ကရင်နီတော်လှန်ရေးနယ်မြေက နေ့စဉ်ဘဝ

စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရေးတိုက်ပွဲ စစ်မြေပြင်က သတင်းပေးပို့ချက်

Young woman sits on bed with a fake wooden rifle around her neck
ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) မှ အသက် ၁၈ နှစ်အရွယ် မိလင်းဦးကို ရှမ်းပြည်တောင်ပိုင်း တပ်စခန်းတစ်ခုတွင် စစ်သင်တန်းပြီးဆုံးပြီးနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်က တွေ့ရစဉ်။ စစ်ကောင်စီတပ်က မိလင်းဦးပညာသင်ကြားနေသည့် စာသင်ကျောင်းကို ၂၀၂၃ ခုနှစ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်။(Gemunu Amarasinghe/RFA)

ကရင်နီကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်တည်ထောင်ရေး ကြိုးပမ်းမှုအကြောင်း အပိုင်းသုံးပိုင်းပါ RFA ဓာတ်ပုံဆောင်းပါး ပထမပိုင်းဖြစ်ပါသည်။ ဒုတိယပိုင်းတတိယပိုင်း နှင့် မာလတီမီဒီယာ ဖတ်ရှုရန်။

ဒီးမော့ဆို၊ ကယားပြည်နယ်

လူသူကင်းမဲ့တဲ့ နှစ်ထပ်အိမ်တွေ၊ စုလစ်မွန်းချွန်နဲ့ ဘုရားကျောင်းတွေ၊ လေဟာပြင်စျေးတွေရှိတဲ့ ဒီမြို့ကလေးဟာ တစ်ချိန်က စည်ကားခဲ့တဲ့ ဒီးမော့ဆိုမြို့လေးပါ။ အာဏာသိမ်းစစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေအကြား လေးနှစ်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကယားပြည်နယ်ရဲ့ အထင်ကရမြို့လေးမှာ မြေမြှုပ်မိုင်းသတိပေးဆိုင်းဘုတ်တွေက ခြုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းနေပါပြီ။

ဒေသခံတွေက လက်နက်ကြီးအန္တရာယ်နဲ့ဝေးရာ မြို့အနောက်ဘက်ကို တိမ်းရှောင်သွားကြပါတယ်။ ဘေးတစ်ဖက်တစ်ချက်မှာ အစိမ်းရောင်မိုးကာနဲ့ ဝါးတိုင်ထူစျေးဆိုင်လေးတွေရှိတဲ့ ချိုင့်ခွက်တွေရွှံ့ဗွက်တွေနဲ့ လမ်းကြမ်းအတိုင်း ဆက်သွားရင်တော့ စစ်ဘေးဒုက္ခသည်စခန်းတွေ၊ တော်လှန်ရေးအဖွဲ့တွေရှိတဲ့ တောအုပ်ထဲကို ရောက်ပါမယ်။

လွန်ခဲ့တဲ့လေးနှစ်က အရပ်သားဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်တဲ့ ပြည်တွင်းစစ် စတင်ခဲ့ပါတယ်။

Sun shines through broken window of dilapidated church
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ဖျက်ဆီးခဲ့သည့် ဒေါညေးခူ ဘုရားရှိခိုးကျောင်းကို ၂၀၂၄ အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ကယားပြည်နယ်မှာတော့ ကျောင်းဆရာကအစ လယ်သမားတွေ၊ ဈေးသည်တွေအထိ ပါဝင်တဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဦးဆောင်တဲ့ တပ်ပေါင်းစုက ကျေးလက်ဒေသ နေရာအတော်များများကို အောင်အောင်မြင်မြင် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒီတော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒေသအစိုးရသစ်တစ်ရပ်ဖွဲ့ဖို့ ကြိုးစားနေကြပါတယ်။

ကရင်နီဒေသက စစ်ပွဲတွေအတွင်း စစ်ကောင်စီတပ် ဆုတ်ခွာသွားတဲ့နေရာတွေမှာ အုပ်ချုပ်ရေးတည်ဆောက်နေပုံတွေကို သိနိုင်ဖို့ ဝါရှင်တန်ဒီစီရုံးချုပ်က RFA သတင်းထောက်တွေ မကြာသေးခင်က ကယားပြည်နယ်ကို ၁၇ ရက်ကြာ သွားရောက်လေ့လာခဲ့ပါတယ်။

အဲဒီရက်ပိုင်းမှာပဲ ဒီးမော့ဆိုမြို့မြောက်ဘက်ကို စစ်ကောင်စီတပ်က တန်ပြန်ထိုးစစ်ဆင်လာသလို၊ တော်လှန်ရေးအဖွဲ့တွေကလည်း လက်နက်ခဲယမ်း ဖြည့်တင်းနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့တွေကလည်း ရနိုင်သလောက်ပစ္စည်း အနည်းအကျဉ်းနဲ့ပဲ အဆင်ပြေအောင်ကြိုးစားနေကြရပါတယ်။

Ten people crowd in the back of a truck with possessions
ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ- ပိန္နဲကုန်းကားလမ်းတွင် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြသည့် ဒေသခံများကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ကရင်နီဒေသခံတွေကတော့ စစ်တပ်ရဲ့အုပ်စိုးမှုအောက်က လွတ်မြောက်ဖို့မျှော်လင့်ချက်နဲ့ ဆက်ပြီးတောင့်ခံနေကြပါတယ်။

