၊ စီးပွားရေးလုပ်ငန်းအားလုံး ရပ်ဆိုင်းထားရတာ တွေကြောင့် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ကျန်းမာရေးနဲ့ ပညာရေးအပါအ၀င် အရေးပါတဲ့ ဝန်ဆောင်မှုတွေ နှောင့်နှေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဆယ်နှစ်အတွင်း ရရှိထားတဲ့ တိုင်းပြည်စီးပွားရေး တိုးတက်မှုတွေ လက်လွတ်ဆုံးရှုံးပြီး စီးပွားရေးကျပ်တည်းမှု ပိုမိုဆိုးရွားလာမယ့် အခြေအနေကို ရောက်ရှိလာပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံး လေ့လာဆန်းစစ်ချက်အရ မြန်မာနိုင်ငံရဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP)ဟာ ၂၀၂၁ ဘဏ္ဍာရေးနှစ် (၂၀၂၁ စက်တင်ဘာအထိ) အတွင်း ၁၈ ရာခိုင်နှုန်း ကျဆင်းသွားမယ်လို့ ခန့်မှန်းထား ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၀ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်ရင် ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေး ၃၀ ရာခိုင်နှုန်း လျော့ကျသွားတာလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ပြထားပါတယ်။ ဆင်းရဲ မွဲတေမှုနှုန်းဟာ စစ်တပ် အာဏာမသိမ်းခင်ကထက် နှစ်ဆတိုးလာတယ်လို့ ဖော်ပြထားပါတယ်။


ပညာရေး

၂၀၂၁ ဇွန်လ ၁ ရက်နေ့ကစစ်တွေမြို့ အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်းရှေ့တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။ (Photo: RFA)

အရင်စစ်အစိုးရ လက်ထက်က ကျန်းမာရေးနဲ့ ပညာရေးအသုံးစရိတ်တွေကို လျစ်လျူရှုထားခဲ့တဲ့အတွက် ပညာရေးကဏ္ဍမှာကမ္ဘာ့အဆင့်နဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံဟာ အောက်ဆုံးအဆင့်နားအထိ ကျဆင်းခဲ့တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းတွေက ဖော်ပြပါတယ်။

လက်ရှိ စစ်ကောင်စီက အခုနှစ် ဇွန်လကျောင်းဖွင့်ချိန်မှာ စာသင်ကျောင်းပေါင်း ၈၈ ရာခိုင်နှုန်းကျော် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားဦးရေ ၄ သန်း ၇ သိန်းကျော် တက်‌ရောက်တယ်လို့ ပြောဆိုထားပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေကတော့ ၂၀၁၉-၂၀ ပညာသင်နှစ်တုံးက ကျောင်းသားဦးရေ ကိုးသန်းကျော် တက်ရောက်ခဲ့ပြီး၊ အခုနှစ်မှာ ကျောင်းပြန်တက်တဲ့ ကျောင်းသားဦးရေ ၂၀ ရာခိုင်နှုန်းလောက်သာ ရှိတယ်လို့ ပြောကြပါတယ်။


ဆက်စပ်သတင်းများ

ပိုမိုကြည့်ရှုရန်...

စစ်တပ်အာဏာသိမ်းပြီးနောက် သတ်ဖြတ်ဖမ်းဆီးမှုစာရင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း


226

ရက်

၂၀၂၁ စက်တင်ဘာ ၁၄ အထိ

1089

သေဆုံးသူစုစုပေါင်း

8,128

ဖမ်းဆီးခံရသူ စုစုပေါင်း

Video

ကာတွန်း


မြန်မာ့နိုင်ငံရေး နှင့် စစ်တပ်

ဒေါ်အောင်ဆန်းစုကြည် - ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က မဲအပြတ်အသတ် အနိုင်ရပြီးနောက် ၂၀၁၆ ခုနှစ်မတ်လမှ စ၍ အရပ်သား အစိုးရ အဖွဲ့ ခေါင်းဆောင် ဖြစ်လာသည်။ စစ်တပ်က ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်သည် သား နှစ်ဦး နိုင်ငံခြားသားများ ဖြစ်နေသောကြောင့် သမ္မတဖြစ်ခွင့် မရှိဘဲ နိုင်ငံတော်အတိုင်ပင်ခံအဖြစ် တာဝန်ယူထားပါသည်။

ဗမာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဖြစ်ပြီး ဖခင်လုပ်ကြံခံရစဉ်က အသက်နှစ်နှစ်သာရှိသေးသည်။ နိုင်ငံရပ်ခြားတွင် ဆယ်စုနှစ်များစွာ နေထိုင်ပြီးနောက် ခေတ္တပြန်လာစဉ် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနှင့် ကြုံတွေ့ရပြီးနောက် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် NLD ပါတီ အပြတ်အသတ် အနိုင်ရအောင် ဦး ဆောင်ခဲ့သည်။ ၁၉၈၉ မှ ၂၀၁၀ အကြား ၁၅ နှစ်ကြာ နေအိမ် အ ကျယ်ချုပ် ထိန်းသိမ်းခံခဲ့ရသည်။

၂၀၁၆ ခုနှစ်တွင် နိုင်ငံတော်အတိုင်ပင်ခံဖြစ်လာပြီးနောက် ယခင်စစ်အစိုးရလက်ထက်က ရေးသားခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် လွှတ်တော်တွင် NLD ပါတီက အဆိုပြုခဲ့သော်လည်း နိုင်ငံရေးတွင်စစ်တပ်ပါဝင်မှုကို ထိပါးခြိမ်း‌ခြောက်လာမည့် အပြောင်းအလဲများကို ပယ်ချရန် လွှတ်တော်၏လေးပုံတစ်ပုံ နေရာယူထားသည့် စစ်တပ်ကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြပါသည်။

