ပြည်တွင်းစစ်ရဲ့ အသုံးချခံဘဝများ

main-banner

အာဏာသိမ်းသက်တမ်း လေးနှစ်ပြည့်လာချိန်မှာ စစ်ကောင်စီတပ်ရဲ့ မှားယွင်းညံ့ဖျင်းတဲ့ ဆောင်ရွက်ချက်တွေကြောင့် အောက်ခြေတပ်သားတွေနဲ့ မိသားစုတွေ ထိခိုက်နေပါတယ်။

လွန်ခဲ့တဲ့လေးနှစ်က စတင်ခဲ့တဲ့ စစ်အာဏာသိမ်းမှုကြောင့် မြန်မာပြည်သူတွေ မဖော်ပြနိုင်လောက်အောင် အတိဒုက္ခရောက်နေကြပါတယ်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ၂၀၂၁ ‌ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဟာ တစ်နိုင်ငံလုံးကို ပြည်တွင်းစစ်ထဲ တွန်းပို့ခဲ့ပါတယ်။ ကျေးရွာတွေကိုမီးရှို့တာ၊ လေကြောင်းက တိုက်ခိုက်တာ၊ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာ တွေဟာ စစ်ကောင်စီရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်လို ဖြစ်လာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ဧပြီလကနေ ၂၀၂၄ ခုနှစ် ဇွန်လအတွင်း အရပ်သား သေဆုံးထိခိုက်မှု ၅၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ဒီပြည်တွင်းစစ်ဟာ စစ်ကောင်စီကိုလည်း ထိခိုက်နေပါပြီ။

တိုင်းပြည်ရဲ့ဒီမိုကရေစီနဲ့ စီးပွားရေးစနစ် ထိခိုက်ပျက်စီးခဲ့သလိုပဲ နှစ်ပေါင်းများစွာ အာဏာအပြည့်အဝနဲ့ ရပ်တည်ခဲ့တဲ့ စစ်တပ်ကိုယ်တိုင် ထိခိုက်ပျက်စီးလာပါတယ်။ တစ်ချိန်က တိုင်းပြည်ကို တင်းတင်းကြပ်ကြပ် ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ အခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့ နယ်မြေထက်ဝက်ကိုတောင် မထိန်းချုပ်နိုင် တော့ဘူးလို့ ခန့်မှန်းကြပါတယ်။

များပြားလှတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ မကြုံစဖူး သေဆုံး၊ ထိခိုက်မှုတွေ ရင်ဆိုင်နေရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တချို့ရဲ့ ထုတ်ပြန်ချက်တွေအရ အာဏာသိမ်း လေးနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်‌သောင်းလေးထောင်ကျော် သေဆုံးပြီး၊ တစ်သောင်းနှစ်ထောင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

ပြီးခဲ့တဲ့လေးနှစ်အတွင်း စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေကို RFA က နေ့စဉ် အဆက်မပြတ် သတင်းရေးသား ဖော်ပြခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်မှု တွေကနေ ကျေးရွာတွေကိုစီးနင်းပြီး မြေလှန်မီးရှို့ သတ်ဖြတ်မှုတွေအထိ အရပ်သားသေဆုံးမှုတွေအကြောင်း သတင်းထုတ်လွှင့်တင်ပြခဲ့ပါတယ်။

လက်ရှိ စစ်အာဏာသိမ်း လေးနှစ်ပြည့်ချိန်မှာတော့ စစ်ကောင်စီတပ်က သူ့ရဲ့တပ်ဖွဲ့ဝင်တွေအပေါ် ဘယ်လို ထိန်းချုပ်ဆက်ဆံနေသလဲဆိုတာကို RFA က လေ့လာသုံးသပ်ကြည့်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ အသက် ၃၅ နှစ်အောက် အမျိုးသားတွေ စစ်မှုထမ်းဖို့ ပြဋ္ဌာန်းထားတဲ့ဥပဒေကို အသက်သွင်းပြီး၊ ယုတ်လျော့သွားတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့အတွက် လမ်းကြိုလမ်းကြားပါမကျန် အရပ်သားတွေကို လိုက်လံဖမ်းဆီး ခဲ့တာကြောင့် လူငယ်အမြောက်အမြား တိုင်းပြည်ပြင်ပကို ထွက်ပြေးသွားကြပါတယ်။

လုပ်သက်ရင့် စစ်သားအိုကြီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုယ်တိုင် မညှာမတာ ဆက်ဆံခံနေရပါတယ်။