“ခံစားရတာတွေ အများကြီးပါပဲ။ ဒါပေမဲ့ မျှော်လင့်ချက်တွေကတော့ ပိုပြီးခိုင်မာလာပါတယ်။ ရုန်းကန်နေတာ အရေးကြီးတယ်ဆိုတဲ့အကြောင်း အားလုံးက နားလည်ကြပါတယ်” လို့ လူငယ် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ယောက်ဖြစ်တဲ့ ခွန်းဘီထူးက ပြောပါတယ်။



စစ်အရိပ်အငွေ့အောက်က စည်ကားနေတဲ့ လမ်းမကြီး

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့နေရာကို စစ်ကောင်စီတပ်က ပိတ်ဆို့ဖို့ ကြိုးစားနေပေမဲ့ ညှပ်ဖိနပ်ကအစ၊ လတ်ဆတ်တဲ့ပန်းတွေအလယ်၊ ရေခဲမုန့်၊ ဆိုလာမီးနဲ့သုံးတဲ့ ရေခဲသေတ္တာအဆုံး ရောင်းချနေတဲ့ လမ်းမကြီးကို ဒီးမော့ဆိုမြို့နယ်မှာ တွေ့ရပါတယ်။

သူတို့သွားမယ့်နေရာကို လွှဲပြောပြီး၊ ဒါမှမဟုတ် စစ်ဆေးရေးဂိတ်တွေကို ငွေပေးပြီး ပစ္စည်းတွေသယ်လို့ရနေသေးတယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောပါတယ်။

Two men stack large bags of rice
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်အနီးတွင် ရိတ်သိမ်းပြီးခါစ စပါးများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် သယ်ယူနေသည့် Free Burma Rangers တပ်ဖွဲ့မှ ကိုအောင်ဇေယျ (ဝဲ)။ (Gemunu Amarasinghe/RFA)
Two trucks loaded with belongings drive down a dirt road
ရှမ်းပြည်နယ်တောင်ပိုင်းရှိ ကျေးရွာဒေသခံများ ရိတ်သိမ်းပြီးခါစ စပါးအိတ်များနှင့်အတူ ထွက်ပြေးလာသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

စစ်ကောင်စီက အဲဒီဒေသကို လျှပ်စစ်မီး ဖြတ်ထားပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ Starlink ဂြိုဟ်တု အင်တာနက်ဆက်သွယ်ရေးသုံးတဲ့ အင်တာနက်ကဖေးတွေလည်း ရှိနေပါတယ်။ ဘီယာနဲ့ ဂျော်နီဝါးကားဝီစကီ သောက်လို့ရတဲ့နေရာတွေလည်း ရှိပါတယ်။ ဒီနေရာဟာ ကျောက်တောင်တွေ၊ တောင်ကမ်းပါးရံတွေ ဝန်းရံထားတဲ့ တောင်ကြားထဲမှာပါ။

ဒီအထဲမှာ လူတွေအလာများတဲ့ဆိုင်တစ်ဆိုင်ကတော့ အသက် ၄၇ နှစ်အရွယ် နော်ဝါးဝါးရဲ့ ထမင်းကြော်ဆိုင်ပါ။ ပူပြင်းတဲ့နေရောင်အောက်မှာ ထင်းမီးထိုးပြီးရောင်းတဲ့ ထမင်းကြော်ကို ဖောက်သည်တွေက ဝက်သားခြောက်၊ ရေနွေးကြမ်းနဲ့ စားသောက်နေကြပါတယ်။

“သိပ်များများစားစားတော့ မရပါဘူး။ နေ့စဉ်နေထိုင်စားသောက်စရိတ်ကတော့ ကာမိပါတယ်” လို့ သူက ပြောပါတယ်။

ဆိုင်အပြင်မှာတော့ တော်လှန်ရေးတပ်သားတွေပါလာတဲ့ ကားတွေ မကြာမကြာ ဖြတ်သွားနေပါတယ်။ စစ်ကောင်စီတပ်တွေ ဒီဒေသက ဆုတ်သွားကြပေမဲ့ ကယားပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်စခန်းတွေ အတော်များများ ရှိနေပါသေးတယ်။

“သူတို့က မြေပြင်မှာယှဉ်ပြီး စစ်မတိုက်နိုင်တော့ လေယာဉ်နဲ့ ဗုံးလာကြဲတယ်။ ဒါကြောင့် ကျွန်မတော့ ကြောက်နေတုန်းပဲ” လို့ နော်ဝါးဝါးက ပြောပါတယ်။ ဘေးမှာတော့ သူ့ရဲ့ ၁၀ နှစ်အရွယ်သမီးလေးက စားပွဲထိုးလုပ်နေပြီး သူ့ခင်ပွန်းက ထင်းခွဲနေပါတယ်။

Map showing the locations of the capital Naypyidaw, Phuk Khe village, Pekon, Loikaw, Demoso, Hpasawng, and Mese in Myanmar

