မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲတွေ တောက်လျှောက် ဖြစ်ပွားနေပါတယ်။ အာဏာသိမ်းစစ်တပ်ကို နိုင်အောင်တိုက်ဖို့ မဖြစ်နိုင်ဘူးလို့ အများက ယူဆခဲ့ကြတာပါ။ ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေမှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေက တောက်လျှောက် အနိုင်ရခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ဆယ်ကျော် ရှိပါတယ်။ အဲဒီထဲမှာ တပ်ဖွဲ့ဝင်အင်အား ခန့်မှန်းခြေ သုံးသောင်းကျော်ရှိတဲ့ ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ အာရက္ခတပ်တော် AA တို့က အကြီးဆုံး ဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက်မှာ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပေါ်ထွက်လာပါတယ်။ PDF တပ်ဖွဲ့ပေါင်း၂၅၀ ကနေ ၃၀၀ အကြားရှိပြီး တပ်ဖွဲ့ဝင်အင်အား သောင်းဂဏန်းအထိ ရှိနေပါတယ်။ ဒီတပ်ဖွဲ့တွေဟာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အတူတွဲပြီး အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်နေကြတာပါ။
ဒီတိုက်ပွဲတွေကြောင့် နိုင်ငံအတွင်းမှာ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရသူ သုံးသန်းကျော် ရှိလာပါပြီ။ နိုင်ငံအရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်မှာ နယ်စပ်ဖြတ်ပြီး ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်တွေ ဆက်ရှိနေဆဲပါ။
တိုက်ပွဲတွေနဲ့အတူ ထိန်းချုပ်နယ်မြေ အပြောင်းအလဲတွေကိုလည်း တွေ့လာရပါတယ်။ စစ်ကောင်စီက အဓိကမြို့ကြီးတွေကို ထိန်းချုပ်ထားပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်တွေဘက်ကလည်း နယ်မြေအသစ်တွေကို ထိန်းချုပ်လာနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အမျိုးမျိုးအဖုံဖုံကွဲပြားတဲ့ နယ်မြေတွေမှာ အာဏာကို ခွဲဝေကျင့်သုံးမယ့် ဖက်ဒရယ်အစိုးရတစ်ရပ် ပေါ်ထွန်းလာဖို့ အလှမ်းဝေးနေတယ်လို့ ထင်ရပေမယ့် အတော်များများက မျှော်လင့်ချက်အပြည့် ရှိနေဆဲပါ။ ရှေ့ဆက်ပြီး ဘာတွေ ဖြစ်လာနိုင်ပါသလဲ…။
ရှေ့တန်းစစ်မျက်နှာမှာရှိနေတဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ဘဝအကြောင်း၊ အနာဂတ်အတွက် သူတို့ရဲ့မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ RFA က ပထမဆုံးအကြိမ်အဖြစ် သွားရောက်တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ပါတယ်။