နိုင်ငံရဲ့ နယ်မြေတစ်ဝက်ကျော် စစ်ကောင်စီ ဆုံးရှုံးနေကြောင်း တော်လှန်ရေးတပ်တွေပြော

RFA Burmese
2024.12.27
နိုင်ငံရဲ့ နယ်မြေတစ်ဝက်ကျော် စစ်ကောင်စီ ဆုံးရှုံးနေကြောင်း တော်လှန်ရေးတပ်တွေပြော ရခိုင်ပြည်နယ်၊ အမ်းခရိုင် ခရိုင်တရားရုံးကို အာရက္ခတပ်တော်မှ သိမ်းပိုက်လိုက်သည်ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Telegram/ AA Info Desk

ကချင်၊ ကယား (ကရင်နီပြည်)၊ ရှမ်းမြောက်၊ ရခိုင်၊ ချင်းနဲ့ ကရင်ပြည်နယ်က နယ်မြေအများအပြားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားသလို စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးမှာလည်း စစ်ကောင်စီတပ်ရဲ့အုပ်ချုပ်မှုနယ်မြေ လျော့နည်းလာနေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုကလည်း ၂၀၂၅ မှာ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲမှာ မြို့နယ် ၃၃၀ ထဲက လုံခြုံရေးစိတ်ချရတဲ့ မြို့နယ် ၁၆၁ မြို့နယ်မှာပဲ ကျင်းပနိုင်မယ်လို့ပြောကြောင်း နိုင်ငံရေးပါတီတွေက RFA ကို ပြောထားပါတယ်။

စစ်ကောင်စီဟာ ရှမ်းမြောက်၊ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာချုပ် (ရမခ) နဲ့ ရခိုင်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အပါအဝင် နိုင်ငံတစ်ဝက်ကျော်လောက် ဆုံးရှုံးထားပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

“စစ်အုပ်စု ထိန်းနိုင်တဲ့နယ်မြေက မြန်မာနိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ပဲရှိပါတော့တယ်။ အဲဒါတောင်မှာ သူတို့မှာ ကျီးလန့်စာ စားနေရတဲ့အနေအထားတွေ အားလုံးတွေ့မြင်နေရတာပေါ့"

အခုလ တတိယပတ်ထဲမှာ ချင်းပြည်နယ်က မင်းတပ်နဲ့ ကန်ပက်လက်မြို့ကို ချင်းညီနောင်မဟာမိတ်အဖွဲ့တွေ သိမ်းယူခဲ့သလို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိတဲ့ ရခိုင်ပြည်နယ် အမ်းမြို့ကို အရက္ခတပ်တော် (AA) က သိမ်းယူခဲ့ပါတယ်။

၁၇ မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၃ ခုကို AA က သိမ်းပိုက်ထားပြီး ဂွနဲ့ စစ်တွေမြို့က နေရာအချို့ကို လည်း AA ကပဲ ထိန်းချုပ်ထားတယ်လို့ ရခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရခိုင်မြောက်ပိုင်းပေါ့ မြောက်ပိုင်းမှာဆိုရင် စစ်တွေကလည်း မြို့ပေါ်လောက်ပဲ ကျန်တာ ကျန်တဲ့မြို့တွေ အကုန်လုံးကို သိမ်းလိုက်ပြီပေါ့နော်။ အားလုံးခြုံပြောလို့ရှိရင် ၁၇ မြို့နယ်မှာ စကစ လုံးဝထိန်းချုပ်နိုင်တာက တရုတ်အကျိုးစီးပွားရှိတဲ့ ကျောက်ဖြူရယ် ကျွန်းမြို့ဖြစ်တဲ့ မာန်အောင်ရယ် ဒီနှစ်ခုကျန်တာ။ ကျန်တာက တပ်တော် AA က အကုန် ထိန်းချုပ်သိမ်းပိုက်ထားတာပေါ့နော်”

လာမဲ့နှစ်မှာ ရခိုင်တစ်ပြည်နယ်လုံးကို AA က သိမ်းပိုက်သွားနိုင်ပြီး တရုတ်စီးပွားရေးရှိတဲ့ ကျောက်ဖြူမြို့ အခြေအနေကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။


ဆက်နွှယ်သောသတင်းများ

မြို့နယ် ၁၂ ခုကို AA သိမ်းပြီးနောက် လက်ကျန်မြို့တွေကို စစ်ကောင်စီ ခံစစ်ပြင်

ချင်းပြည်နယ်ရဲ့ နယ်မြေ ၈၅ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထား

မြန်မာ့စစ်ရေးပဋိပက္ခနဲ့ ဖြစ်နိုင်ခြေများ


ရခိုင်ပြည်နယ်က မောင်တော၊ ဘူးဘီးတောင်၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ သဲတွဲနဲ့ အမ်း စတဲ့မြို့နယ်တွေကို AA သိမ်းယူထားတာပါ။

ကယားပြည်နယ် (ကရင်နီပြည်) မှာလည်း နယ်မြေ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားပြီလို့ ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကိုပြောပါတယ်။

