မြို့နယ် ၁၂ ခုကို AA သိမ်းပြီးနောက် လက်ကျန်မြို့တွေကို စစ်ကောင်စီ ခံစစ်ပြင်
2024.12.19

ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၂ မြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး ကျန်ငါးမြို့နယ်ထဲက အမ်းနဲ့ ဂွမြို့နယ်တွေကိုလည်း အပြီးသတ်သိမ်းပိုက်ရေး အပြင်းအထန်ထိုးစစ်ဆင် နေပါတယ်။ လက်ရှိမှာ စစ်ကောင်စီက စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေကိုသာ ထိန်းချုပ်နိုင်တော့တာကြောင့် အဲဒီမြို့နယ်တွေကို အခုနောက်ပိုင်း အင်အားထပ်ဖြည့်ပြီး ခုခံကာကွယ်ဖို့ အင်တိုက်အားတိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ အမ်းမြို့နယ်မှာလည်း တိုင်းစစ်ရုံး အဆောက်အအုံထဲက နေရာအနည်းငယ်သာ ကျန်ရှိတော့ပြီး ဂွမြို့ကိုလည်း အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အာရက္ခ တပ်တော် (AA) က ဒီဇင်ဘာ ၁၉ ရက်နေ့ညက ထုတ်ပြန်ထားပါတယ်။
“ကျောက်ဖြူ အနေအထားကတော့ လက်ရှိ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အနေအထားမှာရှိတယ်"
အာရက္ခတပ်တော် (AA) က ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေ အားလုံးကိုတစ်ခုမကျန် တိုက်ခိုက်သိမ်းပိုက် သွားမယ်လို့ တရားဝင် ထုတ်ပြန်ပြောဆိုထားတာကြောင့် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေမှာ ခံစစ်အတွက် အခိုင်အမာပြင်ဆင်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်စီမံကိန်းတွေ အဓိက တည်ရှိရာ ကျောက်ဖြူမြို့နယ်မှာဆိုရင် တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့် စစ်ကောင်စီတပ်ကလည်း လူအင်အင်အားတွေ တိုးချထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောက်ဖြူ အနေအထားကတော့ လက်ရှိ တိုက်ပွဲဖြစ်ပွားတာ မရှိသေးပေမဲ့ အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာနိုင်တဲ့ အနေအထားမှာရှိတယ်။ စစ်ကောင်စီတပ်အနေနဲ့လည်း ခံစစ်ကို အထူးပြင်ဆင်နေတာ တွေ့ရတယ်။ အထူးသဖြင့် သူတို့ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ မင်းတပ်တောင်တို့ နှမ်းဖဲတောင်တို့ အမှတ် (၃၂) ရဲတပ်ရင်းတို့မှာဆိုရင် လက်နက်အင်အား၊ စစ်အင်အားတွေ တိုးချဲ့တယ်။ ပြီးတော့ အခိုင်အမာ ဘန်ကာတွေ ပြုလုပ်တာကို တွေ့ရတယ်။ နောက်ပြီးတော့ ခလရ (၅၃၂) တပ်ရင်းမှာဆိုလို့ရှိရင် စစ်အင်အား နှစ်ရာ၊ သုံးရာလောက်အထိ ချထားတယ်လို့ သိရတယ်”
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ကျောက်ဖြူမြို့ကို စစ်ကောင်စီရဲ့ စစ်သင်္ဘောကြီးတစ်စင်း ရောက်ရှိလာပြီး လက်နက်နဲ့ စစ်အင်အားတွေ ချပေးခဲ့တယ်လို့ ဆိုပါတယ်။
ဆက်နွှယ်သော သတင်းများ
တောင်ကုတ်မြို့နယ် တစ်ခုလုံးကို AA သိမ်းပိုက်ထိန်းချုပ်
မောင်တောကို AA သိမ်းပိုက်ပြီးနောက် စစ်ခေါင်းဆောင်ကို တပ်ထောက်ခံသူတွေ ဝေဖန်
အမ်း နပခ ဌာနချုပ်မှာ တိုင်းစစ်ရုံးနေရာတစ်ခုသာ ကျန်တော့ကြောင်း AA ထုတ်ပြန်
အလားတူ စစ်တွေမြို့နယ်မှာလည်း စစ်ကောင်စီတပ်က ခံစစ် သုံးမျိုးပြင်ဆင်ထားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်တွေရဲ့ အနေအထားကတော့ ခံစစ်တော်တော်လေးကို ပြင်ထင်ထားတယ်။ ကျေးလက် ခံစစ်၊ မြို့အစွန့် ခံစစ်၊ မြို့အလယ် ခံစစ်ဆိုပြီးရှိတယ်။ စစ်တွေမြို့အလယ် ဗဟိုခံစစ်အနေအထားကို အယောင်ပြသဘောမျိုးပဲ ထားပြီးတော့ စစ်တွေတက္ကသိုလ်မှာ အဓိက ခံစစ်သဘောမျိုး ပြင်ဆင်ထားတဲ့ အနေအထားမျိုး မြင်ရတယ်”
