အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ မြန်မာနိုင်ငံအပေါ် စီရင်ချက်ဟာ မမျှတဘူးလို့ စစ်တပ်ခန့်အစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးက နိုဝင်ဘာလ ၂၀ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ICJ တရားသူကြီး ၁၅ ဦးအနက် ကိုးဦးက သဘောတူပြီး၊ ခြောက်ဦးက သဘောမတူတဲ့အတွက် ဒါဟာ တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာမဟုတ်ဘဲ မမျှတဘူးလို့ သူက ပြောပါတယ်။
“အကောင်းဆုံး ကျွန်မတို့ဘက်က လိုက်နာစရာရှိတာ၊ ဖြေရှင်းစရာရှိတာတွေကို ကျွန်မတို့ လုပ်ခဲ့ပါတယ်။ ကျွန်မတို့ ကြိုးစားတဲ့အပိုင်းက ပြီးပြီ။ သို့သော်လည်း မနေ့က Result ထွက်လာပါတယ်။ Result ကို ကြည့်တဲ့အချိန်မှာ တရားသူကြီး ၁၅ ယောက်မှာ ၁၅ ယောက်လုံးက သဘောတူတာ မဟုတ်ပါဘူး။ ကိုးယောက်က ဒီဆုံးဖြတ်ချက်ကို သဘောတူတယ်၊ ခြောက်ယောက်က သဘောမတူဘူးဆိုတော့ ဒါသည် အားလုံးတညီတညာတည်း ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်မဟုတ်ဘူး၊ Fair မဖြစ်ဘူးလို့ ကျွန်မက ပြောချင်ပါတယ်”
စစ်တပ်ခန့်အစိုးရအနေနဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာ အကောင်အထည်ဖော်မလားဆိုတဲ့ ကိစ္စကိုတော့ ဒေါ်ခိုင်ခိုင်စိုးက ထည့်သွင်းပြောဆိုတာ မရှိပါဘူး။
စစ်တပ်ခန့်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းကလည်း… စာမျက်နှာ ရှည်လျားလှတဲ့ ICJ ရဲ့ ဆုံးဖြတ်ချက်နဲ့ တရားသူကြီးတွေရဲ့ သဘောထားကွဲလွဲချက်တွေကို လေ့လာပြီးမှ ရှေ့ဆက်ဆောင်ရွက်မဲ့ကိစ္စတွေကို ဆုံးဖြတ်သွားမယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ဒီတရားသူကြီးအားလုံးရဲ့ တူညီဆန္ဒ မဟုတ်ဘူး။ ဒီကွဲပြားတဲ့ မတူညီတဲ့ သဘောထားတွေကို လေ့လာဖို့ ရှိပါတယ်။ စာမျက်နှာတစ်ရာကျော် ရှည်လျားတဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ၂၆၉ မျက်နှာလောက်ရှိတဲ့ တရားသူကြီးတွေရဲ့ စီရင်ချက်တွေကို သေချာလေ့လာပြီးတော့ ရှေ့ဆက်သွားမဲ့ ကိစ္စရပ်တွေမှာ နိုင်ငံရဲ့ ပကတိအခြေအနေ၊ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေး၊ နိုင်ငံတည်တံ့ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ မထိပါးရေး… ဒါတွေကို အခြေခံပြီးတော့ ဘယ်လိုရှေ့ဆက်သွားမလဲ၊ ဘယ်လိုရှေ့ဆက်ဆောင်ရွက်မလဲဆိုတာကို ဆုံးဖြတ်သွားဖို့ရှိပါတယ်”
ICJ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ စစ်တပ်ခန့်အစိုးရဘက်က အခုလို တုံ့ပြန်ပြောဆိုတဲ့အပေါ် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေက လက်မခံပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာအရေးလှုပ်ရှားသူ ကိုအောင်မြိုင်က… ICJ ရဲ့ ဆုံးဖြတ်ချက်ဟာ တရားဝင်ပြီး မျှတမှုရှိတဲ့ လုပ်ထုံးလုပ်နည်းနဲ့ ထွက်ပေါ်လာတာဖြစ်တယ်လို့ ပြောပါတယ်။