“မြို့နယ်အရကြည့်ရင် အလုံးစုံ သိမ်းပိုက်လို့ရတဲ့မြို့နယ်ဆိုရင်တော့ မယ်စဲ့မြို့နယ်ရှိမယ် နောက်ပြီးတော့ ရွာသစ်မြို့နယ်ခွဲ ရှိမယ် ရှားတောမြို့နယ်ရှိမယ်။ အခုချိန်ထိ ကျွန်တော်တို့ ပြည်နယ်ရဲ့ ၈၀ ကနေ ၈၅ ရာခိုင်နှုန်းက ကျွန်တော်တို့အောက်မှာပေါ့နော်။ လက်ရှိထိန်းချုပ်ထားတဲ့ မြေနေရာအားလုံးကို အုပ်ချုပ်ရေးယန္တရားတွေ တည်ဆောက်နိုင်သွားပြီပေါ့နော်”

ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆိုနဲ့ လွိုင်ကော်ကိုလည်း မြို့ပေါ်ကလွဲရင် အများပိုင်းကို ထိန်းချုပ်ထားတယ်လို့ ဆိုပါတယ်။

သိမ်းထားတဲ့မြို့တိုင်းမှာ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ မွေးမြူရေး၊ ကျန်းမာရေး၊ မိခင်နဲ့ ကလေး အစရှိတဲ့ဌာနတွေဖွင့်ပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတယ်လို့လည်း ကိုဗညားက ပြောပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo:  Facebook/ 果敢资讯网)
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်မတော် (MNDAA) နှင့် ပူးပေါင်းတပ်ဖွဲ့ သိမ်းယူပြီးချိန် MNDAA တပ်ဖွဲ့ဝင်အချို့အား ၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ (Photo: Facebook/ 果敢资讯网)

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း မြို့နယ် (၂၄ ) ရှိတဲ့အထဲက တန့်ယန်း၊ မိုင်းရယ်နဲ့ မူဆယ်ကလွဲပြီး ကျန်တဲ့မြို့နယ်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်မှာ စစ်ကောင်စီတပ်မရှိသလောက်ဖြစ်သွားပြီး အများပိုင်းကို MNDAA နဲ့ TNLA က ထိန်းချုပ်ထားတယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီဘက်မှာကတော့ စစ်ကောင်စီအုပ်ချုပ်ရေးကတော့ မရှိတော့ဘူး။ အခုလက်ရှိ ဒီဒေသမှာတော့ စီးပွားရေးတွေ၊ ပညာရေးတွေ အဆင်မပြေသေးဘူး။ ကလေးတွေအတွက်ဆိုရင် ပညာရေးက အရေးကြီးတယ် စားဝတ်နေရေးအတွက် ဆိုလည်း စီးပွားရေးက အရေးကြီးဆုံးပေါ့။ အခုဒီဘက်မှာက စက်သုံးဆီကလည်း တအားဈေးကြီးတယ် စားသောက်ကုန်တွေကလည်း အရင်က တစ်သောင်း နှစ်သောင်းကိုင်ရင် နှစ်နပ်စာလောက်တော့လောက်ပြီး အခုက တစ်သိန်းကိုင်ရင်တောင် နှစ်နပ်မရတော့ဘူး ”

အလားတူ ကချင်ပြည်နယ်က မြို့နယ် (၁၈) မြို့နယ်ရှိတဲ့အနက် အင်ဂျန်ယန်၊ ဆွမ်ပရာဘွမ်၊ ချီဖွေ၊ ဆော့လော်၊ မိုးမောက် စတဲ့မြို့နယ်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကသိမ်းယူထားသလို ဖားကန့်၊ ဝိုင်းမော်၊ ပူတာအို၊ မချမ်းဘော့၊ နောင်မွန်၊ ခေါန်လန်ဖူး၊ ဗန်းမော်၊ မံစီမြို့တွေကိုပါ ပိတ်ဆို့ထားပြီး နယ်မြေ ခုနစ်ဆယ် ရာခိုင်နှုန်းခန့် ထိန်းချုပ်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။

အဲဒီအထဲမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီတန်တဲ့ မြေရှားသတ္တုထွက်ရှိရာ ချီဖွေမြို့နယ်အပါအဝင် ကချင်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပါဝင်ပြီး ကျောက်စိမ်းထွက်တဲ့ ဖားကန့်မြို့နေရာအများစုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

မြို့နယ်ပေါင်း (၃၇) မြို့နယ်ရှိတဲ့ စစ်ကိုင်းတိုင်းမှာလည်း ရွှေပြည်အေး၊ မြို့သစ်၊ ခါမ်းပါတ်၊ ပင်လည်ဘူး၊ မော်လူး စတဲ့ မြို့တွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားပြီး ရွာအများအပြားကိုလည်း ထိန်းချုပ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ရေဦးအခြေစိုက် People's Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က စစ်ကောင်စီတပ်အနေနဲ့ လာမဲ့နှစ်မှာ ထိုးစစ်အပြင်းအထန် လုပ်လာနိုင်တယ်လို့ RFA ကိုပြောပါတယ်။