ကယားပြည်နယ်ဟာ မြန်မာနိုင်ငံက တခြားတိုင်းနဲ့ပြည်နယ်တွေလိုပဲ လူမျိုးစုံ ရောနှောနေထိုင်တဲ့ ဒေသတစ်ခုပါ။ ‘ကရင်နီ’ ဆိုတဲ့ အသုံးအနှုန်းက ကယားပြည်နယ်ထဲမှာနေတဲ့ လူမျိုးအားလုံးကို လွှမ်းခြုံတယ်လို့ ဆိုပါတယ်။

ဗြိတိသျှကိုလိုနီလက်အောက်က လွတ်လပ်ရေးရဖို့အတွက် သဘောတူစာချုပ် ချုပ်ခဲ့ချိန်က ပေးထားခဲ့တဲ့ကတိတွေ ချိုးဖောက်ခဲ့တဲ့ စစ်အစိုးရအဆက်ဆက်ကို သူတို့တော်လှန်နေတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ ၂၀၁၂ ခုနှစ်မှာတော့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရပြီး တည်ငြိမ်မှုရှိလာပါတယ်။

ဒီသဘောတူညီမှုက ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ်အနိုင်ရမဲ့ ခရီးလမ်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ခဲ့ပါတယ်။ အရပ်သား ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်မှာတော့ ဒီသဘောတူညီချက်တွေ ပြိုပျက်သွားခဲ့ပါတယ်။

နေရာအတော်များများမှာ စစ်ကောင်စီကိုဆန့်ကျင်တဲ့အဖွဲ့တွေ မဟာမိတ်ဖွဲ့ထားကြပါတယ်။ ကယားပြည်နယ် အပြင်က ရောက်လာတဲ့ ဒီမိုကရေစီဘက်တော်သား တော်လှန်ရေးအဖွဲ့တွေလည်း သူတို့နဲ့ ပူးပေါင်းလာကြပါတယ်။

လက်ရှိ KNDF အဖွဲ့မှာ တပ်သားပေါင်း ၈,၀၀၀ ကျော်တယ်လို့ ပြောပါတယ်။ သတင်းရင်းမြစ်တစ်ခုရဲ့ အဆိုအရ ဒီကာလအတွင်းတိုက်ပွဲတွေမှာ ကျဆုံးသွားတဲ့တပ်သား ၄၀၀ ကျော် ရှိပြီလို့ ဆိုပါတယ်။

Man shows his back tattoos
စစ်ကောင်စီနှင့်တိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်အရေအတွက်ကို ကျောပြင်တွင် ရေးထိုးထားသည့် ဒု-စစ်ဦးစီးချုပ် မာဝီကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သီးခြားလွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ တစ်ချိန်က အိပ်မက်မက် ခဲ့ကြပေမယ့်၊ လက်ရှိရည်မှန်းချက်ကတော့ မြန်မာနိုင်ငံက တိုင်းရင်းသားအားလုံးပါဝင်တဲ့ ဖက်ဒရယ်ပုံစံအစိုးရ တည်ထောင်ဖို့၊ ဒေသအလိုက် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရဖို့ ဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက ဗဟိုအစိုးရအာဏာကို ဗမာလူမျိုးတွေက ယူထားပြီး တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တဲ့အတွက် အခုလာမယ့် ဖက်ဒရယ်စနစ်က ပထမဆုံးဖက်ဒရယ်စနစ် ဖြစ်ပါလိမ့်မယ်။

ဒါပေမဲ့ မျှော်မှန်းသလို ဖြစ်လာဖို့တော့ ခက်ခဲနေပါသေးတယ်။

ကယားပြည်နယ်ရဲ့ ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ပေမယ့် ပြည်နယ်မြို့တော် လွိုင်ကော်အပါအဝင် တချို့နယ်မြေတွေကို စစ်ကောင်စီက ထိန်းချုပ်ထားဆဲပါ။ ကားလမ်းမကြီးတွေကို မသုံးနိုင်တဲ့အတွက် အရင်က ကျွန်းတွေ၊ သစ်တွေသယ်တဲ့ တောလမ်းတွေကို အားကိုးနေရပါတယ်။ အရောင်းအဝယ် သိပ်မဖြစ်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Four children huddle in a ditch
ရှမ်းပြည်နယ်တောင်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းတွင် လေကြောင်းရန်ကာကွယ်ရေး ကြိုတင်လေ့ကျင့်မှုတစ်ခုအတွင်း ဗုံးရှောင်ကျင်းထဲ၌ ပုန်းအောင်းနေသည့် ကလေးငယ်များကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

နယ်မြေတွေ လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီဟာ တော်လှန်ရေးတပ်တွေကို အထောက်အပံ့တွေ ဖြတ်တောက်ဖို့အတွက် စစ်ပြေးဒုက္ခသည်စခန်းတွေနဲ့ စာသင်ကျောင်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းက‌နေ ဗုံးကြဲတိုက်ခိုက်ပါတယ်။ ဒါကြောင့် ကားမောင်းတဲ့အခါ မျက်လုံးတစ်ဖက်က လမ်းကိုကြည့်ပြီး တစ်ဖက်ကကောင်းကင်ကို မော့ကြည့်ပြီး မောင်းရတယ်လို့ ဒေသခံတွေက ဟာသနှောပြီး ပြောကြပါတယ်။ ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက်ခံရမယ့်အန္တရာယ်ကတော့ တကယ်ရှိနေပါတယ်။



