မောင်တောကို AA သိမ်းပိုက်ပြီးနောက် စစ်ခေါင်းဆောင်ကို တပ်ထောက်ခံသူတွေ ဝေဖန်

RFA Burmese
2024.12.11
မောင်တောကို AA သိမ်းပိုက်ပြီးနောက် စစ်ခေါင်းဆောင်ကို တပ်ထောက်ခံသူတွေ ဝေဖန် ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။
Telegram/ AA Info Desk

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က နောက်ဆုံးကျန်ရှိနေတဲ့ အမှတ်(၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို အာရက္ခတပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို စစ်တပ်ထောက်ခံသူတွေ ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်တာတွေ ရှိနေပါတယ်။ 

ရခိုင်ပြည်နယ် မောင်တောဒေသက အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ - ၅) ကို ဒီဇင်ဘာ ၈ ရက်နေ့က အပြီးသတ် သိမ်းပိုက်ပြီး အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း အပါအဝင် စစ်သုံ့ပန်း အများအပြားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(AA) က ဒီဇင်ဘာ ၁၀ ရက် မနေ့ညက ထုတ်ပြန် ကြေညာပါတယ်။

ဒီစခန်းမှာ အင်အား ခုနစ်ရာခန့်ရှိပြီး အဲဒီအထဲက စစ်ကောင်စီတပ်သား ၄၅၀ ကျော် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နခခ (၅) ကို မသိမ်းပိုက်ခင် စခန်းထဲမှာပိတ်မိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားက အကူအညီ တောင်းခံတဲ့ ရုပ်သံဗီဒီယိုတစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။ စစ်တပ်ယူနီဖောင်းဝတ်ဆင်ထားသူတစ်ဦးကလည်း ဆုံးရှုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် စစ်ခေါင်းဆောင်ကို ပြစ်တင်ဝေဖန်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

"ကျုပ်တို့ဆုံးရှုံးသွားတဲ့ တပ်မတော်သား မိသားစုတွေရဲ့ ဖခင်မဲ့တဲ့ဘဝတွေ၊ မိခင်မဲ့တဲ့ ဘဝတွေတပ်မတော်သားတွေရဲ့ ရပိုင်ခွင့်ရှိတာတွေကို ခင်ဗျားတို့ ဘာလုပ်ပေးမှာလဲ … ။ ကျွန်တော်တို့ ၈ လပိုင်း ၄ ရက်နေ့ကတည်းက စပိတ်မိတာ။ အခု ၁၁ လပိုင်း ၈ ရက်နေ့ရှိနေပြီ။ သုံးလကျော် ရှိနေပြီ။ အခုအချိန်အထိ ဘယ်သူမှ ကယ်ထုတ်မဲ့အစီအစဉ်လည်း မရှိဘူး။ ကျွန်တော်တို့ကို ခွဲထုတ်မဲ့သူလည်း မရှိဘူး။ ကျွန်တော်တို့တပ်က လောလောဆယ်ဖြစ်နေတဲ့ပုံစံက တပ်ကကျသွားပြီ။ ကျွန်တော်တို့ဒီဂရုတွေပဲ ကျန်တော့တာ။ ကျွန်တော်တို့ကို အခုအချိန်အထိ ဘာမှမလုပ်ပေးသေးဘူး"

နခခ (၅) သိမ်းပိုက်ခံရပြီး စစ်ကောင်စီတပ်သား အများအပြားဖမ်းဆီးခံရပြီးနောက် ဒီနေ့ တယ်လီဂရမ်လူမှုကွန်ရက်ပေါ်မှာ စစ်ခေါင်းဆောင်ကို ဝေဖန်ပြစ်တင်ရေးသားမှုတွေ အများအပြားတွေ့ရပါတယ်။

စစ်ခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှုအပေါ် မေးခွန်းထုတ်ကြသူတွေရှိသလို လက်ရှိနေရာကနေ ဆင်းပေးဖို့အထိ သတင်းတွေအောက်မှာ မှတ်ချက်ရေးကြတာတွေကိုလည်းတွေ့ရပါတယ်။

အာရက္ခတပ်တော် (AA) က ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ရုပ်သံဗီဒီယိုမှာ နခခ (၅) ထဲမှာ စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးနေတာကိုလည်း တွေ့ရပါတယ်။


ဆက်နွှယ်သောသတင်းများ

ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို AA ထိန်းချုပ်ထားပြီလို့ မောင်တောမြို့ခံတွေ ပြော

အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း တိုက်ပွဲပြင်းထန်

ဂွမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ခုခံနေ


အာရက္ခတပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကတော့ သေဆုံးသွားသူတွေထဲမှာ မကြာသေးခင်က ထွက်ပေါ်လာတဲ့ ဗီဒီယိုရုပ်သံထဲက အကူအညီတောင်းခဲ့တဲ့ စစ်ကောင်စီတပ်သားတွေလည်းပါဝင်နိုင်ပြီး သုံ့ပန်းအဖြစ် အဖမ်းခံရသူတွေထဲမှာလည်း ပါဝင်နိုင်တယ်လို့ ပြောပါတယ်။ ဖမ်းဆီးရမိသူတွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဦးခိုင်သုခက ပြောပါတယ်။