တစ်ချိန်က "ဒီမိုကရေစီသင်္ကေတ" အဖြစ် နိုင်ငံတကာက အသိအမှတ်ပြုခဲ့ကြသည့် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၇ ခုနှစ်တွင် ရိုဟင်ဂျာမွတ်ဆလင်များအပေါ် စစ်တပ်၏ အကြမ်းဖက် နှိမ်နင်းမှုကို ဝန်ခံဖြေရှင်းရန် ငြင်းဆန်မှုကြောင့် ဝေဖန်ရှုံ့ချခံခဲ့ရပါသည်။ အဆိုပါအကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာ ထောင်နှင့်ချီသေဆုံးပြီး ခုနစ်သိန်းကျော် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခိုလှုံခဲ့ရသော်လည်း ဤဖြစ်ရပ်သည် ရဲကင်းစခန်းများအား တိုက်ခိုက်သည့် မွတ်ဆလင်စစ်သွေးကြွများကို စစ်တပ်က နှိမ်နင်းသည့် သောင်းကျန်းသူစစ်ဆင်ရေးအဖြစ်သာ ဒေါ်အောင်ဆန်းစုကြည် က ခုခံကာကွယ် ပြောဆိုခဲ့သည်။

ဥရောပအဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားသည့် "လွတ်လပ်ခွင့်ဆု" များကို ပြန်ရုတ်သိမ်းခဲ့ပြီး အမေရိကန်ပြည်ထောင်စုရှိ Holocaust ပြတိုက်ကလည်း လူ့အခွင့်အရေးဆုကို ပြန်ရုတ်သိမ်းခဲ့ပါသည်။ ၁၉၉၁ ခုနှစ်တွင် ချီးမြှင့်ခဲ့သည့် နိုဘယ်ငြိမ်းချမ်းရေးဆုကို ရုတ်သိမ်းရန် တောင်းဆိုမှုများလည်း ရှိခဲ့ပါသည်။ ပြည်တွင်းတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် လူကြိုက်များဆဲဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ရွေးကောက်ပွဲတွင် NLD ပါတီ မဲအပြတ်အသတ် အနိုင်ရရေးတွင် အဓိက အရေးပါခဲ့ပါသည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များကို စစ်တပ်က ဖမ်းဆီးခဲ့ပါသည်။

ဦးမြင့်ဆွေ - လွှတ်တော်တွင် စစ်တပ်အစုအဖွဲ့က အမည်စာရင်း တင်သွင်းပြီးနောက် ဒုသမ္မတ ဖြစ်လာသည့် ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ သမ္မတဦးဝင်းမြင့် အပါအဝင် NLD ဦးဆောင်သည့် အစိုးရအဖွဲ့ ခေါင်းဆောင်များကို ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးအာဏာသိမ်းလိုက်ပြီးနောက် ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် စစ်တပ်က ခန့်အပ်ခဲ့သည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဉပဒေပါ အရေးပေါ်ကာလ ပြဌာန်းချက်များကို သုံးပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်သို့ တရားဝင်အာဏာလွှဲပြောင်းပေးခဲ့သည့်အတွက် အစိုးရဝန်ကြီးဌာနအားလုံးကို ကာကွယ်ရေးဦးစီးချုပ်က တစ်နှစ်ထိန်းချုပ်ခွင့် ရရှိခဲ့သည်။

မွန်တိုင်းရင်းသားတစ်ဦးဖြစ်သည့် ဦးမြင့်ဆွေသည် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး ယခင် သမ္မတဦး ထင်ကျော် ရာထူးမှနုတ်ထွက်ပြီးနောက် ၂၀၁၈ မတ်လတွင် ယာယီသမ္မတ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုမတိုင်မီက ဦးမြင့်ဆွေသည် ၂၀၁၁ မတ်လမှ ၂၀၁၆ မတ်လအထိ ရန်ကုန်တိုင်း၀န်ကြီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည်။

ဦးမြင့်ဆွေသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကဲ့သို့ပင် DSA စစ်တက္ကသိုလ်ဆင်း တစ်ဦးဖြစ်ပြီး စစ်တပ်တွင် ရာထူးအဆင့် တက်လာခဲ့သည်။ ၁၉၉၇ တွင် ဗိုလ်မှူးချုပ် ရာထူးဖြင့် အမှတ် ၁၁ ခြေမြန်တပ်မ တပ်မမှူး ဖြစ်ခဲ့သည်။ ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နအဖ စစ်အစိုးရအဖွဲ့ဝင် စသဖြင့် တာဝန်ယူခဲ့သည်။

နောက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာပြီး ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ ၂၀၀၂ ခုနှစ်တွင် အာဏာရှင်ဟောင်း ဦးနေ၀င်းမိသားစု၏ အာဏာသိမ်းရန် ကြံစည်မှုကို ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်းခင်ညွှန့်၏ သစ္စာခံ စစ်ထောက်လှမ်းရေးများကို ဖယ်ရှားခဲ့သည်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဒီမိုကရေစီလှုပ်ရှားမှုကို ဖြိုခွဲခဲ့သည်။

၂၀၀၄ ခုနှစ်တွင် စစ်ဘက်ရေးရာလုံခြုံရေး အရာရှိချုပ် ဖြစ်လာပြီး ၂၀၀၆ တွင် အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဖြစ်လာခဲ့သည်။ ၂၀၀၈ မေလ နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ဦးမြင့်ဆွေ၏ လုပ်ရပ်များအတွက် ဝေဖန်ခံခဲ့ရသည်။ နာဂစ်မုန်တိုင်းဒဏ်ကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာအကူအညီများကို ကနဦးတွင် ငြင်းပယ်ခဲ့သည့် အတွက် မြန်မာစစ်ခေါင်းဆောင်များကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် တက်ကြွလှုပ်ရှားသူများကို ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့သူအဖြစ် လူသိများသူ ဖြစ်သည်။ အဆိုပါရွေးကောက်ပွဲကို NLD ပါတီက သပိတ်မှောက်ခဲ့သည့် အတွက် စစ်တပ်လိုလားသော USDP ပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့သည်။


