ဆင်ပေါင်ဝဲမှာ​​ ကျောင်းအားကစားပွဲ လုပ်နေချိန် ဗုံးကြဲခံရပြီး​၂၀ ကျော် သေဆုံး

ဆင်ပေါင်ဝဲ အင်ရုံရွာ ကျောင်းအားကစားပွဲလုပ်နေချိန် စစ်တပ်ဗုံးကြဲတိုက်ခိုက်လို့ ဆရာ ၆ ဦးအပါအဝင် ၂၀ ကျော်သေဆုံး၊ ၃၀ ကျော်ဒဏ်ရာရ။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ် အင်ရုံရွာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို နိုဝင်ဘာလ ၂၆ ရက် နေ့လယ် ၃ နာရီကျော်မှာ စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေနဲ့ ပညာရေးဝန်ထမ်းတွေ အပါအဝင် လူနှစ်ဆယ်ကျော် သေဆုံးပြီး နောက်ထပ် သုံးဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ဆရာ၊ ဆရာမ ခြောက်ဦး၊ ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းဟာ ကိုက် ၂၀၀ ဝန်းကျင်လောက်ပဲကွာပြီး ကျောင်းအားကစားပြိုင်ပွဲ ကျင်းပနေတဲ့အချိန်မှာ အခုလို တိုက်ခိုက်ခံရတာလို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကျောင်းအားကစားပွဲလေးတစ်ခု ကျင်းပနေချိန် လေယာဉ်နဲ့ တည့်တည့်ချသွားတာ။ လက်နက်ကြီးလည်း အဆက်မပြတ် ပစ်နေတာရယ်ကြောင့် အပြင်ကဝင်ကူဖို့တောင် ခက်နေကြတယ်။ ပြီးတော့ လေကြောင်းကလည်း အချိန်မရွေးပြန်လာနိုင်တော့ အတော်လေးကို ကြောက်နေကြတယ် ပြောကြတယ်။ မြေပြင်မှာ သေဆုံးထိခိုက်တာက ဒီထက်ပိုများနိုင်ပါတယ်။ ဘာလို့လဲဆို အပစ်ခံရပြီးကတည်းက ကောင်းကောင်းဆက်သွယ်လို့မရဘူး။ မြင်မြင်သမျှက သေဆုံးထိခိုက်တာ များတယ်လို့ပဲ ပြောကြတယ်”

စစ်တပ်ခန့်အစိုးရက ဆင်ပေါင်ဝဲမြို့နယ် အင်းရုံရွာအနီးတဝိုက်ဒေသတွေကို ဖုန်းနဲ့အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတာကြောင့် သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ် အချက်အလက်တွေကို RFA အနေနဲ့ သီခြား အတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုး ရ(NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရသူ ဦးနေဘုန်းလတ်ကလည်း သေဆုံးထိခိုက်သူတွေရဲ့ အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်

“စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေကို လေကြောင်းတိုက်ခိုက်ခံရတယ်၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခံရတယ်လို့ သိထားပါတယ်။ ကျဆုံးတဲ့အရေအတွက်ကို မသိရသေးပါဘူး။ များတယ်လို့ပဲ သိထားပါတယ်။ အတိအကျသိရဖို့လည်း စုံစမ်းနေပါတယ်”

ဒီတိုက်ခိုက်မှုအပြီး အင်ရုံရွာဒေသခံ လေးရာကျော်​ နီးစပ်ရာရွာတွေဆီ ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံတွေက ပြောတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်တပ်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် စံညိုဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။

မကွေးတိုင်း ကြားကာလ ဖက်ဒရယ်ယူနစ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်ကတော့ အပြစ်မဲ့ပြည်သူတွေ သတ်ဖြတ်ခံရမှုအတွက် ကြေကွဲရပြီး တရားမျှတမှုရအောင် အစွမ်းကုန် ကြိုးစားမယ်လို့ သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ရေးသားထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောက်တိုဘာလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နိုင်ငံတစ်ဝန်းမှာ အရပ်သား ၆,၄၆၇ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၅၆၂ ကျောင်းနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အအုံ ၈၄၈ ခု ထိခိုက်ပျက်စီးခဲ့ပါတယ်။