လက်ရှိမှာလည်း စစ်တွေမြို့ပေါ် ရပ်ကွက်တိုင်းကို စစ်ကောင်စီတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ ရှိသလို ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်က လူအင်အားနဲ့ လက်နက်အင်အားတွေပါ တိုးမြှင့်ထားပြီး AA က ဝင်တိုက်လာရင် ခုခံဖို့အတွက် ဒုက္ခသည်စခန်းတွေနဲ့ ကျေးရွာတွေက ရိုဟင်ဂျာအများအပြားကိုလည်း စစ်သင်တန်းတွေ ပို့ချပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မာန်အောင်မြို့နယ်မှာတော့ ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လှည့်လည်တာတွေရှိပြီး မာန်အောင်ကျွန်းပတ်လည်မှာလည်း စစ်သင်္ဘောတွေ အဆင်သင့်ရပ်ထားတယ်လို့ မာန်အောင် ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“မာန်အောင်မှာရှိတဲ့ တပ်တွေက စစ်ကြောင်းထိုးပြီး နယ်လှည့်တာတွေရှိတယ်။ ပြီးတော့ မာန်အောင်ရဲ့ ပတ်ပတ်လည်ကို နေဗီနဲ့ လှည့်လည်လာမျိုးတွေရှိတယ်။ အဲဒီမျိုးလှည့်တဲ့ အချိန်မှာဆိုလို့ရှိရင် ဒေသခံတွေရဲ့ စားဝတ်နေရေးအတွက် ဖြေရှင်းနေတဲ့ ငါးဖမ်းလုပ်ငန်းတွေကို မထွက်ရဘူး၊ မလုပ်ရဘူးဆိုပြီး ကန့်သတ် လိုက်တာတွေ ရှိတယ်။ ထွက်တယ်ဆိုပြီး စက်လှေတွေကို သေနတ်နဲ့လိုက်ပြီး ပစ်တာတွေရှိတယ်။ ဒေသခံတွေကတော့ စိုးရိမ်ကြောက်လန့်မှုတွေ ရှိတာပေါ့”
ရမ်းဗြဲနဲ့ သံတွဲမြို့နယ်တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ချိန်ကစလို့ မာန်အောင် ဒေသခံတွေရဲ့ ငါးဖမ်းလုပ်ငန်းတွေနဲ့ သွားလာမှုတွေကို စစ်ကောင်စီတပ်က ပိတ်ပင်ထားတာလို့ ဆိုပါတယ်။ ဒါကြောင့် ဒေသတွင်းမှာ ကုန်ပစ္စည်းတွေ ရှားပါးတာ၊ ဈေးအဆမတန် မြင့်တာတွေနဲ့ အလုပ်အကိုင်တွေလည်း မရှိတာကြောင့် ဒေသခံတွေ အတော်လေးကို အခက်အခဲဖြစ်နေကြတယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ မေးမြန်းနိုင်ဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ AA ပြောခွင့်ရသူ ဦးခိုင်သုခကို RFA က ဆက်သွယ်ခဲ့ပေမဲ့ တုံ့ပြန်ဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကတော့ အာရက္ခတပ်တော် (AA) အနေနဲ့ နောက်ဆုံးကျန်ရှိနေတဲ့ မြို့နယ် သုံးခုစလုံးကို တိုက်ခိုက်သိမ်းပိုက်ဖို့ ခက်ခဲနိုင်တယ်လို့ သုံးသပ်ပါတယ်။
“စစ်တွေကတော့ သိမ်းနိုင်တဲ့၊ တိုက်နိုင်တဲ့ အနေအထားရှိပါတယ်။ ကျောက်ဖြူကတော့ သိမ်းမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အများဆုံးရှိတဲ့ နေရာဖြစ်နေတယ်။ နောက်ပြီး မာန်အောင်ကျွန်း ကျတော့လည်း ရေတပ်အင်အား တောင့်တောင့်တင်းတင်းမရှိတဲ့ AA အနေနဲ့ သွားရောက်ပြီး သိမ်းပိုက်ဖို့ဆိုတာ အခက်အခဲရှိပါတယ်။ ဒါကြောင့် AA ရဲ့ နောက်ဆုံးဦးတည်ချက်ဟာ စစ်တွေမြို့ဖြစ်ဖို့များတယ်လို့ သုံးသပ်ပါတယ်”
အာရက္ခတပ်တော် (AA) ရဲ့ စစ်ရေးအောင်မြင်မှုဟာ ရခိုင်တော်လှန်ရေးသမိုင်းမှာ အကြီးကျယ်ဆုံး စစ်ရေးအောင်မြင်မှုတစ်ခုဖြစ်ပြီး လာမဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ ရခိုင်တစ်ပြည်နယ်လုံး လွတ်မြောက်မဲ့ အခြေအနေရှိတယ်လို့ ရခိုင်စစ်ရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါပေမဲ့ လက်ကျန်မြို့နယ် သုံးခုထဲက တရုတ်စီမံကိန်းတွေ အဓိကတည်ရှိတဲ့ ကျောက်ဖြူကို ဆက်လက်တိုက်ခိုက်မယ်ဆိုရင် တရုတ်နိုင်ငံက အပစ်ရပ်ရေး ကြားဝင်ဆွေးနွေးမှုတွေ ရှိလာနိုင်တယ်လို့လည်း ဒေသခံအချို့က သုံးသပ်နေကြပါတယ်။