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်အုပ်ချုပ်သည့် နိုင်ငံဘဝမှ ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ၂၀၁၁ ခုနှစ်တွင် စတင်ကူးပြောင်းချိန်တွင် စစ်တပ်အတွင်း တဖြည်းဖြည်း ရာထူးအဆင့် မြင့်တက်လာသူ ဖြစ်သည်။

၁၉၇၂ - ၁၉၇၄ ခုနှစ် ရန်ကုန်တက္ကသိုလ် ဥပဒေပညာအဓိက တက်ရောက်ခဲ့ပြီးနောက် ကြည်းရေလေစစ်တပ်အတွက် အရာရှိလောင်းများ မွေးထုတ်ပေးရာ DSA စစ်တက္ကသိုလ် တက်‌ရောက်ပြီး ရာထူးအဆင့်ဆင့် တက်လာခဲ့သည်။

၂၀၁၆ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သား အစိုးရလက်ထက်တွင် နိုင်ငံရေးတွင် ပိုမိုပါဝင်ပတ်သက်လာပြီး ဓာတ်ပုံများ၊ ထုတ်ပြန်ချက်များနှင့် နိုင်ငံတကာ အဆင့်မြင့် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများကို လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ် တင်ခဲ့သည်။၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာမွတ်ဆလင်များအား စစ်တပ်မှ ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့်အတွက် သူ၏အကောင့်ကို ဖေ့စ်ဘွတ်ခ်က ဖြုတ်မချခင်အထိ followers သိန်းနှင့်ချီ ရှိခဲ့သည်။

လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်များနှင့် စပ်လျဉ်း၍ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ဘက်က ခုခံကာကွယ် ခဲ့သော်လည်း ပြီးခဲ့သည့်နှစ်နှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကြား ဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။ ၂၀၂၀ နို၀င်ဘာ ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပါတီ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရ ပြီး‌‌‌နောက် မဲမသမာမှုရှိခဲ့သည်ဆိုသည့် စစ်တပ်၏ စွပ်စွဲချက်များကို NLD အစိုးရရွေးကောက်ပွဲကော်မရှင်က လက်မခံဘဲ ငြင်းပယ်လိုခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းရန် ခြိမ်းခြောက်သည့်စကားများကို ရိပ်ဖမ်းသံဖမ်း ပြောကြားခဲ့ဖူး သော်လည်း လွှတ်တော်အသစ်ကျင်းပမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းလိုက်ချိန်တွင်မူ ပြည်တွင်းပြည်ပက အံ့အားသင့်သွားခဲ့ကြသည်။ အာဏာသိမ်းခြင်းသည် ဆယ်စုနှစ်တစ်စုကြာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်ပြီး၊ နိုင်ငံတကာမျက်နှာစာတွင် မြန်မာစစ်တပ်၏ အပယ်ခံ အထီးကျန်အခြေအနေကို ပိုမိုထင်ရှားသွားစေပါသည်။

ဦးဝင်းမြင့် - သမ္မတဦးထင်ကျော် ကျန်းမာရေးကြောင့် ရာထူးမှနုတ်ထွက်ပြီးနောက် ၂၀၁၈ မတ်လတွင် သမ္မတ ဖြစ်လာခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက် ဖမ်းဆီးထိန်းသိမ်း လိုက်သည့်အချိန်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

၂၀၁၂ ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတတာဝန် မယူခင်အထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတအဖြစ် ခန့်အပ်ခြင်းမခံရမီ ဒုသမ္မတအဖြစ် တာဝန်ယူခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိသူ အနီးကပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့် ဦးဝင်းမြင့်သည် ရန်ကုန်တက္ကသိုလ်တွင် ဘူမိဗေဒဘာသာရပ်ကို လေ့လာခဲ့ပြီး ၁၉၈၁ တွင် အထက်တန်းရှေ့နေနှင့် တရားလွှတ်တော်ရှေ့နေ၊ လေးနှစ်အကြာတွင် တရားရုံးချုပ်ရှေ့နေ ဖြစ်လာခဲ့သည်။

၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ အကျဉ်းချခြင်း ခံခဲ့ရသည်။ ထောင်မှလွတ်မြောက်ပြီးနောက် ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ဓနုဖြူမြို့နယ်အတွက် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အနိုင်ရရှိခဲ့သည်။ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီက မဲအပြတ်အသတ် အနိုင်ရခဲ့သော်လည်း စစ်အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ၂၀၁၁ ခုနှစ်အထိ အာဏာကို ဆက်လက်ချုပ်ကိုင်ခဲ့သည်။

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရပြီးနောက် ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ အတွင်းရေးမှူး ဖြစ်လာခဲ့သည်။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ခံရသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

ဖြစ်စဉ်အချိန်ပြမှတ်တမ်း
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု


  • ၂၀၂၁ ဇူလိုင် ၂၆ ရက်

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက ပယ်ဖျက်လိုက်သည်။ ဤလုပ်ရပ်ကို လက်မခံကြောင်း အနိုင်ရ နိုင်ငံရေးပါတီများက ဝေဖန်ရှုတ်ချလိုက်ကြသည်။

  • ၂၀၂၁ ဇူလိုင် ၂ဝ ရက်

    NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းသည် အကျဉ်းထောင်အတွင်း ကိုဗစ် -၁၉ ကူးစက်ခံရပြီး ကွယ်လွန်ခဲ့သည်။ ကပ်ရောဂါကာလအတွင်း ဖမ်းဆီးခံထားရစဉ် ကွယ်လွန်ခြင်းအတွက် အဓိကတရားခံသည် စစ်ကောင်စီဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားခဲ့ကြသည်။

  • ၂၀၂၁ ဇူလိုင် ၁၉ ရက်

    နှစ်စဉ်ကျင်းပသည့် အာဇာနည်နေ့အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အား တက်ရောက်ခွင့်မပြုဘဲ စစ်‌ကောင်စီက ပိတ်ပင်ခဲ့သည်။ မြို့အတော်များများတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက ဆန္ဒပြခဲ့ကြသည်။