"အလံဖြူထောင် ထွက်လာပြီးတော့ အသာတကြည် လက်နက်ချ အဖမ်းခံတဲ့ စစ်သုံ့ပန်းတွေ အားလုံးကိုတော့ ကျွန်တော်တို့ ဂျနီဗာသဘောတူညီချက်အရ ကျွန်တော်တို့ အာရက္ခတပ်တော်ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်း စည်းကမ်းတွေအရ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်း စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်တဲ့သူတွေ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကိုတော့ သူ ကျူးလွန်တဲ့ ဒီပြစ်မှုပေါ် မူတည်ပြီး‌တော့မှ ပြစ်မှုနဲ့ ပြစ်ဒဏ် မျှတအောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"

တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ RSO၊ ARSA၊ ARA စတဲ့ စစ်ကောင်စီ သင်တန်းပေးထားတဲ့ လက်နက်ကိုင်တပ်သားတွေကို လိုက်လံရှင်းလင်းနေတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ (Photo: Telegram/ AA Info Desk)
ရခိုင်ပြည်နယ်၊ မောင်တောဒေသရှိ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ် သိမ်းပိုက်ပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ (Photo: Telegram/ AA Info Desk)

လက်ရှိအချိန်မှာတော့ မောင်တောဒေသမှာ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေမရှိတော့ဘဲ မောင်တောမြို့နယ်ထဲက အလယ်သံကျော်၊ ကျောက်ပန်းတူ၊ ရသေ့တောင်မြို့နယ် အင်းဒင်နဲ့ ရေချမ်းပြင်အထိ ကမ်းခြေတစ်လျှောက်လုံးကို AA က ထိန်းချုပ်ထားပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်ဦးကတော့ လက်ရှိကြုံနေရတဲ့ အခြေအနေတွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတာကို စောင့်ကြည့်ဖို့လိုတယ်လို့ ပြောပါတယ်။

"ထောက်ခံသူပဲ ဖြစ်ဖြစ်၊ ဒီပတ်ဝန်းကျင်က ပြည်သူလူထုပဲ ဖြစ်ဖြစ်ပေါ့။ ကျန်တဲ့လူတွေရဲ့ အမြင် သဘောထားမပါရင် သီးသန့်စီ စဉ်းစားရင်တော့လည်း သူ့ဟာနဲ့သူတော့ သူ့ရည်ရွယ်ချက် ဦးတည်ချက် ရှိနေကြတာကို။ အဲဒီတော့ ရိုက်ခတ်မှုတော့ အတိုင်းအတာတစ်ခုထိ ရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ အဲဒါတွေက ဘယ်လို ဆက်ဖြေရှင်းမလဲဆိုတာက ဆက်သွားမဲ့ ရှေ့လုပ်ငန်းစဉ်တွေပေါ် မူတည်တယ်။ ထိခိုက်မှုတွေကတော့ နေရာစုံကနေ ဖြစ်ပွားလိမ့်မယ်။ အဲဒါကို ခုနပြောသလိုပဲ လက်ရှိ တာဝန်ယူထားတဲ့ နစက အနေနဲ့ ဒါကို ထိန်းချုပ်မှု ဘယ်လိုလုပ်မလဲ၊ မလုပ်ဘူးလဲ။ အဲဒီအပိုင်းကတော့ ကျွန်တော်တို့ လေ့လာရမဲ့အပိုင်း ဖြစ်သွားပါလိမ့်မယ်"

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ နခခ (၅) ဖြစ်ရပ်ဟာ တပ်ထောက်ခံသူတွေနဲ့ စစ်ကောင်စီတပ်သားတွေအတွက် ဥပမာတစ်ခု ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

"ဒီလို‌ ခေါင်းဆောင်တွေကို ဆက်ပြီး ကာကွယ်နေဦးမှာလား။ ဒီလို ခေါင်းဆောင်မျိုးကို ဖယ်ရှားပြစ်ဖို့ မကြိုးစားတော့ဘူးလားဆိုတာကို စစ်သားတိုင်း စဉ်းစားကြတော့မှာ"

"ထောက်ခံသူတွေ ကိုယ်တိုင်က အခုလို ပြောလာပြီဆိုတော့ မင်းအောင်လှိုင်ရဲ့ နောက်ဆုံးနေ့က နီးလာပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့ဗျာ။ စစ်ကောင်စီ ကာကွယ်ရပ်တည်နေတဲ့ အင်အားစုတွေ၊ စစ်ဗိုလ် စစ်သားတွေ အားလုံးအတွက် စံနမူနာတွေပါပဲ။ အဲဒီတော့ ဒီလို‌ ခေါင်းဆောင်တွေကို ဆက်ပြီး ကာကွယ်နေဦးမှာလား။ ဒီလို ခေါင်းဆောင်မျိုးကို ဖယ်ရှားပြစ်ဖို့ မကြိုးစားတော့ဘူးလားဆိုတာကို စစ်သားတိုင်း စဉ်းစားကြတော့မှာ"

အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် မကြာခင်မှာ ရခိုင်ပြည်နယ်ဟာ လွတ်မြောက်နယ်မြေတစ်ခု ဖြစ်လာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်အနက် အာရက္ခတပ်တော် (AA) က ထိန်းချုပ်တဲ့မြို့နယ် ၁၁ မြို့နယ်အထိ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။