“သရီးဒီ” လူငယ်နဲ့ လက်လုပ်ဒရုန်းများ

ဒီးမော့ဆိုကလာတဲ့ လမ်းမကြီးနားက လျှို့ဝှက်စခန်းတစ်ခုမှာတော့ လူငယ်တစ်ယောက်က စစ်ကောင်စီတပ်တွေကို ကောင်းကင်ကနေ တိုက်ဖို့ ကြိုးစားနေပါတယ်။ ကျောင်းသားတစ်ယောက်ပုံ ပေါက်တဲ့ “သရီးဒီ” လို့ခေါ်တဲ့ လူငယ်တစ်ယောက် တဲထဲကနေ ထွက်လာပါတယ်။

သူက တက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံ လေ့လာခဲ့ပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက် UAV လို့ ခေါ်တဲ့ မောင်းသူမဲ့ ဒရုန်းတွေအကြောင်း ကိုယ့်ဘာသာ လေ့လာသင်ယူခဲ့ပါတယ်။ ရုရှားနဲ့ယူကရိန်းစစ်ပွဲမှာ UAV ဒရုန်းတွေ မသုံးခင်ကတည်းက ဒီဒရုန်းတွေကို တော်လှန်ရေးတိုက်ပွဲတွေမှာ အသုံးချနိုင်မယ်လို့ ယုံကြည်ခဲ့သူပါ။ အခုတော့ သူက KNDF ဒရုန်းတပ်ရဲ့ ခေါင်းဆောင် ဖြစ်နေပါပြီ။

Drone pilot works on a drone on the floor
ရှမ်းပြည်နယ်တောင်ပိုင်း ရွှေပြည်အေးကျေးရွာမှ ဆုတ်ခွာရန် ပြင်ဆင်နေသည့် KNDF ဒရုန်းတပ်မှ Aaron Kyawsey ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ ဒရုန်းတွေကို ဘယ်လို တပ်ဆင်ထုတ်လုပ်နေသလဲဆိုတာကို သရီးဒီနဲ့ သူ့အဖွဲ့သားတွေက RFA ကို ပြပါတယ်။ အရပ်ဘက်သုံး ဒရုန်းအစိတ်အပိုင်းတွေသုံးပြီး ပြန်မွမ်းမံထားတဲ့ဒရုန်းတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စောင့်ကြည့်ဖို့၊ တိုက်ခိုက်ဖို့ သုံးနေတာ ဖြစ်ပါတယ်။

သူတို့အဖွဲ့ တီထွင်ထုတ်လုပ်ထားတဲ့ RPG ဒုံးကျည်သယ်ဆောင်ပြီး ပျံသန်းနိုင်တဲ့ “ကာမီကာဇေ” လို့ နာမည်ပေးထားတဲ့ ဒရုန်းတစ်ခုကို သရီးဒီက ထုတ်ပြပါတယ်။

“ကျွန်တော်တို့မှာ ရန်သူနဲ့ယှဉ်ရင် လက်နက်အင်အား အများကြီးနည်းတယ် မဟုတ်လား။ သူတို့မှာက လက်နက်တိုက်တွေ၊ လက်နက်စက်ရုံတွေ ရှိတယ်။ သူတို့လိုတာမှန်သမျှ ရနိုင်တယ်။ ကျွန်တော်တို့ကတော့ ဒီဒရုန်းတွေကိုပဲ အားကိုးရတယ်” လို့ သူက ပြောပြပါတယ်။

Drone pilot works on two drones on the floor
KNDF တပ်စခန်းတစ်ခုတွင် တပ်ဖွဲ့ဝင်တစ်ဦး ဒရုန်းတပ်ဆင်နေသည်ကို ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
Two people move near a drone to prepare it for flight
KNDF တပ်စခန်းတစ်နေရာတွင် ဒရုန်းစမ်းသပ်ရန် ပြင်ဆင်နေသည့် တပ်ဖွဲ့ဝင်နှစ်ဦးကို ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
A drone flies in a blue sky with no clouds
KNDF တပ်စခန်းတစ်နေရာတွင် ဒရုန်းစမ်းသပ်ပျံသန်းနေသည်ကို ၂၀၂၄ ခုနှစ် နိုင်ဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းမှာ တရုတ်လုပ်ဒရုန်းအသစ်တွေကို သုံးလာတယ်လို့ ပြောပါတယ်။ တရုတ်ဒရုန်းတွေက တော်လှန်ရေးတပ်တွေသုံးတဲ့ ကြားဖြတ်ပိတ်ဆို့စက် (Jammer) တွေကို ကျော်လွှားနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်ကောင်စီတပ်ဟာ လွိုင်ကော်မြို့ထဲကို အရေးကြီးထောက်ပို့ပစ္စည်းတွေ ပို့နိုင်ပြီး နယ်မြေတချို့ကို ပြန်ပြီးသိမ်းယူနိုင်ခဲ့တာလို့ KNDF ခေါင်းဆောင်တချို့က ပြောပါတယ်။