  • ၂၀၂၁ ဇူလိုင် ၇ ရက်

    ၁၉၆၂ စစ်တပ်အာဏာသိမ်းမှုကို ဆန့်���ျင်သည့် ဇူလိုင် ၇ ရက် ကျောင်းသားလှုပ်ရှားမှု နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းက မြို့ကြီးများတွင် လူငယ်အများအပြား စုဝေးဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီကို ဆက်လက်တိုက်ပွဲဝင်ကြရန် ပြည်သူများကို တောင်းဆိုခဲ့ကြသည်။

  • ၂၀၂၁ ဇူလိုင် ၂ ရက်

    စစ်ကောင်စီအဖွဲ့ဝင်သုံးဦး အပါအဝင် စစ်ကောင်စီနှင့်ဆက်နွယ်သူ ၂၂ ဦးကို အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူလိုက်ပြီး ဒီမိုကရေစီလမ်းကြောင်းသို့ ပြန်မသွားပါက တိုးမြှင့်အရေးယူမည်ဟု ထုတ်ပြန်လိုက်သည်။

  • ၂၀၂၁ ဇွန် ၃၀ ရက်

    စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြောင့် ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးထားသူများအပါအဝင် အကျဉ်းသား ၂၃၀၀ ခန့်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်သည်။ ဤလုပ်ရပ်သည် ဖေဖော်ဝါရီလ အာဏာသိမ်းမှုအပြီး စစ်ကောင်စီကို နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် ရည်ရွယ်ကြောင်း လေ့လာသူများက ဝေဖန်ခဲ့ကြသည်။

  • ၂၀၂၁ ဇွန် ၁၈ ရက်

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးနှင့် မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုများ ပိတ်ပင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးက ထောက်ခံမဲအများစုဖြင့် သဘောတူဆုံးဖြတ်လိုက်ပါသည်။

  • ၂၀၂၁ ဇွန် ၁၄ ရက်

    ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်အပေါ် စစ်ကောင်စီက စွဲထားသည့်အမှုများအတွက် တရားလိုအဖြစ် ဆောင်ရွက်သူများကို နေပြည်တော် အထူးတရားရုံးတွင် ပထမဆုံးအကြိမ် စတင်စစ်ဆေးခဲ့သည်။ ဤစွဲချက်များသည် ရွေးကောက်ပွဲရလဒ် ပျက်ပြယ်ရန် နိုင်ငံရေးအရ တမင်အမှုဆင်ခြင်းဖြစ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။

  • ၂၀၂၁ ဇွန် ၄ ရက်

    ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ ရက်ရက်စက်စက် ကျူးလွန်ခံခဲ့ရသည့် ရိုဟင်ဂျာမွတ်ဆလင်များအား နိုင်ငံသားဖြစ်ခွင့်ပြုရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကတိပြုလိုက်သည်။

  • ၂၀၂၁ ဇွန် ၂ ရက်

    စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲသတင်းများ ပေးပို့မှုကြောင့် မြိတ်မြို့မှ DVB သတင်းထောက် ကိုအောင်ကျော်နှင့် Mizzima သတင်းထောက် ကိုဇော်ဇော်တို့ကို ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည်။

  • ၂၀၂၁ မေ ၂၄ ရက်

    ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အထူးတရားရုံးတွင် ပထမဆုံးအကြိမ် လူကိုယ်တိုင်ရုံးထုတ်ခဲ့သည်။ ဖေဖော်ဝါရီ ၁ ရက်နေ့ ဖမ်းဆီးခံရချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့် တို့သည် ပြင်ပတွင် ဖြစ်ပျက်နေသည်များကို ဘာမှ သိမထားကြောင်း ရှေ့နေများက ပြောသည်။

  • ၂၀၂၁ မေ ၁၇ ရက်

    စစ်ကောင်စီအဖွဲ့ဝင် ၄ ဦးနှင့် ဝန်ကြီးအဆင့် ၉ ဦးကို အမေရိကန်ပြည်ထောင်စု၏ ပိတ်ဆို့အရေးယူမှုစာရင်းတွင် ဖြည့်စွက် ထည့်သွင်းလိုက်သည်။ အလားတူ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့ကလည်း စစ်ကောင်စီနှင့်ဆက်စပ်သည့် လူပုဂ္ဂိုလ်များ လုပ်ငန်းများကို အသီးသီး ပိတ်ဆို့အရေးယူလိုက်သည်။

  • ၂၀၂၁ မေ ၉ ရက်

    စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်ပြီး တော်လှန်ရေးကဗျာများရေးသားသူ ကဗျာဆရာခက်သီ (ခေါ်) ကိုဇော်ထွန်းကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် တစ်ကိုယ်လုံးညိုမည်းနေပြီး ခန္ဓာကိုယ်တွင်းကလီစာများ မပါတော့သည့် ရုပ်အလောင်းကို မိသားစုထံ ပြန်ပို့ပေးခဲ့သည်။

  • ၂၀၂၁ မေ ၅ ရက်

    ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် အမျိုးသားညီညွှတ်ရေးအစိုးရက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဖွဲ့စည်းလိုက်သည်။

  • ၂၀၂၁ ဧပြီ ၂၉ ရက်

    မိတ္ထီလာနှင့် မကွေးမြို့ရှိ စစ်ကောင်စီ လေတပ်အခြေစိုက်စခန်းနှစ်ခု ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးကြောင်း အတည်မပြုနိုင်သေးသည့် ဆိုရှယ်မီဒီယာသတင်းများအရ သိရသည်။

  • ၂၀၂၁ ဧပြီ ၂၄ ရက်

    မြန်မာနိုင်ငံတွင် အကြမ်းဖက်သတ်ဖြတ်မှုများ ချက်ချင်းရပ်ပြီး အာဆီယံ အထူးကိုယ်စားလှယ်တစ်ဦး၏ ကြားဝင်ညှိနှိုင်းမှုဖြင့် သက်က်ဆိုင်သူအားလုံး ဆွေးနွေးကြရန် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) အရေးပေါ် ထိပ်သီးအစည်းအဝေးက သဘောတူဆုံးဖြတ်လိုက်သည်။