“သူတို့မှာ တခြားသော ပြောစရာမရှိလို့ ဒါပဲ ပြောမှာပေါ့ဗျာ။ ICJ ရဲ့ ဥပဒေပြဋ္ဌာန်းချက်တွေအရ တညီတညွတ်တည်းသဘောတူညီဖို့ မလိုအပ်ဘဲ တက်ရောက်လာတဲ့ တရားသူကြီးအများစုရဲ့ မဲဆန္ဒနဲ့ ဆုံးဖြတ်ခြင်းဟာ တရားဝင်မျှတမှုရှိတဲ့ လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။ ကိုးမဲ-ခြောက်မဲ ရလဒ်ဟာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ထွက်ပေါ်လာတဲ့ တရားဝင်ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ စစ်တပ်ခန့်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူရဲ့ ‘မမျှတဘူး’ ဆိုပြီးတော့ ပြောဆိုချက်တွေဟာ ICJ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ထပ်ပြီးတော့ စော်ကားနေတာလို့ ပြောလို့ရပါတယ်”
ICJ ရဲ့ ပဋိညာဉ်စာတမ်း ပုဒ်မ (၅၅) မှာ… “တရားရုံးရဲ့ ဆုံးဖြတ်ချက်အားလုံးကို တက်ရောက်နေတဲ့ တရားသူကြီးအများစုရဲ့ မဲဆန္ဒနဲ့ ဆုံးဖြတ်ရမယ်” လို့ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ (၅၇) မှာလည်း… “တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ တရားသူကြီးအားလုံးရဲ့ တညီတညွတ်တည်း သဘောထားမဟုတ်ရင် သဘောထားကွဲလွဲတဲ့ တရားသူကြီးတွေအနေနဲ့ သီးခြားသဘောထား ရေးသားခွင့်ရှိတယ်” လို့ ဖော်ပြထားပါတယ်။

တရားသူကြီးတွေ မဲခွဲဆုံးဖြတ်တာနဲ့ သဘောထားကွဲလွဲမှုရှိတာဟာ ICJ ရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအရဖြစ်ပြီး ဆုံးဖြတ်ချက်ရဲ့ တရားဝင်မှုကို ပျက်ပြယ်စေတာ မဟုတ်ဘူးလို့ လေ့လာသူတွေက ပြောပါတယ်။
၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာတွေကို သတ်ဖြတ်တာ၊ ပြင်းထန်တဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ဖြစ်စေတာနဲ့ ကလေးမွေးဖွားမှုကို တားဆီးတဲ့ လုပ်ရပ်တွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ရာရောက်ကြောင်း ICJ က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။
မြန်မာနိုင်ငံအနေနဲ့ ကျူးလွန်မှုတွေအတွက် တာဝန်ရှိသူတွေကို စုံစမ်းစစ်ဆေးပြီး လိုအပ်ရင် တရားစွဲဆိုအပြစ်ပေးဖို့၊ အလားတူကျူးလွန်မှုတွေ ထပ်မံမဖြစ်ပွားအောင် အာမခံချက်တွေပေးဖို့နဲ့ နေရပ်စွန့်ခွာခဲ့ရတဲ့ ရိုဟင်ဂျာတွေ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နဲ့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်ဖို့ ICJ က အမိန့်ချမှတ်ထားပါတယ်။ ဒါ့အပြင် ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးဖို့၊ ပျက်စီးဆုံးရှုံးခဲ့တဲ့ ပစ္စည်းဥစ္စာတွေကို ပြန်လည်ပေးအပ်ဖို့နဲ့ နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့လည်း အမိန့်ချမှတ်ထားပါတယ်။
ပြန်လည်ကုစားရေးအတွက် ဆောင်ရွက်ထားတဲ့ အခြေအနေတွေနဲ့ လျော်ကြေးပေးမယ့် ပမာဏ၊ ပေးအပ်မယ့် နည်းလမ်းတွေကို မြန်မာနိုင်ငံဘက်က စီရင်ချက်ချမှတ်တဲ့နေ့ကစပြီး နှစ်နှစ်အတွင်း တရားရုံးကို အစီရင်ခံစာ တင်သွင်းဖို့လည်း ICJ က ဆုံးဖြတ်ထားပါတယ်။