RFA က ရောက်သွားချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းက ရွာနှစ်ရွာ ရွှေ့ပြောင်းနေကြပါတယ်။ တော်လှန်ရေးတပ်တွေဘက်မှာ လက်နက်ခဲယမ်း ပြတ်လပ်တာနဲ့ စစ်ကောင်စီဘက်က ဒရုန်းယာဉ်အသစ်တွေနဲ့တိုက်ခိုက်လာတာကြောင့်လို့ တပ်ရင်းမှူးတွေက ပြောကြပါတယ်။ သရီးဒီနဲ့ အဖွဲ့သားတွေဟာ ဒီဒရုန်းအသစ်တွေကို ပိတ်ဆို့နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေကြပါတယ်။

“တစ်ခါတလေ အလုပ်ဖြစ်ပြီး၊ တစ်ခါတစ်လေလည်း အလုပ်မဖြစ်ဘူး”

“ကြောင်နဲ့ ကြွက်လိုပါပဲ။ ကျွန်တော်တို့က ပိုကောင်းအောင် အဆင့်မြှင့်လိုက်ရင်၊ သူတို့ဘက်ကလည်း ထပ်ပြီး အဆင့်မြှင့်လာတယ်။ ဒါဆို ကျွန်တော်တို့ဘက်ကလည်း ထပ်ပြီး အဆင့်မြှင့်ရတယ်” လို့ သရီးဒီက ပြောပါတယ်။

Man stands in a large crater
ရှမ်းပြည်နယ်တောင်ပိုင်းရှိ “ဘန်ကောက်” စစ်ဘေးဒုက္ခသည်စခန်းတွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြေပြင်တွင်ချိုင့်ဝင်သွားသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

အစိုးရသစ်တစ်ရပ် တည်ထောင်ခြင်း

တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူပေါင်းတစ်သိန်းခွဲလောက် မြို့ပေါ်ကအိမ်တွေကိုစွန့်ပြီး တောထဲတောင်ထဲကို ထွက်ပြေးခဲ့ရပါတယ်။ စစ်ကောင်စီတပ်တွေကို တိုက်နေရတာအပြင်၊ စစ်ပြေးဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေရတာကလည်း တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားပြီးနောက် လစ်ဟာသွားတဲ့ အရပ်ဘက်အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီကောင်စီမှာ ပြည်ထဲရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့အခွင့်အရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေကို စီမံခန့်ခွဲဖို့ ဌာနတွေ ပါဝင်ပါတယ်။

“ခင်ဗျားက သူပုန်တစ်ယောက်ဆိုရင်၊ အကြမ်းဖက်သမား ဒါမှမဟုတ် သောင်းကျန်းသူလို့ပဲ သတ်မှတ်ကြလိမ့်မယ်။ ဒါပေမဲ့ အစိုးရတစ်ရပ် ဖြစ်သွားတဲ့အခါ တရားဝင်ဖြစ်မှုရလာမယ်။ လူတွေကြားမှာ ပိုပြီး လေးစားခံလာရမယ်” လို့ IEC ရဲ့ ခေါင်းဆောင် ခွန်းဘီထူးက ပြောပါတယ်။

1 / 5
Elderly woman stares longingly out of a car window
2 / 5
A little boy and elderly woman sit in a blue vehicle
3 / 5
Two men with baskets of belongings cover their heads with a hat and jacket
4 / 5
A woman with a pile of rice bags waits by a large tree
5 / 5
Several children sit on a blanket on the ground eating from bowls
Caption Text

IEC ဟာ မကြာသေးခင်က ဒေသခံပြည်သူတွေအတွက် ဘဏ္ဍာငွေရဖို့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြင်ပက ကုန်ပစ္စည်းတင်သွင်းလာသူတွေဆီက အခွန်ကောက်ခံတာတွေ စလုပ်ခဲ့ပါတယ်။ RFA သတင်းထောက်တွေ လိုက်ပါလာတဲ့ ထရပ်ကားပေါ်မှာ ဒေသခံတွေဆီက ကောက်ခံရရှိထားတဲ့ အခွန်ငွေတွေကို ဆာလာအိတ်တွေနဲ့ထည့်ပြီး သယ်လာတာ ထိုင်းဘတ်ငွေသုံးသန်း၊ အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၈၈,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ ဒီငွေတွေရဲ့ ၇၀ ရာခိုင်နှုန်းကို တော်လှန်ရေးအတွက် အသုံးပြုမှာဖြစ်ပြီး ကျန်တာကို ပြည်သူ့ဝန်ဆောင်မှုတွေအတွက် သုံးမယ်လို့ ဆိုပါတယ်။

စစ်ပွဲကာလ သုံးနှစ်ကျော် ကြာလာတဲ့အချိန်မှာ အလှူငွေရဖို့ ခက်သထက်ခက်လာနေတယ်လို့ IEC ရဲ့ စစ်ပြေးဒုက္ခသည်စခန်းများစီမံခန့်ခွဲမှုဌာန ဒုတိယညွှန်ကြားရေးမှူး မော်ရီးရီက ပြောပါတယ်။ လက်ရှိမှာ IEC ဟာ ဒုက္ခသည်တွေရဲ့လိုအပ်ချက် ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ ဖြည့်ဆည်းပေးနိုင်ပြီး၊ လိုအပ်ချက်နဲ့ ဘဏ္ဍာငွေအရင်းအမြစ် ကွာဟချက်က ကြီးသထက်ကြီးလာနေပါတယ်။