  • ၂၀၂၁ ဧပြီ ၁၆ ရက်

    ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ကိုယ်စားလှယ်များ၊ တိုင်းရင်းသားကိုယ်စားပြု ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ ပါဝင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government) ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား ဗဟိုပြုပြီး ဖွဲ့စည်းလိုက်သည်။

  • ၂၀၂၁ ဧပြီ ၈ ရက်

    စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် တက်တက်ကြွကြွ ပါဝင်ခဲ့သူ နာမည်ကျော် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်ကို စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

  • ၂၀၂၁ ဧပြီ ၂ ရက်

    စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးသမားများ၊ သတင်းထောက်များ၊ တက်ကြွလှုပ်ရှားသူများနှင့် ဆန္ဒပြသူ ရာနှင့်ချီပြီး အဓမ္မဖမ်းဆီးခဲ့ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောကြားလိုက်သည်။

  • ၂၀၂၁ ဧပြီ ၁ ရက်

    စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရက်ရက်စက်စက် ကျူးလွန်သည့် ဓာတ်ပုံ ဗီဒီယိုများ နိုင်ငံတကာသတင်းမီဒီယာများတွင် ပျံ့နှံ့နေခြင်းကို ထိန်းချုပ်နိုင်ရန်အတွက် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုအားလုံးကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ဖြတ်တောက်ခဲ့သည်။

  • ၂၀၂၁ မတ် ၃၁ ရက်

    ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်နေကြောင်း စစ်ကောင်စီက စွဲဆိုထားသည့် အမှုအတွက် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေဒေါ်မင်းမင်းစိုးက ဒေါ်အောင်ဆန်းစုကြည်ကို အွန်လိုင်း ဗီဒီယိုစနစ်ဖြင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရအပြီး ပြောကြားသည်။

  • ၂၀၂၁ မတ် ၃၀ ရက်

    မတ်လ ၂၇ ရက်နှင့် ၂၈ ရက်နေ့ကစပြီး ကရင်ပြည်နယ်တွင် စစ်‌ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာသားခြောက်ဦးသေဆုံးပြီး ထောင်နှင့်ချီသည့်ဒေသခံများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးခဲ့ကြရာ ထိုင်းအာဏာပိုင်များက လက်မခံဘဲ မြန်မာဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

  • ၂၀၂၁ မတ် ၂၈ ရက်

    မန္တလေးမြို့တွင် သားသမီးလေးယောက်ဖခင် ဦးအေးကို (အသက် ၄၂ နှစ်) ကို ရပ်ကွက်အတွင်း ညဘက်ကင်းစောင့်နေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ကားတာယာပုံပေါ်တွင် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်သည်။ ဦးအေးကိုကို ကယ်တင်ရန်ကြိုးစားသူများကိုလည်း သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။

  • ၂၀၂၁ မတ် ၂၇ ရက်

    စစ်ကောင်စီက တပ်မတော်နေ့ ချီတက်အင်အားပြပွဲနှင့် ညစာစားပွဲ ပြုလုပ်သည့် တစ်နေ့တည်းမှာပင် နိုင်ငံတဝန်း ဆန္ဒပြသူများကို တစ်နေကုန် လိုက်လံပစ်ခတ် သတ်ဖြတ်သည့်အတွက် ကလေးငယ်ခြောက်ဦးအပါအဝင် လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့သည်။ ဤနေ့ကို "ဂုဏ်ကျက်သရေမဲ့သော အကြမ်းဖက်နေ့" အဖြစ် ဥရောပသမဂ္ဂက ရှုတ်ချလိုက်သည်။

  • ၂၀၂၁ မတ် ၂၆ ရက်

    စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသူ လူငယ်များအနေဖြင့် နောက်စေ့နှင့်နောက်ကျောကို ပစ်ခတ်ခံရမည့်အန္တရာယ် ရှိနေကြောင်း စစ်ကောင်စီ၏ မြန်မာ့အသံရုပ်မြင်သံကြားက ထုတ်လွှင့်သွားသည်။

  • ၂၀၂၁ မတ် ၂၅ ရက်

    စစ်တပ်၏ အဓိကစီးပွားရေးဒေါက်တိုင် ကုမ္ပဏီနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် မြန်မာ့စီးပွား‌ရေးကော်ပိုရေးရှင်းတို့ကို အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်က ပိတ်ဆို့အရေးယူလိုက်သည်။

  • ၂၀၂၁ မတ် ၂၄ ရက်

    စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသည့် ဆန္ဒပြသူခြောက်ရာကျော်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်ပြီး နောက်တစ်ကြိမ် ဖမ်းဆီးခံရပါက တရားစွဲဆိုပြီး ထောင်ဒဏ်ချမှတ်ခံရမည်ဟု စစ်ကောင်စီက ကြေညာသည်။

  • ၂၀၂၁ မတ် ၁၈ ရက်

    လက်ရှိ မြန်မာနိုင်ငံအခြေအနေအပေါ် အထူးစိုးရိမ်ကြောင်းနှင့် ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအတွက် အဆင့်မြင့်တပ်မတော် တစ်ရပ် တည်ထောင်ခဲ့သည့် အတွေ့အကြုံများကို မျှဝေလိုကြောင်း အင်ဒိုနီးရှားလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တာဂျာဂျန်တိုက အာဆီယံကာကွယ်ရေးဦးစီးချုပ်များ အွန်လိုင်းဗီဒီယိုအစည်းအဝေးတွင် ပြောကြားလိုက်သည်။

  • ၂၀၂၁ မတ် ၁၇ ရက်

    မြန်မာနိုင်ငံတွင် နောက်ဆုံးကျန်နေသည့် ပုဂ္ဂလိကပိုင် သတင်းစာတစ်စောင်ဖြစ်သည့် The Standard Time Daily သည် ထုတ်ဝေမှု ရပ်ဆိုင်းလိုက်သည်။/p>

