ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို AA ထိန်းချုပ်ထားပြီလို့ မောင်တောမြို့ခံတွေ ပြော

RFA Burmese
2024.12.09
ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို AA ထိန်းချုပ်ထားပြီလို့ မောင်တောမြို့ခံတွေ ပြော ရခိုင်ပြည်နယ်၊ မောင်တောရှိ မကျည်းချောင်း (မကျီးချောင်း) စစ်ကောင်စီနယ်ခြားစောင့်တပ်စခန်းအား အာရက္ခတပ်တော် (AA) မှ တိုက်ခိုက်သိမ်းပိုက်အပြီး ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားသည့်ပုံ။
AA Infodesk Photo

မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာကျန်နေတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ - ၅) ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်လျှောက်လုံး AA ထိန်းချုပ်နိုင်သွားပြီလို့ မောင်တောမြို့ခံတွေက ပြောပါတယ်။

မောင်တောဒေသမှာ စစ်ကောင်စီတပ်ရင်း၊ တပ်ဖွဲ့တွေမရှိတော့ဘဲ မောင်တောမြို့နယ်ထဲက အလယ်သံကျော်၊ ကျောက်ပန်းတူ၊ ရသေ့တောင်မြို့နယ် အင်းဒင်နဲ့ ရေချမ်းပြင်အထိ ကမ်းခြေတစ်လျှောက်လုံးကို AA ထိန်းချုပ်သွားတာလို့ ဆိုပါတယ်။

ဒါပေမဲ့ စိန့်မာတင်ကျွန်းဘက်မှာ ရေတပ်သင်္ဘောရှိနေသေးတာကြောင့် လက်နက်ကြီး အန္တရာယ်ရှိသေးတယ်လို့ မောင်တောမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"စိန့်မာတင်ကျွန်းဘက်မှာတော့ စစ်ကောင်စီရေတပ်သင်္ဘော ရှိနေသေးတယ်။ အဲဒါတော့ အဝေးက အမြောက်နဲ့ လှမ်းပစ်နိုင်တဲ့အတွက် သတိတော့ထားရဦးမယ်”

မောင်တောမြို့မှာရှိတဲ့ နခခ (၅) တပ်ရင်းကလွဲပြီး ကျန်တဲ့နေရာအားလုံးကို ဩဂုတ်လကတည်းက AA က သိမ်းပိုက်ထားပြီး နခခ (၅) ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မနေ့က မောင်တော နခခ (၅) ကို သိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ RSO၊ ARSA၊ ARA အဖွဲ့ဝင်တွေပါ ထွက်ပြေးသွားကြတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် နတ်မြတ်တစ်လျှောက် မောင်တောဘက်အခြမ်းမှာ ရေလမ်းသွားလာမှုကို အကန့်အသတ်မရှိ ပိတ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AA နဲ့ နီးစပ်တဲ့ မောင်တောဒေသခံ တစ်ဦးကတော့ နခခ - (၅) ကနေ ထွက်ပြေးသွားတဲ့ ဗိုလ်မှူးချုပ် သူရိန်ထွန်း အပါအဝင် စစ်ကောင်စီတပ်သားတွေနဲ့ ARSA အဖွဲ့ဝင်အချို့ကို မနေ့ညနေပိုင်းမှာ AA က ဖမ်းမိခဲ့တယ်လို့ RFA ကို ပြောပါတယ်။

“သူ့ကို နတ်မြစ်ဘက်ကိုဆင်းတဲ့လမ်းမှာပဲ မနေ့ကညနေပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ သိရတယ်။ သူနဲ့အတူ သူ့ရဲ့အနီးကပ် ကိုယ်ရေးအရာရှိနဲ့ တခြားစစ်အရာရှိတွေပါတယ်။ ဖမ်းမိတာကတော့ သေချာတယ်။ ပီအေဗိုလ်မှူး၊ ဗိုလ်ကြီးတွေပါတယ်။ ရဲအရာရှိကြီးတွေပါတယ်။ ARSA တွေပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ ဘယ်နှစ်ယောက် ပါတယ်ဆိုတာတော့ မပြောနိုင်သေးပါဘူး”

စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၁၅) ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းဟာ ဘူးသီးတောင်အခြေစိုက် တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ စကခ (၁၅) ကို AA က သိမ်းပိုက်ခဲ့ပြီးကတည်းက မောင်တောမြို့နယ်၊ မြို့သူကြီးရွာမှာရှိတဲ့ နခခ (၅) တပ်ရင်းထဲကို ရောက်နေတာလို့ ဆိုပါတယ်။

ဒီနေ့နေ့လယ်ပိုင်းအထိလည်း အလယ်သံကျော် ကမ်းခြေတစ်လျှောက်က ပင်လယ်ချောင်းပေါက်တွေပါမကျန် AA က ပိတ်ဆို့ထားပြီး ထွက်ပြေးနေသူတွေကို ထပ်မံရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့အဖွဲ့ကို ဖမ်းဆီးရမိတယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီအပေါ်တိတိကျကျသိရဖို့ AA ပြောခွင့်ရသူ ဦးခိုင်သုခနဲ့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က မြို့ပေါင်းဆယ်မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။