A group of children kick a ball towards a net on a patch of dirt with a church in the background
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ Bia Blo ဘုရားကျောင်း အပြင်ဘက်တွင် ကလေးငယ်များ ခြင်းခတ်ကစားနေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ဒီးမော့ဆိုမြို့က လမ်းမကြီးမှာ အဝတ်လျှော်ဆိုင်တစ်ဆိုင် ဖွင့်ထားပြီး စစ်ပြေးဒုက္ခသည်တွေကို အလုပ်ခန့်ထားတယ်လို့ မော်ရီးရီက ဆိုပါတယ်။ ဒါ့အပြင် ဒီမိုကရေစီမြှင့်တင်ဖို့ အင်္ဂလိပ်လိုရေးထားတဲ့ တီရှပ်တွေကို တစ်ထည်ကိုးဒေါ်လာလောက်နဲ့ အွန်လိုင်းကနေ ရောင်းပါတယ်။ ရှပ်အင်္ကျီအပေါ်မှာ “ကရင်နီပြည်ဖက်ဒရယ်ဒီမိုကရေစီဆီသို့” ဆိုပြီး အင်္ဂလိပ်လို ရေးထားပါတယ်။ အင်္ကျီအထည်ပေါင်း တစ်ထောင်လောက် ရောင်းထားပြီးပြီလို့ သူကပြောပါတယ်။

“ကျွန်မတို့မှာ ငွေအလုံအလောက်မရှိဘူး။ လူတွေက အရင်ကထက်ပိုပြီး လိုအပ်နေတယ်” လို့ မော်ရီးရီက ပြောပါတယ်။

RFA ကရောက်ခဲ့တဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေမှာတော့ ကလေးတွေကို ငဲ့ညှာတဲ့အနေနဲ့ လူကြီးတွေက ထမင်းကို တစ်ရက်တစ်နပ်ပဲ စားကြတော့တယ်လို့ စခန်းခေါင်းဆောင်တွေက ပြောပါတယ်။

A small child hangs from a man's back while leaning their face into his neck
ရှမ်းပြည်တောင်ပိုင်း ပူချယ်ရွာတွင် တိုက်ပွဲကြောင့် ဒေသခံများ အိုးအိမ်စွန့်ခွာထွက်ပြေးရန် ပြင်ဆင်နေသည်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
A child stares directly into the camera
ရှမ်းပြည်တောင်ပိုင်း ပူချယ်ရွာတွင် တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ကလေးငယ်တစ်ဦးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ emunu Amarasinghe/RFA)
Children gather around a pole with their book bags on
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စာသင်ခန်းတစ်ခုအနီးတွင် ဆော့ကစားနေသည့် ကလေးငယ်တချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
A group of children clasp their hands together while standing behind desks
အသစ်ဆောက်လုပ်ထားသည့် စာသင်ခန်းတစ်ခုတွင် ကလေးငယ်တချို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)
A group of children smile and raise their arms above their heads
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းတစ်ကျောင်းတွင် ကလေးငယ်များကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ဒီးမော့ဆိုမှာ ဒုက္ခသည်စခန်းပေါင်း ဒါဇင်နဲ့ချီပြီးရှိပါတယ်။ အများစုက တောတောင်လျှိုမြောင်တွေကြားမှာပါ။ မိုးတွင်းဆိုရင် လမ်းတွေက ရွံ့ဗွက်တွေနဲ့ပြည့်နေပါတယ်။ တဲတွေကို အစိမ်းရောင် ပလပ်စတစ်စတွေနဲ့မိုးထားပါတယ်။ ဒီတဲတွေရဲ့အရိပ်တွေနဲ့ပဲ နေပူဒဏ်ကို အံတုကြရပါတယ်။

ဒီးမော့ဆိုမြို့ရဲ့ အနောက်မြောက်ဘက်၊ ရှမ်းပြည်နယ်တောင်ပိုင်းတစ်နေရာမှာ “ဘန်ကောက်”လို့ နာမည်ပေးထားတဲ့ စစ်ပြေးဒုက္ခသည်စခန်းတစ်ခု ရှိပါတယ်။ အသက် ၄၄ နှစ်အရွယ် မူဘောဝူရဲ့သားငယ် ဖရန်စစ္စကိုဟာ သူတို့ခိုလှုံနေတဲ့အိမ် အပေါ်ထပ်မှာ စာဖတ်နေချိန်မှာ လေယာဉ်ပျံသံကြားလိုက်ရပါတယ်။

ကြီးလာရင် ဆရာဝန် ဒါမှမဟုတ် ကျောင်းဆရာ ဖြစ်ချင်တဲ့ အသက် ၁၂ နှစ်အရွယ် ဖရန်စစ္စကိုတစ်ယောက် ဗုံးဒဏ်က မလွတ်ခဲ့ပါဘူး။

A person stares into a hand mirror as another person shaves their head
ရှမ်းပြည်နယ်တောင်ပိုင်းရှိ KNDF လျှို့ဝှက်အခြေစိုက်စခန်းတစ်ခုတွင် ဆံပင်ညှပ်နေသည့် တပ်ဖွဲ့ဝင်တစ်ဦးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