  • ၂၀၂၁ မတ် ၁၅ ရက်

    ဆန္ဒပြသူများ သတင်းစီးဆင်းမှု ပြတ်တောက်အောင် ရည်ရွယ်ပြီး စစ်ကောင်စီက မိုဘိုင်းဖုန်းအင်တာနက် ဆက်သွယ်ရေးလိုင်းများကို ၂၄ နာရီ ဖြတ်တောက်လိုက်သည်။ နိုင်ငံတစ်ဝန်းရှိ မြို့များတွင် လူ ၂၅ ဦးထက်မနည်း ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည်။

  • ၂၀၂၁ မတ် ၁၄ ရက်

    ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်တွင် တရုတ်အထည်ချုပ်စက်ရုံတချို့ မီးရှို့ခံခဲ့ရပြီးနောက် ဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ၅၁ ဦးထက်မနည်း သေဆုံးခဲ့သည်။

  • ၂၀၂၁ မတ် ၁၂ ရက်

    ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲသတင်းယူရင်း ဖမ်းဆီး ထိန်းသိမ်းခံထားရသည့် သတင်းထောက်၃၇ ဦးထဲမှ ခြောက်ဦးကို စစ်ကောင်စီက စမ်းချောင်းနှင့် ကမာရွတ်မြို့နယ် တရားရုံးတွင် ဗီဒီယိုအွန်လိုင်းစနစ်ဖြင့် ရုံးထုတ် စစ်ဆေးခဲ့သည်။

  • ၂၀၂၁ မတ် ၁၀ ရက်

    မြန်မာစစ်တပ်သည် မြို့ပေါ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်မြေပြင်တွင်သာ တွေ့ရတတ်သည့် စစ်လက်နက် နည်းလမ်းများအသုံးပြုပြီး အကြမ်းဖက်ဖြိုခွဲနေကြောင်း မှတ်တမ်းဗီဒီယိုများကို အခြေခံပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့က သုတေသန အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။

  • ၂၀၂၁ မတ် ၇ ရက်

    နိုင်ငံတဝန်းရှိ တက္ကသိုလ်များ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများကို စစ်ကောင်စီတပ်က ဝင်ရောက် နေရာယူလိုက်သည်။ မဇ္ဈိမ၊ ဒီမိုကရက်တစ်မြန်မာ့အသံ (ဒီဗွီဘီ)၊ 7Day၊ Myanmar Now နှင့် ခေတ်သစ်… စသည့် ပြည်တွင်းအခြေစိုက် သတင်းဌာနငါးခုကို ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်လိုက်သည်။

  • ၂၀၂၁ မတ် ၆ ရက်

    ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်မှ NLD ပါတီ ရပ်/ကျေးဥက္ကဋ္ဌ ဦးခင်မောင်လတ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်တနေ့တွင် နှိပ်စက်ညှဉ်းပန်းခံထားရသည့် ဒဏ်ရာများဖြင့် ပြည့်နေသည့် ရုပ်အလောင်းကို ပြန်ယူရန် မိသားစုကို အကြောင်းကြားခဲ့သည်။

  • ၂၀၂၁ မတ် ၄ ရက်

    မန္တလေးမြို့တွင် မတ် ၃ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရသည့် အသက် ၁၉ နှစ်အရွယ် မကြယ်စင်၏ သင်္ချိုင်းအုတ်ဂူကို စစ်ကောင်စီက စစ်ကားတစ်စီး၊ ရဲကားခြောက်စီးဖြင့် လာရောက်တူးဖော်ခဲ့သည်။ ယင်းသည် မကြယ်စင် သေဆုံးရသည့် အကြောင်းရင်းကို ဖုံးကွယ်ရန်ကြိုးပမ်းမှုအဖြစ် လေ့လာသူများက ဝေဖန်ထောက်ပြခဲ့ကြသည်။

  • ၂၀၂၁ မတ် ၃ ရက်

    နိုင်ငံတဝန်း လူထုဆန္ဒပြပွဲများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျည်အစစ်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ပြီး အကြမ်းဖက်ရိုက်နှက်ဖြိုခွဲသည့်အတွက် လူ ၃၈ ဦးထက်မနည်း သေဆုံးပြီး၊ တစ်ရာကျော် ဒဏ်ရာရရှိခဲ့သည်။

  • ၂၀၂၁ မတ် ၁ ရက်

    စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အပေါ် မူလစွဲဆိုထားသည့် သွင်းကုန်ပို့ကုန်ပုဒ်မ၊ သဘာဝဘေးအန္တရာယ် ပုဒ်မများအပြင် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နှင့် ဆက်သွယ်ရေးပုဒ်မ ၆၇ လိုင်စင်မဲ့ လမ်းလျှောက်စကားပြောစက် ပိုင်ဆိုင်မှု တို့ဖြင့် ထပ်တိုးတရားစွဲလိုက်သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၂၈ ရက်

    ရန်ကုန်၊ မန္တလေးနှင့် နိုင်ငံတဝန်းက မြို့ကြီးများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အသံဗုံး၊ မျက်ရည်ယိုဗုံး၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ဖြိုခွဲမှုကြောင့် လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၂၆ ရက်

    မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ပြည်သူများ၏လုံခြုံရေးအတွက် လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အာဏာသိမ်းမြန်မာစစ်တပ်ကို အပြင်းထန်ဆုံး အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံကို တိုက်တွန်းလိုက်သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၂၅ ရက်

    ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို စစ်တပ်ထောက်ခံသူ လူတစ်စုက တုတ်၊ လေးခွများဖြင့် တိုက်ခိုက်သည့်အတွက် လူ ၂၀ ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၂၄ ရက်

    အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီး Retno Marsudi ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် စစ်ကောင်စီဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တွေ့ဆုံသည်။ အင်ဒိုနီးရှား နိုင်ငံခြားရေး၀န်ကြီးက ပြည်သူလူထု၏ အသံကို နားထောင်ဖို့ စစ်ကောင်စီကို တိုက်တွန်းလိုက်သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၂၃ ရက်

