“လွတ်ငြိမ်းခွင့်မှာ ကြေညာသူဦးရေရဲ့ တစ်ဝက်ခန့်သာ အပြင်ရောက်”

နိုင်ငံရေးအရအဓိကကျတဲ့ခေါင်းဆောင်တွေမလွတ်ရင် ယာယီထွက်ပေါက်ရှာတာလို့ အရင်က NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။

နိုင်ငံရေးအရအရေးယူတဲ့ပုဒ်မတွေနဲ့ထောင်ချထားတဲ့ အကျဥ်းသား ခုနှစ်ထောင့်သုံးရာကျော်ကို ခံဝန်ကတိနဲ့လွှတ်ပေးမယ်လို့ စစ်ကော်မရှင်ကကြေညာခဲ့ပေမယ့် မတ်လ ၃ ရက်နေ့ညအထိ အယောက်သုံးထောင်ကျော်ပဲလွတ်သေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အဖွဲ့က ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။

“အကျဥ်းထောင် ၄၂ ထောင်ကို ကျွန်တော်တို့စောင့်ကြည့်နေတာပေါ့လေ။ အဲတော့ ဒီနေ့ညနေအထိ ၃၆၀၀ ကျော်လွတ်လာတာကိုတွေ့ရတယ်။ စစ်တပ်ကြေညာထားတဲ့ ခုနှစ်ထောင်ကျော်ဆိုတာကတော့ လုံးဝမပြည့်ခဲ့ဘူး”

မတ်လ ၂ ရက်နေ့က အင်းစိန်ထောင်ကနေလွတ်လာတဲ့သူထဲမှာ NLD ပါတီက မနီမိုလှိုင် ပါလာတာ တွေ့ရပါတယ်။

“အစ်မနဲ့က တူဝရီးသုံးယောက်လုံးပေါ့နော် ပါလာတယ်၊ စုမြတ်ရော၊ တကသဥက္ကဌ ဆုရည်လင်းရော ပါလာတယ်”

စစ်ကိုင်းတိုင်း ကလေးထောင်ကနေ လူရာနဲ့ချီလွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၅ ယောက်လောက်ပဲပါဝင်ပြီး ထင်ရှားတဲ့နိုင်ငံရေးသမားတွေမပါဝင်ဘူးလို့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးက RFA ကို ပြောပါတယ်။

“ပြောရရင်တော့ ရွေးချယ်ပြီးမှလွှတ်တာဗျ။ ၅၀ (ည) လို့သာပြောတာ အမှုတိုင်းလည်းမလွတ်ဘူး။ အဲ ၅၀ (ည) ထဲကနေ ရွေးကောက်လွှတ်တာ။ ကျွန်တော့်အသိထဲမှာ ကလေးဝကသူငယ်ချင်း ယောက်ျား လေး နှစ်ယောက်ပါတယ်။ ယောက်ျားလေးက ကိုးယောက်လို့ ပြောတာ ဒါပေမဲ့ ကျွန်တော့်သူငယ်ချင်းထဲက နှစ်ယောက်ပဲပါတာပေါ့။ မိန်းကလေး သုံးယောက်ပါတယ်။ နတ်ချောင်းကတစ်ယောက်ပါတယ်။ သူကတော့ကျောင်းသားသမဂ္ဂဗျ “

လက်ရှိကလေးအကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား နှစ်ရာထက်မနည်းကျန်နေသေးတယ်လို့ သူကဆိုပါတယ်။

မုံရွာထောင်မှာလည်း နိုင်ငံရေးအကျဉ်းသား ၂၂၇ ဦးခန့်လွတ်မြောက်ခဲ့ပြီး ည ၁၂ နာရီအထိ တစ်သုတ်စီလွှတ်ပေးခဲ့တယ်လို့ မြို့ခံနိုင်ငံ​ရေးအကျဥ်းသား​ဟောင်းတစ်ဦးက RFA ကိုပြောပါတယ်။

“မနေ့ကတော့ ည ၁၂ လောက်အထိကို ဖြည်းဖြည်းချင်းလွှတ်တယ်လို့သိရတယ်။ ပုံမှန်ဆိုရင် တစ်လျှောက်လုံးလွှတ်လို့ရရက်သားနဲ့ သူတို့ အချိန်မကြာကြာအောင် ငါးယောက်ချင်း ငါးယောက်ချင်းလွှတ်တော့ ည ၁၂ လောက်အထိကိုရောက်သွားတယ်”

ဒီအထဲမှာ စစ်ကောင်စီလွတ်ငြိမ်းပေးထားတဲ့ ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) တရားစွဲခံရတဲ့သူတွေ မုံရွာထောင်ထဲမှာကျန်နေသေးတယ်လို့ပြောပါတယ်။

မုံရွာထောင်ကနေ မကွေးထောင်ကိုပြောင်းရွှေ့ခံရသူတွေထဲမှာ ဥပဒေပုဒ်မ ၅၀ (ည) နဲ့ ၅၂ (က) တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုပါဝင်ပြီး အဲဒီထဲက ဆယ်ဦးခန့်သာလွတ်ငြိမ်းထဲပါဝင်တယ်လို့ ပြောပါတယ်။ မန္တလေးအိုးဘိုထောင်က ၁၃၀၀ ခန့်၊ မြင်းခြံထောင်က ၁၆၀ ခန့် လွှတ်ပေး ခဲ့ပေမယ့် လွတ်လာတဲ့သူအားလုံးက နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။

နိုင်ငံရေးအရအဓိကကျတဲ့ ခေါင်းဆောင်တွေမလွတ်ရင် ယာယီထွက်ပေါက်ရှာတာလို့ အရင်က NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က RFA ကိုပြောပါတယ်။

“အဓိကကတော့ နိုင်ငံက ပြည်သူအများစုမျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့ ပြန်လွတ်လာမှ စစ်မှန်တဲ့ရည်ရွယ်ချက်နဲ့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးတယ်လို့ ကျနော်တို့ကတော့ ဆုံးဖြတ်ပါမယ်။ ဒီလို မဟုတ်သေးရင်တော့ နိုင်ငံတကာဖိအားတွေ သူတို့မှာ တစ်စုံတစ်ခု ကြုံတွေနေရတဲ့အကျပ်အတည်းကြောင့် ယာယီထွက်ပေါက်ရှာတာ အရင်ထုံးစံအတိုင်းပဲ လုပ်တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်”

ပုဒ်မ ၅၀ (ည)နဲ့ ၅၂ (က) အရပြစ်ဒဏ်ကျခံနေရတဲ့သူတွေကိုလွှတ်ပေးမယ်လို့ ကြေညာထားပေမဲ့ အဲဒီပုဒ်မတွေနဲ့ ထောင်ချခံထားရတဲ့သူတွေမလွတ်တဲ့အကြောင်း မိသားစုဝင်တွေက လူမှုကွန်ယက် တွေမှာရေးနေကြတာလည်းတွေ့ရပါတယ်။