“လေယာဉ်သံကြားတိုင်း နှလုံးတွေတုန်တယ်။ ငါအသက်ဆက်ရှင်ပါ့မလားလို့ ခံစားရပါတယ်။ ကိုယ့်ခန္ဓာကိုယ်တောင် ကိုယ်မသိတော့သလိုပဲ၊ အရမ်းကိုကြောက်တယ်” လို့ မူဘောဝူက ပြောပါတယ်။

RFA က ရောက်သွားတဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သူ့သားနဲ့ တခြားလူရှစ်ဦး သေဆုံးခဲ့တာ နှစ်လလောက်ကြာခဲ့ပြီ ဖြစ်ပေမဲ့ သားဖြစ်သူကိုဆုံးရှုံးရတဲ့အပေါ် ဖြေမဆည်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒီစခန်းက အစားအသောက်နဲ့ သောက်သုံးရေ ရနိုင်မယ့်နေရာနဲ့ နီးကပ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျိုးပဲ့ပျက်စီးနေတဲ့ဝါးတိုင်တွေ၊ စုတ်ပြဲနေတဲ့အဝတ်တွေပဲ ကျန်ခဲ့ပါတယ်။ ရွာသားတွေဟာ ရှိတာနဲ့ပဲ ဗုံးခိုကျင်းတွေ၊ နေစရာတဲအသစ်တွေ ဆောက်နေကြပါတယ်။

အနားမှာတော့ ဝါးကပ်တွေနဲ့ တစ်ဝက်တစ်ပျက်ကာရံထားတဲ့ စာသင်ကျောင်းလေးမှာ ကျောင်းသားတွေ စာသင်နေကြပါတယ်။ အောက်ပိုင်းမှာ အကာအရံမထားရတဲ့ အကြောင်းရင်းကတော့ ဗုံးလာကြဲမယ့်လေယာဉ်သံကြားရင် ကျောင်းသားအားလုံး အကာမရှိတဲ့အောက်ပိုင်းကနေ ခံတုတ်ကျင်းထဲကို ခုန်ဆင်းနိုင်အောင်ပါ။ ကလေးငယ်တွေဟာ ရယ်ရယ်မောမောနဲ့ စာသင်နေတာတွေ့ရပေမယ့် သူတို့ဟာ အကြောက်တရားနဲ့ နေနေကြရပြီး တစ်ခါတလေ မော်တော်ဆိုင်ကယ်သံကြားရင်တောင် အပြေးအလွှား အကာအကွယ်ရှာကြတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

Chidren are seen dancing through a hole in a wall
ရှမ်းပြည်နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော စာသင်ခန်းတစ်ခုအနီးတွင် ဆော့ကစားနေသည့် ကလေးငယ်တချို့ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)


ပြင်းထန်တဲ့ တိုက်ခိုက်မှု

ဒုက္ခသည်အများစုဟာ စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဒေသတွေက လာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ကယားပြည်နယ်ကမဟုတ်တဲ့ တခြားလူတွေလည်း ရောက်ရှိခိုလှုံနေတာ တွေ့ရပါတယ်။

ကိုတင့်ဇော်ဟိန်းဟာ ရာနဲ့ချီတဲ့ တခြားလူငယ်တွေပဲ နိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသကနေ ကယားပြည်နယ်ကို ရောက်လာခဲ့သူပါ။

သက္ကလပ်ဦးထုပ်တစ်လုံးကို ကျကျနနဆောင်းထားတဲ့ ကိုတင့်ဇော်ဟိန်းဟာ ဒီးမော့ဆိုမြို့ရဲ့ မြေသားလမ်းပေါ်မှာ မော်တော်ဆိုင်ကယ်တစ်စီးကို မောင်းရင်း သူတည်ထောင်ထားတဲ့ လုပ်ငန်းတွေရဲ့ အခြေအနေကို လိုက်ကြည့်နေပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က သုတေသနဝါသနာပါတဲ့ ကိုတင့်ဇော်ဟိန်းဟာ စာနယ်ဇင်းလောကကိုဝင်ပြီး BBC သတင်းဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်မှာတော့ လက်နက်ကိုင်တော်လှန်ရေးမှာကိုယ်တိုင်ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

A woman sits in front of a green screen, cameras trained on her
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ရှိ လျှို့ဝှက်အသံလွှင့်ဌာနတွင် Federal FM သတင်းတင်ဆက်သူ မြာမိုး သတင်းထုတ်လွှင့်ရန် ပြင်ဆင်နေသည်ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

ကယားပြည်နယ်ကို ရောက်ပြီးနောက် ကိုတင့်ဇော်ဟိန်းဟာ Federal FM ကို စတင်တည်ထောင်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြုံရင် ဘာလုပ်ရမလဲ၊ ဒဏ်ရာရတဲ့သူကို အရေးပေါ်ပြုစုကုသမှု ဘယ်လိုလုပ်ရမလဲဆိုတဲ့ ပညာပေးအစီအစဉ်တွေ၊ တေးသီချင်းတွေကို ဒီရေဒီယိုကနေ ထုတ်လွှင့်ပါတယ်။ သတင်းတွေ ထုတ်လွှင့်ပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ ထုတ်ပြန်ပြောဆိုမှုတွေကို သတိထားပြီး ထုတ်လွှင့်ရပါတယ်။ (Federal FM သည် အမေရိကန်အစိုးရ၏ အကူအညီပေးရေးအေဂျင်စီ USAID အထောက်အပံ့ ရရှိနေပါသည်။ RFA သည်လည်း အမေရိကန်အစိုးရထောက်ပံ့ငွေနှင့် ထုတ်လွှင့်နေခြင်းဖြစ်ပါသည်။)