    မြန်မာစစ်တပ်က အင်တာနက်ဖြတ်တောက်ပြီး လွတ်လပ်စွာဖော်ထုတ်ခွင့်ကို ပိတ်ပင်သည့်အပေါ် စိုးရိမ်ကြောင်း၊ လက်နက်မဲ့ ပြည်သူများကို ကျည်အစစ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်အပေါ် လုံးဝလက်မခံနိုင်ကြောင်းနှင့် လူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာရန် စက်မှုထိပ်သီး ခုနစ်နိုင်ငံက တောင်းဆိုလိုက်သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၂၂ ရက်

    စစ်ကောင်စီက လူငါးယောက်ထက် ပိုမစုဝေးရန် အမိန့်ထုတ်ထားသော်လည်း နိုင်ငံတဝန်းရှိ မြို့ကြီးများတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် သိန်းနှင့်ချီသည့် လူထုက လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၂၀ ရက်

    မန္တလေး ရတနာပုံသင်္ဘောကျင်းအနီး ဆန္ဒပြသူများကို စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်များက ပစ်ခတ်သည့်အတွက် ဆန္ဒပြသူနှစ်ဦး သေဆုံးခဲ့သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁၉ ရက်

    နေပြည်တော်တွင် ဦးခေါင်းကို ကျည်ထိမှန်ခဲ့သည့် မမြသွဲ့သွဲ့ခိုင်ကို အသက်ရှုစက်ဖြုတ်လိုက်ပြီးနောက် သေဆုံးသွားပြီဖြစ်ကြောင်း ဆရာဝန်များက အတည်ပြုပြောကြားသည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁၆ ရက်

    ဖွဲ့စည်းပုံအခြေခံဉပဒေနှင့် အညီ စစ်တပ်အာဏာသိမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်ကို လုံခြုံသည့်နေရာတွင် ထိန်းသိမ်းထားပြီး ကျန်းမာရေးကောင်းမွန်နေကြောင်း စစ်ကောင်စီ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁၂ ရက်

    စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းထားသည့် အစိုးရအရာရှိများ၊ တက်ကြွလှုပ်ရှားသူများ၊ အရပ်ဘက်အဖွဲ့အစည်းဝင်များ၊ သတင်းထောက်များ၊ သံဃာတော်များနှင့်ကျောင်းသား ၃၅၀ ကျော်နှင့် ပတ်သက်၍ စုံစမ်းနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ လက်ထောက်မဟာမင်းကြီး Nada Al-Nashif က ပြောကြားလိုက်သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁၀ ရက်

    အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်များကို အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာလိုက်သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၉ ရက်

    နေပြည်တော်တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အချက် ၆၀ ခန့် ပစ်ခတ်သည့်အတွက် အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်းကို ထိမှန်ခဲ့သည်။ ၁၀ ရက်အကြာတွင် အသက်ရှူစက် ဖြုတ်လိုက်ပြီးနောက် မမြသွဲ့သွဲ့ခိုင် ကွယ်လွန်ခဲ့သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၈ ရက်

    နိုင်ငံတစ်ဝန်းတွင် အာဏာသိမ်းမှုဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ညမထွက်ရအမိန့်နှင့် လူ ငါးဦးထက်ပိုပြီး မစုဝေးကြရန် ထုတ်ပြန်လိုက်သည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁ ရက်

    စစ်တပ်အာဏာသိမ်းခြင်းကို လုံးဝလက်မခံဘဲ တခဲနက် ဆန့်ကျင်တုံ့ပြန်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများကို ပန်ကြားလိုက်သည်။ အာဏာသိမ်းနိုင်သည်ကို ကြိုတင်ခန့်မှန်းမိသဖြင့် လုပ်ဖော်ကိုင်ဘက်များနှင့် တိုင်ပင်ပြီး ပြည်သူသို့ ပန်ကြားချက်တစ်စောင် ရေးသားခဲ့ခြင်း ဖြစ်ကြောင်း NLD နာယက ဦးဝင်းထိန်က ပြောသည်။

  • ၂၀၂၁ ဖေ‌ဖော်ဝါရီ ၁ ရက်

    ရွေးကောက်ပွဲ အငြင်းပွားဖွယ် ကိစ္စရပ်များကို ဖြေရှင်းမပေးဘဲ လွှတ်တော်အသစ်ခေါ်ယူဖို့ ကြိုးစားခြင်းသည် တည်ငြိမ်မှုကို ထိခိုက်စေသည့်အတွက် နိုင်ငံတော်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်လိုက်ကြောင်း ယာယီသမ္မတ ဦးမြင့်ဆွေက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည်။ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထိပ်တန်းခေါင်းဆောင်များကို ဖမ်းဆီးလိုက်သည်။

  • ၂၀၂၁ ဇန်နဝါရီ ၂၉ ရက်

    စစ်တပ်က စွပ်စွဲထားသလို ရွေးကောက်ပွဲ မဲမသမာမှု မဖြစ်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။

  • ၂၀၂၁ ဇန်နဝါရီ ၂၆ ရက်

    ရွေးကောက်ပွဲ အငြင်းပွားမှုများနှင့် ပတ်သက်၍ သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက "စစ်တပ်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနိုင်ကြောင်း " ပြောကြားလိုက်သည်။

  • ၂၀၂၁ ဇန်နဝါရီ ၂၀ ရက်

    နိုဝင်ဘာလ ရွေးကောက်ပွဲသည် လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဖြစ်ကြောင်း သက်သေပြရန်၊ ထိုသို့ သက်သေပြနိုင်မှသာ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်ကို စစ်တပ်က တောင်းဆိုလိုက်သည်။

  • ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်

    လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူပေးရန် ပြည်ထောင်စုလွှတ်တော်နာယကက ငြင်းဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်းရှိမရှိ ပြန်လည်ဆန်းစစ်ရန်လိုအပ်မည်ဟု တပ်မတော်က ပြောကြားလိုက်သည်။

  • ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်

    ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းအမှားများ၊ မဲမသမာမှုများ ရှိနိုင်သဖြင့် တပ်မတော်က စိစစ်‌ဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်သို့ ရောက်ရှိနေသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ပြောဆိုခဲ့သည်။