“စစ်ရေးအခြေအနေက ဒီ ၂၀၂၅ အတွင်းမှာဆိုရင်တော့ ပြန်ပြီးတော့ စစ်ကောင်စီဘက်က မြို့ပေါ်တွေမှာနေထိုင်တဲ့ လူငယ်တွေကို ထပ်ပြီးတော့ ပေါ်တာဆွဲနေတယ်။ ထပ်ပြီးတော့ လူအင်အားစုနေတယ် ။ သင်တန်းတွေပေးနေတယ်ဆိုတော့ ၂၀၂၅ မှာ စစ်ကောင်စီဘက်က မြေပြင်ကရော ဝေဟင်ကပါပေါ့နော် ထိုးစစ်ပြန်ဆင်လာနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ခန့်မှန်းထားတာပေါ့”

စစ်ကိုင်းတိုင်းထဲက ပုလဲ၊ အင်းတော်၊ ထီးချိုင့်၊ တန့်ဆည်၊ ကောလင်း၊ ရွှေဘူ၊ ခင်ဦး၊ ကျွန်းလှ၊ ယင်းမာပင်၊ ဒီပဲယင်းနဲ့ တခြားကျန်နေတဲ့မြို့နယ်တွေက ကျေးရွာတော်တော်မျာများကိုလည်း ထိန်းချုပ်ထားနိုင်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာလည်း မတူပီ၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူခွာ စတဲ့မြို့တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး ပလက်၀မြို့ကိုတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် ဖလမ်းနဲ့ ထန်တလန်မြို့နယ်က ဒေသအများပိုင်းကိုလည်း ချင်းတော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတယ်လို့ ချင်း ဒေသခံတွေက ပြောပါတယ်။

ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကလည်း ချင်းပြည်နယ်ရဲ့ ၈၅ ရာခိုင်နှုန်းကို သိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်တယ်လို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး)
ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY-PDF) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး)

အလားတူ မန္တလေးတိုင်းက စဉ့်ကူး၊ မိုးကုတ်၊ သပိတ်ကျင်းနဲ့ တကောင်းမြို့တွေကို တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားသလို ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက မုန်း၊ ဖာပွန်၊ လေးကေ့ကော်နဲ့ ကျိုက်ဒုံမြို့တွေကို လည်း ကရင်တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်ကကတော့ မြန်မာနိုင်ငံရဲ့ သုံးပုံ တစ်ပုံလောက်သာ စစ်ကောင်စီတပ် ထိန်းချုပ်နိုင်တော့တယ်လို့ RFA ကို ပြောပါတယ်။

“စစ်အုပ်စု ထိန်းနိုင်တဲ့နယ်မြေက မြန်မာနိုင်ငံရဲ့ သုံးပုံတစ်ပုံလောက်ပဲရှိပါတော့တယ်။ အဲဒါတောင်မှာ သူတို့မှာ ကျီးလန့်စာ စားနေရတဲ့အနေအထားတွေ အားလုံးတွေ့မြင်နေရတာပေါ့။ အဲတော့ ကျွန်တော်တို့မှာ ထိန်းချုပ်နယ်မြေတွေ တော်လှန်ရေး အင်အားစုတွေ များလာတာနဲ့အမျှ ကျွန်တော်တို့တွေနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရတဲ့တာဝန်တွေ များပြားလာတယ်။ ဒီတစ်ကြိမ်တည်းမှာလည်း တော်လှန်တိုက်ပွဲလည်း ဆင်နွှဲနေရတယ်ဆိုတော့ ကျွန်တော်တို့မှာလည်း စိန်ခေါ်မှုတွေတော့ အမြောက်အမြားရှိပါတယ် “

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၁၆၀ ကျော်မှာပဲ လုပ်မယ်လို့ ပြောဆိုတာကလည်း နယ်မြေတစ်ဝက်ကိုပဲ ထိန်းချုပ်နိုင်တယ်ဆိုတာ အတိအလင်းကြေငြာတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

NUG အနေနဲ့ တော်လှန်ရေးအင်အားစုတွေအကြားမှာ ပြည်သူ့ဝန်ဆောင်မှုပေးတာ၊ ကြားကာလအုပ်ချုပ်ရေး အကောင်အထည်ဖော်တာနဲ့ ပြည်သူလူထုထောက်ပံ့မှုပေးတာတွေကို ဆောင်ရွက်နေတယ်လို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

စစ်ကောင်စီဘက်ကဆုံးရှုံးသွားတဲ့ နယ်မြေအတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီပေါ် တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံတကာ မြန်မာ့သတင်းဌာန (BNI – Myanmar Peace Monitor) ကတော့ နိုင်ငံတစ်ဝန်းက မြို့ပေါင်း ၈၆ မြို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတယ်လို့ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။