Federal FM က တင်ပြတဲ့ သတင်းနဲ့ဆောင်းပါးတွေက “လူထုအသိုက်အဝန်းအတွက် အသုံးဝင်ပါလိမ့်မယ်” လို့ သူကပြောပါတယ်။

ကိုတင့်ဇော်ဟိန်းဟာ ဆံပင်ညှပ်ဆိုင်နှစ်ဆိုင်၊ တက်တူးဆိုင်နှစ်ဆိုင်၊ အလှပြင်ဆိုင်တစ်ဆိုင်၊ ဆန်စက်တစ်လုံးနဲ့ ဓာတ်ဆီဆိုင်တစ်ဆိုင်ဖွင့်ပြီး အကျိုးအမြတ်ကို အဓိကမထားတဲ့ non-profit လုပ်ငန်းတွေအနေနဲ့ လုပ်ကိုင်နေပါတယ်။ ဒီလုပ်ငန်းတွေကရတဲ့ ငွေတွေကို “တော်လှန်ရေးအတွက်သုံးတယ်” လို့ သူကပြောပါတယ်။

မန္တလေးမြို့နားက မြို့ငယ်လေးတစ်မြို့မှာ ကြီးပြင်းခဲ့တဲ့ ကိုတင့်ဇော်ဟိန်းကို သူ့မိခင်ဖြစ်သူက တပ်မတော်သားတစ်ယောက် ဖြစ်စေချင်ခဲ့တာလို့ ပြောပါတယ်။

“ဒါပေမဲ့ ကျွန်တော်က သေနတ်ကိုကြောက်တယ်။ ဒါကြောင့် စစ်သားမဖြစ်ချင်ဘူး။ စစ်လဲ မတိုက်နိုင်ဘူး။ ဒါကြောင့် မိသားစုအတွက်လုပ်မယ်။ ဆေးရုံအတွက်၊ ကျောင်းအတွက်လုပ်တယ်။ အကူအညီလိုနေတဲ့သူတွေကို အကူအညီပေးတဲ့နေရာအတွက် သတင်းမီဒီယာတွေအတွက် လုပ်နေပါတယ်”လို့ သူကပြောပါတယ်။

ကိုတင့်ဇော်ဟိန်း RFA သတင်းထောက်တွေနဲ့ စကားပြောနေချိန်မှာ အသက်၂၀ ကျော်အရွယ် လူငယ်တစ်စုက ရေဒီယိုအသံလွှင့်ဖို့ ပြင်ဆင်နေကြပါတယ်။ သူတို့ဘယ်နေရာကနေ အသံလွှင့်နေတယ်ဆိုတာ သိရင်၊ စစ်ကောင်စီက ဗုံးလာကြဲမှာမို့ လျှို့ဝှက်နေရာကနေ အလုပ်လုပ်နေကြတာပါ။

A cross stands behind a stone marker and framed photographs at a grave
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF တပ်ဖွဲ့ဝင်တစ်ဦး၏ အုတ်ဂူကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်။ (Gemunu Amarasinghe/RFA)

အဲဒီမတိုင်ခင် တစ်ရက်ကပဲ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နားက ဒရုန်းတိုက်ခိုက်မှုတစ်ခုမှာ အမျိုးသားတစ်ဦးနဲ့ ၈ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတဲ့ ဗီဒီယိုတစ်ခု ပျံ့နှံ့ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ဖျတ်လတ်တက်ကြွနေတဲ့ ကိုတင့်ဇော်ဟိန်းဟာ အဲဒီနေ့က မိန်းကလေးကို အသက်ကယ်ဖို့ ကြိုးစားနေကြပေမဲ့ မအောင်မြင်ခဲ့တဲ့ ဗီဒီယိုကိုကြည့်ပြီး တစ်ညလုံး မျက်ရည်ကျခဲ့ရတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်ဟာ လက်နက်အင်အား မဆင်မခြင်သုံးပြီး အချိန်မရွေးတိုက်ခိုက်လာနိုင်တာကို ဒီဖြစ်ရပ်က သတိပေးနေပါတယ်။

ကရင်နီပြည်သူတွေဟာ အခက်အခဲတွေကြားမှာ ကြံ့ကြံ့ခံပြီး ရှင်သန်နေကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ အခြေအနေတွေ ဘယ်လိုပြောင်းလဲလာမလဲ၊ ဘယ်လောက်အထိ တောင့်ခံနိုင်ကြမလဲ ဆိုတာကိုတော့ သေသေချာချာ မပြောနိုင်သေးပါဘူး။

“အမှောင်ထဲမှာပဲ ရှိပါသေးတယ်။ မနက်ဖြန်နဲ့သဘက်ခါမှာ ဘာတွေဖြစ်လာမလဲ ဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ နေ့တိုင်းကို တစ်ရက်ချင်းပဲ ဆက်ပြီး ရှင်သန်နေပါတယ်” လို့ ကိုတင့်ဇော်ဟိန်းက ပြောပြပါတယ်။