  • ၂၀၂၁ ဇန်နဝါရီ ၁၂ ရက်

    တပ်မတော်သားနှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်များ တောင်းဆိုထားသလို လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူပေးရန် အစီအစဉ်မရှိကြောင်း၊ ရွေးကောက်ပွဲကိစ္စများနှင့် စပ်လျဉ်း၍ ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ထုတ်ပြန်သည်။

  • ၂၀၂၁ ဇန်နဝါရီ ၁၁ ရက်

    ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမကုန်ဆုံးမီ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ တင်ပြဆွေးနွေးရန်အတွက် လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူပေးရန် တပ်မတော်သားကိုယ်စားလှယ် ၁၆၀ ဦး၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၃၆ ဦး အပါအဝင် ကိုယ်စားလှယ် ၂၀၃ ဦးက တောင်းဆိုလိုက်သည်။

  • ၂၀၂၁ ဇန်နဝါရီ ၈ ရက်

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တရားမမျှတမှု၊ မရိုးသားမှုများ တွေ့ရှိခဲ့ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ဦးစီးတက္ကသိုလ် အရာရှိများအား ဗီဒီယိုမိန့်ခွန်းမှတစ်ဆင့် ပြောကြားခဲ့သည်

  • ၂၀၂၀ ဒီဇင်ဘာ ၂၃ ရက်

    နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်းပေါင်း ၇.၆ သန်းကျော် ရှိခဲ့သည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က စွပ်စွဲထုတ်ပြန်လိုက်သည်။

  • ၂၀၂၀ ဒီဇင်ဘာ ၁၀ ရက်

    ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်းများကို ကူးယူခွင့်တောင်းခံခြင်းသည် ဥပဒေနှင့်အညီဖြစ်ကြောင်း၊ ရွေးကောက်ပွဲကော်မရှင်သည် ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုဖြင့် သံသယကင်းအောင် ဆောင်ရွက်ပေးသင့်ကြောင်း စစ်တပ်သတင်းပြန်ကြားရေးအဖွဲ့က တုံ့ပြန်လိုက်သည်။

  • ၂၀၂၀ ဒီဇင်ဘာ ၇ ရက်

    ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း အထောက်အထားများကို မိတ္တူကူးခွင့်ပေးရန် စစ်တပ်၏တောင်းဆိုချက်ကို ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်သည်။

  • ၂၀၂၀ နိုဝင်ဘာ ၃၀ ရက်

    နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲဖြစ်စဉ်များ ဉပ‌ဒေနှင့်အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်းရှိမရှိကို စစ်တပ်နှင့် ၎င်းတို့၏မိသားစုများ မဲပေးခဲ့သည့် မြို့နယ် ၂၁၈ ကိုမူတည်၍ ပြန်လည်စိစစ်သုံးသပ်နေကြောင်း စစ်တပ်က ထုတ်ပြန်သည်။

  • ၂၀၂၀ နိုဝင်ဘာ ၈ ရက်

    အာဏာရ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်နေရာ စုစုပေါင်း ၃၉၆ နေရာတွင် အနိုင်ရရှိပြီး၊ စစ်တပ်ကျောထောက်နောက်ခံပြု USDP ပါတီက ၃၃ နေရာသာ ရရှိခဲ့သည်။

  • ၂၀၂၀ နိုဝင်ဘာ ၈ ရက်

    ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲရလာဒ်ကို ငြင်းပယ်၍မရဘဲ လက်ခံသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မဲရုံတွင် မဲပေးရင်း သတင်းထောက်များကို ပြောကြားသည်။

  • ၂၀၂၀ နိုဝင်ဘာ ၅ ရက်

    နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတ၏ အရည်အချင်းပျက်ယွင်းခြင်း၊ ဉပဒေအရ ပေးအပ်သောတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း စသည့်အချက်များကို ကျူးလွန်ပါက စွပ်စွဲပြစ်တင်ခြင်းကို ဆောင်ရွက်နိုင်ကြောင်း တပ်မတော်က ပြောကြားလိုက်သည်။

  • ၂၀၂၀ နိုဝင်ဘာ ၃ ရက်

    ကော်မရှင်က ထုတ်ပြန်မည့် တရားမျှတသည့် ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဖြစ်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲကာလက ပြောဆိုခဲ့သောလည်း ယခုအခါ သတိထားရမည့် အခြေအနေ ဖြစ်လာ၍ ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

  • ၂၀၂၀ နိုဝင်ဘာ ၂ ရက်

    ၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မဖြစ် ရွေးကောက်ပွဲကော်မရှင်အပေါ် သံသယရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာချက်ထုတ်ပြန်သည်။ ရွေးကောက်ပွဲကော်မရှင် အဆင့်ဆင့်၏ မှားယွင်းမှုအားလုံးအတွက် အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကြီးကြပ်ရန် တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

  • ၂၀၂၀ ဩဂုတ် ၁၄ ရက်

    ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်စီစဉ်မှုဖြင့် နိုင်ငံရေးပါတီ ၃၄ ပါတီနှင့် တွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ တရားမျှတမှု မရှိပါက ဝင်ရောက်ဖြေရှင်းပေးရန် ပါတီခေါင်းဆောင်အချို့က အကူအညီတောင်းခံခဲ့ရာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိမိမလုပ်ရဲတာ ဘာမှမရှိကြောင်း ပြောဆိုခဲ့သည်။

  • ၂၀၁၅ နိုဝင်ဘာ ၈ ရက်

    ၁၉၉၀ နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပသည့် အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီက မဲအပြတ်အသတ် အနိုင်ရရှိခဲ့သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိအောင် တားမြစ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ကသာ အာဏာကို ဆက်လက်ထိန်းချုပ်ထားခဲ့သည်။ NLD အစိုးရကဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူး ဖန်တီးပြီး ကန့်သတ်ချက်များကို ရှောင်ရှားခဲ့သည်။