စစ်တပ်ထဲမှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းခဲ့ပြီး ကျန်းမာရေးမကောင်းတဲ့ စစ်သည်တွေ အငြိမ်းစားယူခွင့်မရဘဲ ငြင်းပယ်ခံရပါတယ်။ ရှေ့တန်းတိုက်ပွဲမှာ သေဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ပင်စင်မရဘဲ အခက်အခဲ ဖြစ်နေပါတယ်။ ‘ဘူးလေးရာ ဖရုံဆင့်’ ဆိုသလိုပဲ ဒုက္ခရောက်နေတဲ့ စစ်သားတွေဟာ စစ်ခေါင်းဆောင်ရဲ့သား အောင်ပြည့်စုံ ပိုင်တဲ့ အာမခံကုမ္ပဏီကို မဖြစ်မနေ အသက်အာမခံကြေး ပေးသွင်းရပေမဲ့ သေဆုံးတဲ့အခါ ကျန်ရစ်တဲ့မိသားစုဝင်တွေ လျော်ကြေးပြန်မရကြပါဘူး။

ဒါတင်မကသေးဘဲ စစ်တပ်လက်ဝါးကြီးအုပ်ထားတဲ့ လုပ်ငန်းစုကြီးနှစ်ခုကနေလည်း အစုရှယ်ယာတွေ အတင်းအကြပ် ဝယ်ယူခိုင်းခဲ့တယ်လို့ စစ်တပ်အရာရှိဟောင်းတွေနဲ့ လက်ရှိတာဝန်ထမ်းနေဆဲ စစ်သည်တွေက ပြောပါတယ်။ အာဏာမသိမ်းခင်က ပုံမှန်ပြန်ပေးခဲ့တဲ့ အမြတ်ငွေကလည်း အာဏာသိမ်းပြီးနောက်မှာ နှေးကွေးကြန့်ကြာလာတယ်လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ခံစားနေရတဲ့ဒုက္ခဟာ ပြည်သူလူထုခံစားနေရတဲ့ ဆင်းရဲဒုက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလောက် မကြီးပေမဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခံရမှုနည်းပါးတဲ့ စစ်ကောင်စီတပ်သားတွေ အရာရှိတွေကိုယ်တိုင် ဒီစစ်အာဏာသိမ်းမှုရဲ့ အသုံးချခံ ဖြစ်နေတဲ့အကြောင်းကို အာဏာသိမ်းလေးနှစ်ပြည့် RFA အထူးဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ed-murphy-s

‘ကျွန်တော့်အဖေ သေရတာ မတန်ဘူး’ - စစ်မှုထမ်းမိသားစုဝင်တွေရဲ့ အနာဂတ်

တိုင်းပြည်ကို ပြည်တွင်းစစ်ထဲ တွန်းပို့ခဲ့တဲ့ စစ်ကောင်စီရဲ့သဘောထားအပေါ် ကျဆုံးသွားတဲ့စစ်မှုထမ်းတွေရဲ့ကျန်ရစ်သူမိသားစုဝင်တွေ ဒေါသထွက်နေကြပါတယ်။

forced-recruitment

“စစ်မှုထမ်းဖို့ အဓမ္မ အဆွဲခံရတာ” - စစ်ကောင်စီအတွက် အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူများ

အာဏာသိမ်းပြီး လေးနှစ်အကြာမှာ စစ်ရေးအသာစီးရနေတဲ့ တော်လှန်ရေးတပ်တွေကို တန်ပြန်တိုက်နိုင်ဖို့ စစ်ကောင်စီက အဓမ္မ စစ်သားစုဆောင်းနေပါတယ်။

insurance

စစ်ကောင်စီတပ်သားတွေ အသက်အာမခံလျော်ကြေး ဆုံးရှုံးနေ

စစ်ခေါင်းဆောင်ရဲ့သား ပိုင်တဲ့ အသက်အာမခံကုမ္ပဏီကို တပ်ဖွဲ့ဝင်တိုင်း မပေးမနေရ ပိုက်ဆံပေးသွင်းခဲ့ပေမဲ့ သေဆုံးတဲ့အခါ လျော်ကြေးပြန်မရဘူးလို့ ကျန်ရစ်တဲ့ မိသားစုတွေက ပြောပါတယ်။


အစသို့



Graphic - Win Ei San
-------------
Editorial team - Kyaw Min Htun, Thane Aung, Nayrein Kyaw, Kyaw Kyaw Aung
-------------
Visual editing by Charlie Dharapak, H.Leo Kim, Paul Nelson
-------------
Series Producer Ginny Stein
-------------
Web page produced by Minh-Ha Le
-------------
© 2025 RFA
-------------
Facebook - YouTube - Instagram - X
အစသို့